ရုရှားလိုလားသူ ယူကရိန်းခွဲထွက်ရေး သမားတွေက မလေးရှားလေယာဉ် MH 17 နဲ့ ပတ်သက်တဲ့သက်သေ အထောက်အထား တွေကို ဖျောက်ဖျက်နေပြီး၊ လေယာဉ်ပျက်ကျတဲ့ နေရာကိုလည်း စုံစမ်းရှာဖွေဖို့ ဝင်ရောက်ခွင့် မပြုဘူးလို့ ယူကရိန်း အစိုးရက စွပ်စွဲလိုက်ကြောင်း The Guardian သတင်းစာကြီးမှာ ရေးသား ထားပါတယ်။
ယူကရိန်းအစိုးရ ကြေညာချက်မှာတော့ အလောင်း ၃၈ လောင်းကို အကြမ်းဖက်သမားတွေက ဒွန်နက်မှာရှိတဲ့ ရင်ခွဲရုံကို သယ်ယူ သွားပြီး၊ ရုရှားပညာရှင်တွေက ခွဲစိတ်စစ်ဆေးမယ်လို့ ယူဆကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်သမားတွေက လေယာဉ်အပျက်အစီး အစိတ်အပိုင်းတွေကို ရုရှားကို သယ်ယူဖို့ ကြိုးစားနေ ကြောင်းလည်း ပါရှိပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ကတော့ လေယာဉ်ပျက်ကျတဲ့နေရာနား ချဉ်းကပ်လာတဲ့ သတင်းထောက်တွေကို ခွဲထွက်ရေး သူပုန်တွေက သေနတ် အချက်ပေါင်းများစွာ လေထဲပစ်ပြီး ခြိမ်းခြောက်ခဲ့သလို၊ လေယာဉ် အစိတ်အပိုင်းနားကို ချဉ်းကပ်လာတဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) စောင့်ကြည့်သူတွေကိုလည်း ခြောက်လှန့် ပစ်ခတ်ခဲ့ပါတယ်။
ယူကရိန်း အမျိုးသား လုံခြုံရေးဌာန အကြီးအကဲ ဗလန်တင် နာလီဗေချန်ကိုက “လေယာဉ်ပျက်ကျတဲ့ နေရာတဝိုက် ကီလိုမီတာ ၂၀ အတွင်းသွားရောက်နိုင်ဖို့ သဘောတူညီမှုရှိထားပြီလို့ ဆိုပါတယ်။
ဒါပေမယ့် OSCE ရဲ့ ပြောခွင့်ရ Michael Bociurkiw ကတော့ ဘယ်သဘောတူညီချက်ကိုမှ သူသတိမထားမိကြောင်း၊ ဒီနေရာတွေ ဟာ လုံခြုံမှု ကင်းမဲ့နေကြေင်း ဆိုပါတယ်။
ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ဦးကို တင်ဆောင်လာတဲ့ MH 17 မလေးရှားလေယာဉ်ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အမြင်ပေ ၃၃၀၀၀ ခန့်မှာ ပျံသန်းနေစဉ်၊ ရုရှား ဒါမှမဟုတ် ရုရှားလိုလားတဲ့ ယူကရိန်းခွဲထွက်ရေး သမား တွေက မြေပြင်မှ ဝေဟင်ပစ် BUK အမျိုးစား ဒုံကျည်နဲ့ ပစ်ခတ်ခံခဲ့ရပြီး၊ သူပုန်တွေ ထိန်းချုပ်ရာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဂရာဘိုဗိုမြို့အနီးမှာ ပျက်ကျခဲ့တာဖြစ် ပါတယ်။
အဲဒီမလေးရှားလေယာဉ်ပေါ်မှာ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့ AIDS ညီလာခံကြီးတခုကိုတက်ရောက် ကြမယ့် ဆေးသုတေသနသမား၊ ကျန်းမာရေးဝန်ထမ်း၊ ကျန်းမာရေးဆိုင်ရာတက်ကြွလှုပ်ရှားသူတွေ ကိုယ်စားလှယ် အယောက် ၁ဝဝ ခန့် ပါဝင်သွားတယ်လို့လည်း သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကတော့ MH 17 မလေးရှားလေယာဉ် ပျက်ကျမှုမှာ ရုရှားနိုင်ငံရဲ့ ပါဝင်ပတ် သက်နေတဲ့ အထောက်အထားတွေ တွေ့နေရပြီး၊ ရုရှားနိုင်ငံအနေနဲ့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး တာဝန်ယူဖို့၊ ယူကရိန်း ခွဲထွက်ရေး သမားတွေကိုလည်း အရေးယူဖို့ အမေရိကန် ရုပ်မြင်သံကြား အစီအစဉ်မှာ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့လကတည်းက ရုရှားနိုင်ငံက တင့်ကားတွေ၊ သံချပ်ကာကားတွေနဲ့ ရုရှားလုပ် SA 11 ဒုံးကျည်တွေကို ယူကရိန်းသူပုန်တပ်တွေကို ထောက်ပံ့ပေးရာမှာ ပါဝင်ပတ်သက်တဲ့အတွက် ရုရှားနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ပြုလုပ်ဖို့လည်း ဆောင်ရွက်နေပါတယ်။
စစ် ဖက်ရေးရာ ကျွမ်းကျင်သူတွေကလည်း ရုရှားနိုင်ငံဟာ လေကြောင်းရန် ကာကွယ်ရေး ဒုံးလက်နက်တွေကို ယူကရိန်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို ထောက်ပံံ့ခဲ့ပြီး၊ ဒီလက်နက်တွေနဲ့ လူပေါင်း ၂၉၅ ဦး တင်ဆောင်လာတဲ့ မလေးရှား လေယာဉ် MH 17 ကိုပစ်ချခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။