ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာတွင် မြန်မာအစိုးရတပ်နှင့် ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ဇူလိုင် ၁၉ ရက်က တိုက်ပွဲများ ထပ်မံ ဖြစ်ပွားပြီး ဒေသခံ ၂ ဦး သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
TNLA အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော်က “နေအိမ် ၁၀ လုံးလောက်တော့ ပျက်စီးသွားတယ်။ ဒဏ်ရာရတဲ့ ပြည်သူတွေကိုလည်း ကျနော်တို့ အနေနဲ့ တတ်နိုင်သလောက် ကူညီသွားမှာပါ။ ကျနော်တို့ အနေနဲ့ကတော့ ရွာတွေထဲမှာ ရွာနဲ့နီးတဲ့ နေရာမှာ တိုက်ပွဲမဖြစ်ဖို့ အမြဲရှောင်ပါတယ်။ ရွာကိုထိတဲ့ လက်နက်ကြီးတွေကလည်း အစိုးရတပ်က သုံးတဲ့ ပစ္စည်းတွေပါ” ဟု ဧရာဝတီကို ပြောသည်။
မန်ပူးကျေးရွာ အတွင်း လက်နက်ကြီး ၅ လုံးခန့် ကျကာ ကျေးရွာအတွင်းရှိ နေအိမ်များပျက်စီးပြီး ဒေသခံ ပြည်သူများ အားလုံး ထွက်ပြေးတိမ်းရှောင် နေကြသည်ဟု အဆိုပါကျေးရွာ ဒေသခံ တဦးက ပြောသည်။
တတိုင်းပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သွားနေစဉ်တွင် အစိုးရ အနေဖြင့် လက်ရှိအပြုအမူမျိုး မလုပ်သင့်ကြောင်း၊ မြန်မာအစိုးရ အနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းကို တိုင်းရင်းသား လက်နက်ကိုင်များ လက်ခံစေရန် စစ်ရေးအရ ဖိအားပေးခြင်း မပြုလုပ်သင့်ကြောင်းနှင့် အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးကို မလိုလားသေးဟု တာဘုန်းကျော်က ဆက်ပြောသည်။
“တိုက်ပွဲ အခြေအနေကတော့ ပိုဖြစ်ဖို့ များပါတယ်။ အစိုးရတပ်တွေက ကျနော်တို့ရဲ့တပ် တမိုင်အကွာလောက်မှာပဲ ရှိကြတယ်။ တိုက်ပွဲ အချိန်မရွေး ဖြစ်နိုင်တယ်။ တိုက်ပွဲတွေကလည်း နေတိုင်းလိုလို ဖြစ်နေပါတယ် ” ဟု ၎င်းက ဆိုသည်။
လက်ရှိ အခြေအနေတွင် နမ့်ခမ်းမြို့နယ် အတွင်းနှင့် မိုးကုတ်မြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးပေါ်တွင် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်သည့် အခြေအနေ ရှိနေကြောင်း သိရသည်။
TNLA ပြန်ကြားရေး ဌာနမှ မိုင်အိုက်ကျော်က “ မန်ပူးကျေးရွာမှာတော့ ရွာသားတွေ တယောက်မှ မရှိကြတော့ဘူး။ တချို့က တောထဲ ထွက်ပြေးကြတယ်။ တချို့ကတော့ နီးစပ်ရာရွာမှာ နေကြတယ်။ တချို့ကျတော့ နမ့်ခမ်းကို ထွက်ပြေးကြတယ်။ မနေ့က နမ့်ခမ်းကို အယောက် ၄၀၀ လောက် တက်သွားတယ်လို့ ကြားတယ် ” ဟု ဧရာဝတီကို ပြောသည်။
TNLAနှင့် အစိုးရသည် ၂၀၁၃ ခုနစ် ဇူလိုင်လ ၃၁ ရက်က မူဆယ်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ထပ်မံတွေ့ဆုံမှု မရှိကြောင်း သိရသည်။
TNLA နှင့် KIA တို့ အခြေချ နေထိုင်သည့် ရှမ်းပြည်နယ် မြောက်ပိုင်း၌ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်း ၈ ရင်း ၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၊ စကခ ၁၆၊ တပ်မ ၇၇၊ တပ်မ ၈၈ နှင့် တပ်မ ၅၅ အပါအဝင် စုစုပေါင်း တပ်ရင်း ၄၇ ခုက နယ်မြေစိုးမိုးရေး ဆောင်ရွက်နေကြောင်း TNLA ပြန်ကြားရေး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် အစိုးရစစ်တပ်နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) သည် ဇူလိုင် ၂၀ ရက်က စတင်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ် ပန်စရ်ကျေးရွာ အနီးတွင် တိုက်ပွဲများ ဖြစ်ပွား နေသည်ဟု ကျေးသီးမြို့နယ် ဒေသခံတဦးက ဧရာဝတီကို ပြောသည်။