မြောက်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်၍ ၎င်းတို့၏ အခြေအနေများကို လေ့လာရန် မြန်မာစာနယ်ဇင်းသမားများ အား အလွတ်သဘော ဖိတ်ခေါ်ထား စာနယ်ဇင်းသမားများက ပြောကြသည်။
ဇူလိုင်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရုံးခန်းသို့ ရန်ကုန်မြို့ရှိ မြောက်ကိုရီးယား သံရုံးမှ တာဝန်ရှိ သူများ လာရောက်လည်ပတ်ရင်း ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“တကယ်လို့ ကျနော်တို့က သူတို့ဆီက သတင်းစာအဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံဖို့ စိတ်ဝင်စားတယ်ဆိုရင် စာနယ်ဇင်း ကောင်စီ အဖွဲ့ဝင်တွေကို သူတို့ နိုင်ငံကို လာရောက်စေချင်တယ်” ဟု စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တဦး ဖြစ်သော ဦး မြင့်ကျော်က ဧရာဝတီသို့ ပြောသည်။
“သူတို့လာတာက ကျနော်တို့ အကြောင်းကို ပိုပြီးလေ့လာနိုင်ဖို့ မိတ်ဆက်တဲ့သဘောပါပဲ။ သူတို့ဆီကို လာဖို့ တရားဝင် ဖိတ်ခေါ် မှုတော့ မလုပ်သေးပါဘူး” ဟု သူက ထပ်ပြောသည်။
အခြား စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တဦး ဖြစ်သော ဒေါက်တာ မျိုးသန့်တင်က မြောက်ကိုရီးယား အရာရှိများက ၎င်းတို့ နိုင်ငံ၏ လက်ရှိအခြေအနေ နှင့် ပတ်သက်၍ မြန်မာမီဒီယာများကို ပိုမိုသိစေချင်သည့် ဆန္ဒရှိနေသည်ဟု ဆိုသည်။
“သူတို့က မြန်မာ မီဒီယာတွေကို သူတို့အကြောင်း မြန်မာပရိသတ်တွေ သိသင့်တဲ့ အကြောင်းအရာတွေကို ရေးသား ထုတ်ဝေ စေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တိုင်းပြည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အားလုံးနီးပါးက တဆင့်ခံ ရင်းမြစ်တွေ ဆီက ဖြစ်နေတယ်။ သူတို့က သူတို့ကို တိုက်ရိုတ်မေးစေချင်တယ်။ ဒါကြောင့် ကျနော်တို့ကို သူတို့လာတွေ့တာ” ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် အစိုးရက စာနယ်ဇင်းသမားများကို ဖိနှိပ် ကန့်သတ်မှုများ တိုးမြှင့်လာသည့် အချိန်တွင် အဆိုပါ ဖိတ်ခေါ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဇူလိုင်လ ဒုတိယပတ်အတွင်းက ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်မှ သတင်းထောက်များ ကို ကာကွယ်ရေး စက်ရုံတခုနှင့် ပတ်သက်ပြီး ရေးသားဖော်ပြခဲ့သည့်အတွက် အစိုးရက အလုပ်ကြမ်း နှင့် ထောင် ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။ ဒါဇင်နှင့် ချီသော အခြားစာနယ်ဇင်းသမားများမှာလည်း ဆန္ဒပြမှုတခုကြောင့် တရားစွဲဆိုခြင်းနှင့် ရင်ဆိုင် နေကြရသည်။
သို့သော်လည်း မြောက်ကိုရီးယား နိုင်ငံမှ ဖိနှိပ်ချုပ်ချယ်သည့် အာဏာရှင် အစိုးရလက်အောက်မှ စာနယ်ဇင်းသမားများ၏ အခြေအနေက ပို၍ ဆိုးနေသည်။ Kim Jong-un ၏ အစိုးရက တိုင်းပြည်အတွင်းမှ သတင်း အချက်အလက် အဝင်-အထွက် အားလုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ၂၀၁၄ ခုနှစ် အတွက် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် ညွှန်းကိန်း တွင် မြောက်ကိုရီးယား နိုင်ငံက ဒုတိယနောက်ဆုံးနေရာတွင် ရှိနေခဲ့သည်။ အဆိုပါ ညွှန်းကိန်းများကို ပြင်သစ် အခြေစိုက် မီဒီယာ စောင့်ကြည့်ရေး အဖွဲ့အစည်းတခု ဖြစ်သည့် နယ်စည်းမထား သတင်းထောက်များ အဖွဲ့က နိုင်ငံပေါင်း ၁၈၀ နိုင်ငံ မှ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေများကို နှိုင်းယှဉ်လေ့လာပြီး ပြုစုထုတ်ပြန်ပေးခြင်း ဖြစ်ပြီး မြန်မာနိုင်ငံက အဆင့် ၁၄၅ တွင်ရှိနေသည်။
ဇူလိုင်လ ၁၆ ရက်နေ့က မြောက်ကိုရီးယား သံရုံးတာဝန်ရှိသူများ စာနယ်ဇင်းကောင်စီသို့ လာရောက်လည်ပတ်မှုသည် ၁ နာရီမျှ ကြာမြင့်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Kim Sok Chol နှင့် သံရုံး တတိယ အတွင်း ဝန်တို့က စာနယ်ဇင်းကောင်စီ၏ တာဝန်ဝတ္တရားများကို မေးမြန်းခဲ့ကြပြီး မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးကိုလည်း ရှင်းပြခဲ့ကြောင်းသိရသည်။
ယခုကဲ့သို့လာရောက်ခြင်းသည် ၂၀၀၇ ခုနှစ်တွင် ၂ နိုင်ငံ သံတမန်ဆက်ဆံရေး တရားဝင်ပြန်လည်ပြုလုပ်ပြီး နောက်ပိုင်း တွင် သံရုံး အကြီးအကဲက မြန်မာ စာနယ်ဇင်းသမားများကို ပထမဆုံးလာရောက်တွေ့ဆုံခြင်းလည်း ဖြစ်ပါသည်။ ၁၉၈၃ ခု နှစ်က ရန်ကုန်မြို့တွင် မြောက်ကိုရီးယား လျှို့ဝှက်ထောက်လှမ်းရေး သမားများ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် တောင်ကိုရီး ယား အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အပါအဝင် လူ၂၁ ဦးသေဆုံးခဲ့ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံက မြောက်ကိုရီးယား နိုင်ငံ နှင့် ဆက်ဆံရေး ရပ်ဆိုင်းပစ်ခဲ့သည်။
ဖိတ်ကြားမှုနှင့် ပတ်သက်ပြီး မှတ်ချက်တောင်းခံရန် ရန်ကုန်မြို့ရှိ မြောက်ကိုရီးယား သံရုံးသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။