မန္တလေးမြို့ လမ်းဆုံလမ်းခွများနဲ့ မီးပွိုင့်တချို့မှာ ညနေပိုင်း ပန်းရောင်းကြရတဲ့ ကလေးငယ်များ နဲ့ လက်ဖက်ရည်ဆိုင်မှာ နေ့ဘက် အလုပ်လုပ်ကြရတဲ့ ကလေးများ၊ လူငယ်များကို ညပိုင်း စာသင်ပေးဖို့ ဖွဲ့စည်းထားတဲ့ “ပန်းပျိုးသူများ” စာသင်ဝိုင်းပုံရိပ်များ ဖြစ်ပါတယ်။ “ပန်းပျိုးသူများ” စာသင်ဝိုင်းဟာ နေ့ပိုင်းကျောင်းတက်ပြီး ညပိုင်းမှာ အလုပ်လုပ်ရတဲ့အတွက် စာကျက်ချိန်မရှိကြ တဲ့ ကလေးငယ်များကို ကူညီဖို့ မန္တလေးမြို့ခံ စေတနာရှင်လူငယ်များနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ၆၆ လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြားက ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်ရှေ့မှာ ည ၇ နာရီက ည ၉ နာရီခန့်အထိ ကလေးများကို စာသင်ကြားပေးနေတာ ဖြစ်ပါတယ်။ အခု လက်ရှိ ပန်းသည် ကလေး ၃၀ ကျော်ခန့်နဲ့ ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်မှ အလုပ်သမားလူငယ် ၂၆ ယောက်တို့ သင်ကြားပေးနေပြီး စာပေကိုသာမက ကလေးငယ်များ တကိုယ်ရည် သန့်ရှင်းမှုကိစ္စများကိုလည်း သင်ကြားပေးနေတယ်လို့ သိရပါတယ်။
(The Irrawaddy Weekly Journal, Vol.1, No.27 တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)