မလေးရှားလေကြောင်းလိုင်းမှ ဂျက်လေယာဉ် MH 17 ကို ရုရှားလိုလားသူ လက်နက်ကိုင်သူပုန်များက ပစ်ချခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ရုရှားနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ရန်နှင့် ရုရှားထုတ် ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် မလေးရှားပြည်သူ အမြောက်အမြားက ၎င်းတို့၏ အစိုးရနှင့် ကမ္ဘာ့ခေါင်းဆောင်များကို တောင်းဆိုနေကြသည်။
ပြီးခဲသည့် ဇူလိုင်လ ၁၇ ရက်နေ့က ရုရှားနယ်စပ်အနီး ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် MH 17 လေယာဉ် ပျက်ကျခဲ့ပြီးနောက် ယူကရိန်းနိုင်ငံနှင့် လက်နက်ကိုင် သူပုန်များကြား အပြန်အလှန် အပြစ်တင်နေကြချိန်တွင် လေယာဉ်ပျက်ကျသည့် နေရာသို့ သွားရောက်နိုင်ရေးတွင်လည်း အာဏာပိုင်များက လုံလောက်စွာ ကူညီပေးနိုင်ခြင်း မရှိ ခဲ့သည့် အတွက် ရုရှား အစိုးရကိုလည်း ဝေဖန်မှုများ ရှိနေသည်။
လေယာဉ်ပေါ်တွင် လိုက်ပါသွားကြသည့် မွတ်စလင်ဘာသာဝင်များ၏ ရုပ်အလောင်းကို ကျန်ရစ်သူ မိသားစုများက မွတ်စလင် ဓလေ့ထုံးစံနှင့် အညီ အလျှင်အမြန် မြေမြှုပ်နိုင်ခြင်း မရှိသည့်အတွက် မလေးရှားနိုင်ငံသား အများစုက ရုရှား အာဏာပိုင်များကို ဒေါသထွက်နေကြသည်။ လေယာဉ်နှင့် အတူလိုက်ပါသွား ၂၉၈ ဦးထဲတွင် မွတ်စလင် မလေးရှား နိုင်ငံသား ၄၃ ဦးပါဝင်ပြီး ကမ္ဘာပေါ်တွင် မွတ်စလင်လူဦးရေ အများဆုံးနိုင်ငံဖြစ်သော အင်ဒို နီးရှား နိုင်ငံသား ၁၂ ဦးလည်း ပါဝင်နေသည်။
လေယာဉ်သည် ခွဲထွက်ရေးသမား လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ပျက်ကျခဲ့ခြင်း ဖြစ်ပြီး ခွဲထွက်ရေးသမားတို့က လေယာဉ်ကို ပစ်ချခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ နိုင်ငံ အများအပြားက စွပ်စွဲ ပြစ်တင်ခဲ့ကြသည်။ ထို့ပြင် အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများက ခရီးသည်များ၏ ရုပ်အလောင်းများကို ပြန်လည်ရယူခြင်းကိုလည်း တားမြစ်ခဲ့ခြင်းအတွက်လည်း အများက ဒေါသထွက်စရာ ဖြစ်နေခဲ့ရသည်။
ထိုအဖြစ်ကြောင့် မလေးရှားနိုင်ငံသားများကို ဒေါသ ပိုထွက်စေခဲ့ပြီး အများစုက ရုရှားသမ္မတ ပူတင်ကို အပြစ် တင်ခဲ့ကြသည်။ လေယာဉ်ပျက်ကျပြီး နောက်တနေ့ အထိ မည်သူ့ကိုမျှလက်ညိုး မထိုးမိအောင် သတိထားခဲ့ကြသည့် မလေးရှား နိုင်ငံရေးသမားများပင် သည်းခံနိုင်မှုများ လျော့ပါးသွားပုံရသည်။
“MH 17 ခရီးသည်တွေနဲ့ ပတ်သက်လို့ ရုရှားကိုထောက်ခံတဲ့ အကြမ်းဖက်သမားတွေက ဂုဏ်သိက္ခာရှိစွာ လုပ်ဆောင်ခဲ့ ခြင်း မရှိပါဘူး။ ပူတင်က အကူအညီပေးမယ်လို့ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကို ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် သူ မလုပ် ခဲ့ပါဘူး” ဟု မလေးရှားနိုင်ငံ လူငယ်နှင့် အားကစားဝန်ကြီး Khairy Jamaluddin က ၎င်း၏ Tweeter စာမျက်နှာတွင် ဝန် ကြီးချုပ်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
ဇူလိုင်လ ၂၀ ရက်နေ့က ကွာလာလမ်ပူရှိ ရှော့ပင်းစန်တာကြီးများသို့ ရောက်လာကြသည့် ပြည်သူများ၏ စိတ်ကို ဈေး ဆိုင်ကြီးများရှိ ရုပ်မြင်သံကြားမှန်ပြင်များတွင် ပြသနေသော လေယာဉ်ပျက်ကြသည့်နေရာမှ ကြောက်လန့်ဖွယ်ရာ ပုံရိပ် များက ထိခိုက်နာကျင်စသည်။ ရုရှားကို တင်းကျပ်စွာ စီးပွားရေး ပိတ်ဆို့ အရေးယူရန်နှင့် နိုင်ငံတကာက ရုရှား ကုန်ပစ္စည်း များ ဝန်ဆောင်မှုများကို သပိတ်မှောက်ရန် အများစုက တောင်းဆိုနေကြသည်။
“ကျနော်တို့ အစိုးရနဲ့ တကမ္ဘာလုံးက ဒီကိစ္စနဲ့ ပတ်သက်လို့ တခုခု လုပ်ရပါမယ်။ ဒီလို မဟုတ်ရင် ကျနော်တို့ နိုင်ငံအတွက် ဘာတွေဖြစ်လာမှာလဲ။ မလေးရှားလေကြောင်းလိုင်း ဘာဖြစ်သွားမလဲ။ တကယ်လို့ သူတို့က ကျနော်တို့ မကူညီဘဲ ဆက် ပြီးနေမယ်ဆိုရင် ကျနော်တို့က ရုရှားကို ဒေါသဖြစ်တယ် ဆိုတာကို ပြသဖို့အတွက် မလေးရှားနိုင်ငံသား အားလုံးက ရုရှား ထုတ်ကုန်တွေကို သပိတ်မှောက်တာက အကောင်းဆုံးနည်းလို့ ကျနော်ထင်ပါတယ်” ဟု အသက် ၂၇ နှစ်အရွယ် ပညာရေး ဝန်ထမ်းတယောက်ဖြစ် သည့် Nur Zehan Abu Bakar ကပြောသည်။
ရှော့ပင်းစန်တာ တခု၏ ရှေ့တွင် မိသားစုနှင့် အတူ အချိန်ဖြုန်းနေသော Charles Foo ကလည်း Nur Zehan Abu Bakar နှင့် အယူအဆချင်း တူညီသည်။ “သူတို့ (ရုရှား)က နိုင်ငံကြီးပါ။ ကျနော်တို့က အလွန်သေးငယ်တဲ့ နိုင်ငံတခုပါ။ ကမ္ဘာမှာ ရှိတဲ့ နိုင်ငံအားလုံးက ရုရှားကုန်ပစ္စည်းတွေနဲ့ တခြားဟာတွေကို ဝယ်ယူတာ ရပ်တန့် မပေးဘဲနဲ့တော့ ကျနော်တို့ ဘယ် လောက် အထိလုပ်နိုင်မှာလဲ” ဟုဆိုသည်။
မလေးရှားနိုင်ငံသည် ရုရှားနိုင်ငံ“ အရှေ့တောင်အာရှမှ အဓိက ကုန်သွယ်ဖက်နိုင်ငံများထဲမှ တခုဖြစ်သည်။ မလေးရှား စစ် တပ်သို့လည်း အဓိက ထောက်ပံံ့ပေးနေသူလည်း ဖြစ်သည်။ ပြီးခဲ့သည့် ၁၀ နှစ် အတွင်းတွင် မလေးရှားလေတပ် အတွက် Sukhoi ဂျက်တိုင်လေယာဉ် ၁၈ စင်း ပေးပို့ခဲ့သည်။
မလေးရှားနိုင်ငံ Monash တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံ ပါမောက္ခ James Chinက လေယာဉ်ပျက်ကျမှုကြောင့် ရုရှား-မလေး ရှား ဆက်ဆံရေး ဆိုးရွားစွာ ထိခိုက်ဖွယ်မရှိဟု သူ ယုံကြည်ကြောင်းပြောသည်။ သို့သော်လည်း တရာဝင် စုံစမ်းစစ်ဆေးခြင်း ၏ ရလဒ်များ အပေါ်တွင် များစွာမူတည်နေသည်ဟုလည်း သူကထပ်ပြောသည်။
“တကယ်တော့ မလေးရှား အစိုးရဖက်က လုပ်နိုင်တာ အများကြီး မရှိပါဘူး။ မလေးရှား အစိုးရယူထားရတဲ့ နေရာက ရုရှား တွေကို ရန်မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ (ရုရှား)က စုံစမ်းစစ်ဆေးရေးအတွက် အဓိကသော့ချက်ကို ထိန်းချုပ် ထားတယ်” ဟု James Chinက ဆိုသည်။
မလေးရှား နိုင်ငံသား အချို့ကမူ ဆင်ခြင်တုံတရားကို ဆက်လက်ကိုင်စွဲထားရန်နှင့် စုံစမ်းစစ်ဆေးမှု ပြီးစီးသည့် အချိန်ကို စောင့်ဆိုင်းရန် အရေးကြီးကြောင်းပြောသည်။
ကွာလာလမ်ပူမြို့ စည်ကားသည့် ဈေးဆိုင်များရှိရာ နေရာတွင်တွေ့ခဲ့ရသည့် သူ့ကိုယ်သူ မိသားစု အမည် Wong ဟုသာ ဖော်ပြခဲ့သော အသက် ၃၆ နှစ် အရွယ် အကသမားတဦးက “လောလောဆယ် အတွက်တော့ ကျနော့်ကိုယ်ကျနော် တည်ငြိမ်မှုရအောင် လုပ်မယ်။ အနိဌာရုံ အသံတွေကို နားမထောင် တော့ဘူး။ ကျနော့်အတွက်တော့ ဒီအချိန်မှာ စိတ်ထိ ခိုက်လှုပ်ရှား စရာအကြောင်း မရှိပါဘူး။ လူတိုင်းကိုလည်း တည်တည် ငြိမ်ငြိမ်ရှိဖို့ ကျနော်အားပေးတယ်။” ဟုဆိုသည်။
မလေးရှားနိုင်ငံမှ ပညာရှင်အဖွဲ့အစည်းတခုဖြစ်သည့် Institute for Democracy and Economic Affairs ၏ လုပ်ငန်း အရာရှိချုပ် Tricia Yeoh က မလေးရှားနိုင်ငံသားများ စိတ်ပျက်ဒေါသ ဖြစ်ရသည်ကို သူနားလည်ပေးနိုင်သော်လည်း မလေးရှား ပြည် သူများ အနေဖြင့် ယခုဖြစ်ရပ် အတွက် မည်သူ့တွင် တာဝန်ရှိသည်ကို စုံစမ်းဖော်ထုတ်ပြီး အဖြေတခုခု ထွက်လာသည် အထိ စောင့်ဆိုင်းပေးရန် လိုအပ်ကြောင်း ပြောသည်။
“ပထဝီနိုင်ငံရေး အခြေအနေနဲ့ အချက်အလက်အားလုံးကို ထုတ်ပြန်ပေးခဲ့ခြင်း မရှိတဲ့ သဘောသဘာဝကို ပြည်သူတွေ သတိထားဖို့ လိုပါတယ်။ သိရမယ့် ဟာတွေ ကျမတို့ မသိသေးတာ သေချာပါတယ်။ ဒါကြောင့် ကျမတို့ စောင့်ရပါမယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲ ဖြစ်ဖြစ် စုံစမ်းစစ်ဆေးရေးတွေ စနစ်တကျပြီးမြောက်ဖို့ အစိုးရအားလုံးက ပူးပေါင်းဆောင်ရွက် သင့်ပါတယ်။ ရုရှား အပါအဝင်ပေါ့” ဟု Tricia Yeoh က ကဆိုသည်။