သတင်း

ရုရှားနှင့် စစ်အေးတိုက်ပွဲ ပြန်ဖြစ်ပြီဟု အမေရိကန် ဆီးနိတ်ကော်မတီ ဥက္ကဋ္ဌ ပြောဆို

This article has been converted from Zawgyi One to Unicode

ယူကရိန်းမှာ မလေးရှားခရီးသည်တင် လေယာဉ် MH 17 ကို ပစ်ချခံရပြီးနောက်ပိုင်း အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ရုရှားအကြားမှာ စစ်အေးတိုက်ပွဲကာလ အနေအထားကို ပြန်ရောက်နေပြီလို့  အမေရိကန် ဆီးနိတ် ထောက်လှမ်းရေး ကော်မတီ ဥက္ကဋ္ဌ မစ္စ ဒိုင်ယန်းဖိန်းစတိန်းက ပြောဆိုလိုက်ပါတယ်။

CNN နဲ့ တွေ့ဆုံခန်းမှာ ရုရှားသမ္မတ “ပူတင် ဘယ်ရောက်လဲ။ သူရဲဘောကြောင် မနေပါနဲ့။ ယောကျာၤးပီပီ ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်ပါ” လို့ ခပ်မာမာ စကားလုံး သုံးပြီး ဒိုင်ယန်းဖိန်းစတိန်းက ဆိုတယ်။

MH 17 ကို ပစ်ချခဲ့တာဟာ ရုရှားလိုလားတဲ့ ယူကရိန်းက ခွဲထွက်ရေးသူပုန်တွေက ပစ်ချခဲ့တာလို့ အမေရိကန် အပါအဝင် အနောက်အုပ်စုက ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

ဒီလို ခရီးသည်တင် လေယာဉ်ပျံကို ရက်ရက်စက်စက် ပစ်ချခဲ့တာနဲ့ ပါတ်သက်ပြီး အပြည်ပြည်ဆိုင်ရာက ပြစ်တင်ရှုတ်ချခဲ့သလို ဒီလက်နက်ကို သူပုန်တွေကို လက်နက်တပ်ဆင်ပေးနေတဲ့ ပူတင်ရဲ့ ရုရှားအစိုးရကိုလည်း ဝေဖန်ခဲ့ပါတယ်။ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်လက်နက်တွေကို တကယ်ပဲ ရုရှားနယ်ထဲက သယ်ယူပြီး ပစ်ချခဲ့တာလား ဒါမှမဟုတ် သူပုန်တွေရဲ့လက်ထဲမှာ အရင်ကတည်းက ရောက်နေပြီသား ဆိုတာကို ထောက်လှမ်းအဖြေရှာနေဆဲ ဖြစ်ပါတယ်။

MH 17 လေယာဉ် ပစ်ချခံရမှုဟာ ရုရှားနဲ့အနောက်အုပ်စုရဲ့ တင်းမာနေတဲ့ ဆက်ဆံရေးကို ပိုမိုဆိုးဝါးသွားစေခဲ့ပြီး စစ်အေးတိုက်ပွဲကို ပြန်သွားခဲ့ပြီလို့ ဆီးနိတ်ကော်မတီဥက္ကဋ္ဌရဲ့  ပြောဆိုမှတ်ချက်ပေးတာကို ကွန်ဂရက် ပြည်တွင်းလုံခြုံရေးကော်မတီ ဥက္ကဋ္ဌ မိုက်ကယ်မက်ကောကလည်း သဘောတူပါတယ်။

ယူကရိန်းတောင်ပိုင်း ခရိုင်းမီးယားဒေသကို ရုရှလိုလားသူတွေက ခွဲထွက်ဖို့ ရုရှက အားပေးအားမြှောက်လုပ်ခဲ့လို့ အမေရိကန်က ရုရှကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ပေမယ့် ရုရှက ဂရုမစိုက်ဘဲ ယူကရိန်းအရှေ့ပိုင်းမှာလည်း ခွဲထွက်ရေးသူပုန်တွေကို လက်နက်ထောက်ပံ့မှုတွေ ဆက်လုပ်နေခဲ့ပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတွေအရ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို လုံခြုံရေး အာမခံပေးဖို့ ရုရှသမ္မတ ပူတင်က တိုက်တွန်းကြောင်း ဒီနေ့မနက် ကရင်မလင်က ထုတ်ပြန်ကြောင်း သိရပါတယ်။ လေယာဉ်ပျက်ကျရာ နေရာဟာ ရုရှားလိုလားတဲ့ သူပုန်တွေ ထိန်းချုပ်ထားပါတယ်။ သေဆုံးသူ ၂၉၈ ဦးရဲ့ အလောင်းတွေကို သက်ဆိုင်သူမိသားစုတွေဆီ ပြန်လွှဲပေးဖို့နဲ့ အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို လုံခြုံရေး အာမခံဖို့ အနောက်နိုင်ငံအစိုးရတွေက တောင်းဆိုနေပါတယ်။

 

Loading