“ကျမတို့ရဲ့ အတွေးတွေက စိစစ်ရေးကြောင့် ပြောင်းလဲ သွားခဲ့ရတယ်”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

နာမည်ကျော် စာရေးဆရာမတဦး ဖြစ်ပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တဦးလည်းဖြစ်သော မသီတာသည် မကြာသေးမီက PEN International  မြန်မာရုံးခွဲ၏ ပထမဆုံး ဥက္ကဋ္ဌဖြစ်သည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့် တင်နိုင်နေသည့် ကမ္ဘာ့အဆင့် အဖွဲ့အစည်းတခုဖြစ်သည့် PEN International ကို စာရေးဆရာများ၊ အယ်ဒီတာများဖြင့် ဖွဲ့စည်းထားကာ PEN Myanmar ကို ပြီးခဲ့သည့် ဆောင်းဦးက စတင်တည်ထောင်ခဲ့သည်။

ဆရာဝန် တဦးလည်းဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားလည်း ဖြစ်ခဲ့ဖူးသော မသီတာမှာ ယခုအခါ အသက် ၄၇ နှစ်ရှိပြီ ဖြစ်သည်။ ၎င်းကို ဧရာဝတီ မီဒီယာ၏ အင်္ဂလိပ်ပိုင်း သတင်းထောက် ဆမမ်သာ မီရှဲလ်က တွေ့ဆုံမေးမြန်းခဲ့ရာ PEN Myanmar တွင် သူလုပ်ကိုင် နေသည်များ၊ တိုင်းပြည်၏ မီဒီယာ ကဏ္ဍပွင့်လင်းလာခြင်း နှင့် ပတ်သက်၍ သူ၏ အမြင်များကို ဝေမျှခဲ့ပြီး အကျဉ်းထောင်အတွင်းတွင် ရပ်တည်နိုင်ရန် တရားထိုင်ခြင်းက သူ့ကို မည်သို့ ကူညီခဲ့သည့် အကြောင်းကို ရှင်းပြခဲ့သည်။

မေး။      ။ စာရေးဆရာနဲ့ စာနယ်ဇင်းသမားတွေအတွက် အရင် စစ်အစိုးရလက်ထက် ကထက်စာရင် လွတ်လပ်ခွင့်တွေ ပို ရနေပြီ။ ကျန်နေသေးတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေက ဘာတွေလဲ။

ဖြေ။       ။ စာရေးဆရာတွေ အတွက်ကတော့ ကိုယ့်ဖာသာ စိစစ်ရေးလုပ်ရတယ်။ ဆယ်စုနှစ် ၅ ခု နီးပါးအတွင်းမှာ သူတို့ စဉ်းစားခဲ့ရတာက စိစစ်ရေးကို ဘယ်လို ဖြတ်ကျော် ရမလဲ ဆိုတာပဲ။ သူတို့ အခွင့်အရေးတခု ရှိနေတဲ့ အခုအချိန်မှာတောင် မှ သူတို့စာတွေထဲမှာ မြေယာ ပဋိပက္ခလိုမျိုး မျက်မှောက်ခေတ် ဖြစ်ရပ်တွေကို ထိတွေ့ဖို့ သူတို့ မေ့နေခဲ့ကြတယ်။ အတွေး အခေါ်တွေ လေးလံထိုင်းမှိုင်းသွားရပါတယ်။ ကျမတို့ရဲ့ အတွေးတွေက စိစစ်ရေးကြောင့် ပြောင်းလဲ သွားခဲ့ရတယ်။ စာနယ် ဇင်း သမားတွေ အတွက်ကတော့ ဒီမှာ အလေ့အကျင့် မရှိခဲ့ဘူး။ သူတို့မှာ စိတ်ပါဝင်စားမှု ရှိရင်တောင်မှ သတင်းထောက် တချို့ အခက်အခဲ ဖြစ်နေရတယ်။

မေး။      ။ PEN Myanmar ရဲ့ ဥက္ကဋ္ဌ အနေနဲ့ မသီတာရဲ့ အဓိက လုပ်ဆောင်မှုတွေက ဘာတွေ ဖြစ်မလဲ။

ဖြေ။       ။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကာကွယ်ဖို့၊ စာပေ ယဉ်ကျေးမှု အသစ်တခုကို တည်ထောင်ဖို့၊ ကျောင်းတွေမှာ ရသ စာပေ သင်ကြားရေးကို မြှင့်တင်ဖို့ ကျမတို့ရည်ရွယ်ပါတယ်။ ဒီမှာ စာပေဆွေးနွေးပြောဆိုမှုက တဘက်ထဲက ပို့ချ နေသလို ဖြစ်နေတယ်။ ဒါကြောင့် ကျမတို့က ပြည်တွင်း စာဖတ်သူတွေနဲ့ စာရေးသူတွေ အပြန်အလှန် ပြောဆိုလို့ရတဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြုလုပ်ပေးနေပါတယ်။ လူ့အဖွဲ့ အစည်းက ပါဝင်လာတာကို ကျမတို့ လိုချင်ပါတယ်။ ဒါကြောင့် စာအုပ် တအုပ်ကို ယူပြီး ဘယ်အပိုင်းကို ဖြစ်စေ ဖတ်ပြပါ။ ဒါမှမဟုတ် ကဗျာတပုဒ်၊ ဝတ္ထုတို တပုဒ်၊ အက်ဆေးတပုဒ် ဘာဖြစ်ဖြစ်ပါ၊ ဒါကို အခြေခံပြီး ကျမတို့ ဆွေးနွေးလို့ရပါတယ်။ မြန်မာဘာသာနဲ့ ဖြစ်စေ တိုင်းရင်းသား ဘာသာစကား တခုခုနဲ့ ဖြစ်စေ ဝတ္ထုတို သို့မဟုတ် ကဗျာ ရေးသားယှဉ်ပြိုင်လို့ ရတဲ့ ငြိမ်းချမ်းရေး စာပေပြိုင်ပွဲတခု ကျမတို့ ကဦးဆောင် ပြုလုပ်ပေးနေပါတယ်။ စာအုပ်အဖြစ် ထုတ်ဝေဖို့ ဖြစ်ပါတယ်။

မေး။      ။ ရန်ကုန်က မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံမှာ စေတနာ့ဝန်ထမ်း လုပ်ပေးဖူးတဲ့ အတွက် ဒီနှစ် အစောပိုင်း တုန်းက စာပေဟောပြောပွဲတခုမှာ ဟောပြောဖို့ မသီတာကို ပိတ်ပင်တာ ခံခဲ့ရတယ်။ အရင်တုန်းကရော ဒီဆေးရုံနဲ့ ပတ်သက်ခဲ့တဲ့ အတွက် ပြဿနာ ရှိခဲ့ဖူးလား။

ဖြေ။       ။ ကျမတော့ ဒီလိုမထင်ပါဘူး။ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံမှာ ပါဝင်ခွင့်ရတဲ့ အတွက် ကျမ အတော်လေး ပျော်ခဲ့ရပါတယ်။ သမိုင်း တလျှောက်မှာ နိုင်ငံရေး အကျဉ်းသား အမြောက်အများနဲ့ သူတို့ရဲ့ မိသားစုတွေဟာ အစိုးရ ဆေးရုံတွေ ကို မသွားနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံကိုပဲ မှီခို အားထားခဲ့ကြရပါတယ်။ ကျမ မွတ်စလင် ဘာသာဝင် မဟုတ်ပါဘူး။ ဒါပေမယ့် အကူအညီလို အပ်နေသူတွေနဲ့ ကျမရဲ့ မိတ်ဆွေ နိုင်ငံရေး အကျဉ်းသားတွေ၊ မိသားစုတွေကို ကျမ အကောင်းဆုံး ကူညီပေးနိုင်ခဲ့တဲ့ နေရာပါ။

မေး။      ။ The Myanmar Independent News ဂျာနယ်ရဲ့ အယ်ဒီတာ တယောက်အနေနဲ့ နိုင်ငံရေး၊ အရပ်ဖက် အသိုင်း အဝိုင်းနဲ့ တိုင်းရင်းသားရေးရာ ကိစ္စတွေကို မသီတာအနေနဲ့ အလေးပေးပြီး လုပ်နေတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစု ရေးရာ ကိစ္စတွေကို ပြည့်ပြည့်၀၀ ဖော်ပြနိုင်တယ်လို့ ထင်ပါသလား။

ဖြေ။       ။ မဖော်ပြနိုင်ပါဘူး။ သတင်းထောက်နဲ့ အယ်ဒီတာ အများစုဟာ နောက်ခံ ဗဟုသုတ နည်းပါးကြတယ်။ သူတို့ ဖော်ပြဖို့ ကြိုးစားကောင်း ကြိုးစားခဲ့ကြမယ်။ ဒါပေမယ့် အများကြီး မထိရောက်ခဲ့ဘူး။ ဒေသတွင်း စာစောင်တွေကို သူတို့ ကိုယ်တိုင်လုပ်နိုင်ဖို့ ကျမအားပေးတယ်။ ဒါပေမယ့် သူတို့မှာလည်း ကျွမ်းကျင်မှု စွမ်းရည် မရှိကြဘူး။ ဘာသာစကား အတားအဆီးကလည်း ပြဿနာတခုဖြစ်ပါတယ်။ ပြည်နယ်တွေမှာ ပညာရေးကလည်း သိပ်မကောင်းကြဘူးလေ။

မေး။      ။ အစိုးရက နိုင်ငံပိုင် သတင်းစာတွေကို အများပြည်သူဝန်ဆောင်မှု မီဒီယာ အဖြစ်ပြောင်းလဲမယ့် အငြင်းပွား ဖွယ်ရာ အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို အဆိုပြုထားခဲ့တယ်။ အဲဒါက တိုင်းရင်းသား ကိစ္စတွေကို တစိတ်တပိုင်း ဖော်ပြနိုင်လိမ့်မယ်လို့ ဆိုတယ်။ အဲဒါက စိတ်ကူးကောင်း တခုလို့ ထင်ပါသလား။

ဖြေ။       ။ သမိုင်းကြောင်း တလျှောက်လုံး ကျမတို့ အစိုးရထုတ် သတင်းစာတွေကို ဖတ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် တိုင်းရင်းသား အရေး၊ ဒါမှမဟုတ် တခြားအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဖော်ပြနိုင်တာ မတွေ့ခဲ့ပါဘူး။ ဥပမာ ပြော ရရင် ဝန်ကြီး ဦးအုန်းမြင့်က ဒေသခံပြည်သူတွေကို အလွန်ဆိုးဝါးတဲ့ စကားတွေ ပြောခဲ့တယ်။ လွတ်လပ်တဲ့ ဂျာနယ်တိုင်း က ဒီအကြောင်းကို ရေးခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျမသာ အစိုးရသတင်းစာကို လုပ်နေတယ်ဆိုရင် ပြည်သူတွေသိနိုင်ဖို့ အတွက် ကျမက ဒီဝန်ကြီးနဲ့ တွေ့ဆုံပြီးတော့ ဘာကြောင့် သူဒီလိုပြောခဲ့ရသလဲ ဆိုတာ မေးမိလိမ့်မယ်။ ဒါပေမယ့် အစိုးရ သတင်းစာ တွေက သူဘယ်လို အလုပ်ကြိုးစားတယ်ဆိုတာကို အမွှမ်းတင်ပြီး ဝါဒဖြန့်သလိုမျိုး သူနဲ့ ပတ်သက်လို့ ကောင်း တာတွေပဲ ဖော်ပြခဲ့ကြတယ်။ ဒီဥပမာ အရဆိုရင် အများပြည်သူ ဝန်ဆောင်မှု မီဒီယာက ပြည်သူတွေကို ဝန်ဆောင်ပေးမယ် လို့ ဘယ်လို ယုံကြည်ပေးနိုင်မှာလဲ။ ကျမတို့ရဲ့ အခွန်ငွေတွေကို ဒီလို သတင်းစာမျိုးအတွက် သုံးစွဲသင့်ရဲ့လား။

မေး။      ။ အခု ဘာလူမှုရေး လုပ်ငန်းလုပ်နေပါသလဲ။ နယ်ဘက်မှာ ကျောင်းတကျောင်း ဖွင့်ဖို့ အစီအစဉ် ရှိခဲ့တယ်လို့ ကြားထားပါတယ်။

ဖြေ။       ။ နာရေး ကူညီမှုအသင်းက ဆေးခန်းမှာ တပတ်ကို တကြိမ် လုပ်အားပေးပါတယ်။ နောက်ပြီးတော့ ခြံဝန်းကျယ် ကြီး တခု ဖန်တီးချင်ပါတယ်။ အဲဒါက ကျောင်းတကျောင်း မဟုတ်ပါဘူး။ အထဲမှာ အခမဲ့ ဆေးခန်းတခု၊ ဒါမှမဟုတ် အခမဲ့ ဆေးရုံတခု ရှိပါမယ်။ သုတေသနစာတမ်းတွေကိုလည်း အကျိုးအမြတ် မယူဘဲ ထုတ်ဝေချင်ပါတယ်။ နောက်ပြီး မိဘမဲ့ က လေးများ ကျောင်းတကျောင်းပေါ့၊ ဆေးခန်းနဲ့ စာအုပ်ထုတ်ဝေရေးမှာ အလုပ်လုပ်တဲ့ မိသားစုတွေက ကလေးတွေကို ပြုစု ပေးနိုင်ပါတယ်။ မိသားစုပတ်ဝန်းကျင်မျိုး ဖြစ်ပါမယ်။

မေး။      ။ နောက်ဆုံးရေးနေတဲ့ စာအုပ်အကြောင်းပြောပါဦး။

ဖြေ။       ။ ကျမ ပါလက်စတိုင်း အမျိုးသမီး အင်ဂျင်နီယာနဲ့ စာရေးဆရာ တယောက်ဖြစ်တဲ့ Suad Amiry ရဲ့ ကိုယ်တွေ့ မှတ်တမ်းကို ဘာသာပြန်နေပါတယ်။ ရွှေ့ပြောင်း အလုပ်သမား တယောက်အနေနဲ့ အစ္စရေးကို ခရီးသွားခဲ့တဲ့ အတွေ့ အကြုံ တွေ အကြောင်း ဖြစ်ပါတယ်။ စာအုပ် နာမည်က “Nothing to Lose but Your Life” ဖြစ်ပါတယ်။ အင်္ဂလိပ် ဘာသာနဲ့ ရေးထားတဲ့ ကျမရဲ့ ထောင်တွင်း ကိုယ်တွေ့မှတ်တမ်းကိုလည်း တည်းဖြတ်နေပါတယ်။ အဲဒါကို ၂၀၁၂ ခုနှစ်က မြန်မာဘာသာနဲ့ ထုတ်ဝေခဲ့ပြီးပါပြီ။

မေး။      ။ မသီတာရဲ့ ကိုယ်တွေ့မှတ်တမ်းထဲမှာ အကျဉ်းထောင်ထဲမှာ ရှိတုန်းက တနေ့ကို နာရီ ၂၀ လောက် တရားထိုင်တယ်လို့ ပြောထားပါတယ်။ ဒီနေ့ အထိရော ဆက်ပြီး တရားထိုင်နေတုန်းပဲလား။

ဖြေ။       ။ ဘယ်အချိန်မှာ တရားထိုင်မယ်လို့ ကျမ ပုံသေ သတ်မှတ်မထားပါဘူး။ ဒါပေမယ့် ခဏခဏ တရားမှတ်ပါတယ်။ အထူးသဖြင့် ပြင်းထန်တဲ့ စိတ်ခံစားချက်တွေရှိလာတဲ့ အခါ ငြိမ်းအေးမှုရဖို့ အတွက် တရားမှတ်ပါတယ်။ တခါတလေပေါ့။ အခုရက်တွေထဲမှာ တခါ တလေတောင် မဟုတ်ပါဘူး၊ ကျမအတွက် တရားထိုင်ဖို့ အချိန် လုံလုံလောက်လောက် မရ ပါဘူး။ ကျမကို ထောင်ဒဏ် နှစ် ၂၀ ချခဲ့တယ်။ ဘယ်သူက ကျမကို လွှတ်ပေးမယ်ဆိုတာကို သိချင်ခဲ့တယ်။ အဲဒီလူက ကျမ မဟုတ်တာ အမှန်ပဲ။ တခြားလူတွေဖြစ်တဲ့ အာဏာပိုင်တွေ အပေါ်မှာပဲ မူတည်နေတယ်။ ကျမ ငယ်ငယ် ကတည်းက လွတ်လပ်ချင်တယ်။ ကျမကိုယ်ကျမပဲ အားကိုးချင်တယ်။ ကျမတွေးမိခဲ့တယ်။ တကယ်လို့ ကျမက ဆိုးရွားတဲ့ သံသရာ ကြီးထဲက လွတ်မြောက်ချင်တယ်ဆိုရင် ဘယ်သူကလာ လုပ်ပေးနိုင်မှာလဲ။ ဒီအတွက် ထောင်အာဏာပိုင်တွေကို ကျမ ဘာမှ ခွင့်တောင်း နေဖို့ မလိုဘူး။ တကယ်လို့ ကျမတရား အားထုတ်မယ်ဆိုရင် ဒီသံသရာထဲကနေ လွတ်မြောက် နိုင်မယ်လေ။

၂၀၁၄ ဇူလိုင်လထုတ် The Irrawaddy အင်္ဂလိပ်ဘာသာဖြင့် မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် အင်တာဗျူးကို နိုင်မင်းသွင် ဆီလျော်အောင် ပြန်ဆိုသည်။

Loading