ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ စုံစမ်းစစ်ဆေးရေး အဖွဲ့က သီလဝါ စီမံကိန်း လက်ရှိ လုပ်ဆောင်နေမှုများတွင် စနစ်ကျ မျှတမှု ရှိ၊ မရှိ အခြေအနေများနှင့် ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ရန်အတွက် စုံစမ်းစစ်ဆေးမှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
သီလဝါစီမံကိန်း အကောင်အထည် ဖော်ဆောင်ရာတွင် ၎င်းတို့ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်ခဲ့မှု မရှိကြောင်း သီလဝါ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ဂျပန်နိုင်ငံသို့ သွားရောက်ကာ တိုကျို JICA ရုံးချုပ်သို့ ကန့်ကွက်စာ ပေးပို့ပြီး နောက်ပိုင်း ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေး အဖွဲ့က လာရောက်စစ်ဆေးခြင်း ဖြစ်သည်။
သီလဝါ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည့် Mekong Watch အဖွဲ့မှ Jossue Jatae က “စုံးစမ်းစစ်ဆေးရေး အဖွဲ့က အဓိက အချက်သုံးချက်ကို ဖော်ပြနိုင်ဖို့ စစ်သွားမယ် သိရပါတယ်။ JICA အနေနဲ့ သူတို့ သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်ခြင်း ရှိမရှိ၊ နောက်ပြီး အစိုးရနဲ့ ဒေသခံတွေအကြား အခြေအနေရယ် ဒီဒသမှာ ဖြစ်နေတဲ့ ပြသနာတွေကို ဘယ်လို ရှင်းလို့ ရမလဲဆိုတာကို တင်ပြမှုတွေ ပါဝင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
JICA ဥက္ကဌထံ တင်သွင်းမည့် အဆိုပါ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ ပထမပိုင်းကို လာမည့် စက်တင်ဘာ လလယ်တွင် ထွက်ရှိမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဇူလိုင် ၄ ရက်နေ့မှ စတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင် ၁၈ ရက်နှင့် ၁၉ ရက်များတွင် ဒေသခံများနှင့် တွေ့ဆုံမှုများ လုပ်ဆောင်ခဲ့သည်။
သီလဝါ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဦးဆောင်ကော်မတီက စီမံကိန်းနှင့် ပတ်သက်သော ထိခိုက်နစ်နာမှုများ အတွက် ညှိနှိုင်းမှုများ လုပ်ဆောင်ရန် သက်ဆိုင်သူ တာဝန်ရှိသူများသို့ အကြောင်းကြားခဲ့သော်လည်း အကြောင်းပြန်မှု မရခဲ့ကြောင်း၊ ယခု ဂျပန်နိုင်ငံသို့ သွားရောက်၍ JICA ထံ ကန့်ကွက်စာ ပို့ပြီးချိန်တွင် တွေ့ဆုံမှုများ ရှိလာသည်ဟု သိရသည်။
“ကျနော်တို့ ကန့်ကွက် တိုင်ကြားစာပို့ပြီး ဂျပန်က ပြန်လာတဲ့ အချိန်ကျမှ တာဝန်ရှိသူတွေက တွေ့ဆုံညှိနှိုင်းမှု လုပ်လာပါတယ်။ ကျနော်တို့ တောင်းဆိုမှုမှာ အဓိက ကတော့ မြေလျော်ကြေးပါ။ ကျန်တာတော့ နောက်ဖေး မိလ္လာ ရေမြောင်းတွေ လုပ်ပေးဖို့၊ အဝီစိတွင်းတွေ တူးပေးဖို့၊ လမ်းတွေ ပြန်ချဲ့ပေးဖို့ပေါ့။ နောက် ဓာတ်တိုင်တွေက မြေဖို့ပြီး ဒီအတိုင်း စိုက်ထားတာ၊ အခု မိုးရေမြုပ်နေချိန်မှာ ဒီဓါတ်တိုင်တွေလဲရင် အန္တရာယ် ရှိပါတယ်။ ဒါတွေကို ပြန်လုပ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ဦးဆောင် ကော်မတီဝင် တဦးဖြစ်သည့် ဦးကျော်ကျော်က ပြောသည်။
ဇူလိုင် ၈ရက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ၊ JICA နှင့် သီလဝါ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တို့ ညှိနှိုင်းဆွေးနွေး ခဲ့ကြပြီး မြေလျော်ကြေးနှင့် ပတ်သက်၍ ညှိနှိုင်းမှု အဆင်မပြေသေးကြောင်း သိရသည်။
သီလဝါစီမံကိန်း ပထမအဆင့် မြေဟတ်တာ ၄၀၀ အကောင်အထည် ဖော်စဉ်က စီမံကိန်း ဧရိယာတွင် ပါဝင်သည့် ဒေသခံများကို ရွှေ့ပြောင်းစေရာတွင် မြေလျော်ကြေး မပေးခဲ့ဘဲ သီးနှံလျော်ကြေး အဖြစ် လယ် ၂ ဧကလျှင် ကျပ် ၁၅ သိန်းပေးကာ ရွှေ့ပြောင်းစေခဲ့ပြီး အဆောက်အအုံ ပြန်လည်ဆောက်လုပ်ရန် အတွက် ကျပ် ၂၅ သိန်းစီ ပေးကာ ရွှေ့ပြောင်းစေခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင် ကျန်ရှိနေသည့် မြေဟတ်တာ ၂၀၀၀ ကို အကောင်အထည်ဖော်ရန် အတွက် မြေတိုင်းမှုများ၊ စစ်တမ်းကောက်ယူမှုများ လုပ်ဆောင်နေပြီ ဖြစ်သည်။
ယင်းဟက်တာ ၂၀၀၀ ဧရိယာတွင် နေထိုင်သည့် ဒေသခံတဦးက “ဟက်တာ ၂၀၀၀ မှာလည်း သီးနှံလျော်ကြေးပဲ ပေးမယ်ဆို ဖယ်ပေးမှာ မဟုတ်ဘူး၊ အခုလက်ရှိကို နစ်နာမှုတွေ ရှိနေပါတယ်၊ အရင် ဆည်ရေနဲ့ စိုက်ပျိုးနေရတဲ့ လယ်ဧက ၆၀၀ လောက်ဟာ အခုစီမံကိန်းနဲ့ ဆက်စပ်ပြီး ဆည်ရေပိတ်လိုက်တာမို့ နွေစပါး စိုက်လို့ လုံး၀ မရတေ့ာပါဘူး” ဟု ပြောသည်။
လက်ရှိ ရောက်ရှိနေသော စုံစမ်းစစ်ဆေးရေး အဖွဲ့က အစီရင်ခံစာ လုပ်ဆောင်ရာတွင် ကနဦး အကောင်အထည် ဖော်သည့် ဟက်တာ ၄၀၀ ကြောင့် ရွှေ့ပြောင်း နေထိုင်နေရသော ဒေသခံတို့၏ အခြေအနေအား အဓိကထား စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဖက်စပ်အဖြစ် မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်းတို့ ထည့်ဝင် လုပ်ကိုင်ခြင်း ဖြစ်ပြီး မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းကို အများပိုင် ကုမ္မဏီ ၉ ခု စုပေါင်း ဖွဲ့စည်းထားသော Myanmar Thilawa SEZ Holdings Public Limited မှ ၄၁ ရာခိုင်နှုန်းနှင့် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီက ၁၀ ရာခိုင်နှုန်း ထည့်ဝင်မည် ဖြစ်ကြောင်း သိရသည်။
ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်းကို ဆူမီတိုမို ကုမ္ပဏီ၊ မစ်ဆူဘီရှီ ကုမ္ပဏီနှင့် မာရူဘီနီ ကုမ္ပဏီတို့ ပူးပေါင်း ဖွဲ့စည်းထားသော MMS Thilawa Development Co.lt မှ ၃၉ ရာခိုင်နှုန်းနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ၁၀ ရာခိုင်နှုန်း ထည့်ဝင် လုပ်ကိုင်ခြင်း ဖြစ်သည်။