ကမ္ဘာကြီးတွင် ယနေ့ ခပ်စိပ်စိပ်ဖြစ်ပေါ်နေသော ပဋိပက္ခများ စစ်ပွဲများကို ကြည့်ပြီး ကမ္ဘာတလွှား နိုင်ငံရေး သိပ္ဗံပညာရှင်များ၊ သတင်းအယ်ဒီတာများက စိုးရိမ်တကြီး မေးခွန်းထုတ်နေကြပြီ ဖြစ်သည်။ ဤပြဿနာ ပဋိပက္ခများ ငြိမ်းအေးရေး မည်သူက ဦးဆောင်ဖြေရှင်းမည်နည်းဟူသည့် မေးခွန်းဖြစ်သည်။
ကမ္ဘာပေါ်တွင် လက်နက်အင်အား အတောင့်တင်းဆုံး၊ စီးပွားရေးအရလည်း အခိုင်မာဆုံးနှင့် လူ့အခွင့်အရေးအရ ကမ္ဘာသူကမ္ဘာသား အတော်များများ လက်ခံနိုင်သော စံနှုန်းများကို ကျင့်သုံးနေသော စူပါ ပါဝါ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ မည်သို့ပြောင်းလဲလာနိုင်မည်မှာလည်း စိတ်ဝင်စားစရာ ဖြစ်သည်။
ကမ္ဘာ့အခင်းအကျင်းကို ကြည့်လိုက်လျှင် အရှေ့အလယ်ပိုင်းတွင် ပြန်ပြီး စစ်မီးတောက်နေသည်။ ဂါဇာ ကမ်းမြောင်တွင် အစ္စရေးနှင့် ပါလက်စတိုင်း ပဋိပက္ခ ဖြစ်နေသည်။ အီရတ်တွင် စစ်သွေးကြွ အစွန်းရောက်များ ပြန်လည် ခေါင်းထောင်နေသည်။ တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုတွင် တရုတ်က ဒေသတွင်း အားစမ်းနေသည်။ နောက်ဆုံး ဂယက်ရိုက်သည့် ကိစ္စမှာ ယူကရိန်းတွင် ဖြစ်ပွားနေသည့် ခွဲထွက်ရေး စစ်ပွဲအတွင်း ရုရှားလိုလားသူများက မလေးရှား လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ပစ်ချလိုက်ခြင်း ဖြစ်သည်။
အမေရိကန် သမ္မတ အိုဘားမား တက်လာပြီးနောက် ကမ္ဘာ့စူပါ ပါဝါနိုင်ငံ၏ ပေါ်လစီများ ပြောင်းလဲခဲ့သည်။ သမ္မတဟောင်း ဂျော့ဂျ် ဒဗလျူ ဘုရှ် ဆင်နွှဲခဲ့သော War on terror စစ်ပွဲများ၊ စစ်အသုံး စရိတ်များ၊ အကြီးအကျယ် ဝေဖန်ခံခဲ့ရသည့် အမေရိကန်၏ ထောင်လွှားမှုများကို လမ်းကြောင်းမှန်အောင် ပြန်ပြီး ခြေဖျက်ရသည်။ ငွေကြေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းပြီး အမေရိကန် ပြည်တွင်းစီးပွားရေးကို ပြန်ပြီး တည့်မတ်ရသည်။ နိုင်ငံခြားရေး မူဝါဒကို ပြန်လည် ပြင်ဆင်ရသည်။
ချုပ်ပြောရလျှင် ကမ္ဘာ့အရေးတွင် ခြေတံလက်တံရှည်စွာ ဝင်ပါလေ့ရှိသည်ဟု ပြောဆိုရေးသားခံရသော ကမ္ဘာ့ပုလိပ်ကြီး အမေရိကန် မစွာနိုင်တော့ဘဲ ကန့်လန့်ကာ နောက်ကွယ်ကို ဆုတ်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ အမေရိကန်က သူ၏ စူပါ ပါဝါ အရှိန်သြဇာကို လျှော့ချလိုက်သည့် အချိန်တွင် လေဟာနယ်ကွက်လပ် (Vacuum) ပေါ်လာသည်။
ဤလစ်ဟာမှုကို ဖြည့်ဆည်းမည့် ဒုတိယ စူပါ ပါဝါ သို့မဟုတ် ဆက်ခံမည့်သူက မည်သူနည်း။ နိုင်ငံတကာတွင် တဗိုလ်ကျ တဗိုလ်တက် စူပါ ပါဝါ ပေါ်လစီ မရှိပါ။ စူပါ ပါဝါဖြစ်အောင် ကြိုတင် ခန့်မှန်း တည်ဆောက်၍လည်း မရပါ။ အခြေအနေ အချိန်အခါနှင့် တောင်းဆိုမှုအရ ဖြစ်လာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဒုတိယ ကမ္ဘာစစ်အပြီး အမေရိကန်၏ သြဇာဖြန့်ကြက် သက်ရောက်မှုကို မြင်ခဲ့ရသည်။
ယခု လက်ရှိ အခြေအနေတွင် တချို့က အင်ပါယာဟောင်း၊ စူပါ ပါဝါဟောင်း ရုရှားကို ခန့်မှန်းကြသည်။ မြန်မာ၏ အိမ်နီးချင်း တရုတ်နိုင်ငံ၏ သြဇာပါဝါ မြင့်မားလာမှုကို စောင့်ကြည့်ကြသည်။ ထိုနှစ်နိုင်ငံက အမေရိကန်၏ နေရာကို ဝင်ယူနိုင်မလားဟု ဆန်းစစ်ကြသည်။ သို့သော် တရုတ်နှင့် ရုရှားတို့၏ စံနှုန်း၊ တန်ဖိုးထားမှုများနှင့် အပြုအမူများကို အိမ်နီးချင်းနိုင်ငံများကပင် လက်မခံနိုင်ကြပါ။ ထို့အပြင် ၎င်းတို့၏ နိုင်ငံရေး ဩဇာနှင့် စီးပွားရေးချဲ့ထွင်မှုများက စိုးရိမ်မကင်း ဖြစ်စရာကောင်းသည်။ ယူကရိန်းနှင့် တောင်တရုတ်ပင်လယ် ပြဿနာတွင် ရုရှားနှင့် တရုတ်တို့ ကိုင်တွယ်ပုံကို တွေ့နိုင်သည်။
လတ်တလောတွင်မူ ကမ္ဘာ့အရေးများကို ထိန်းညှိရေးအတွက် ဤ လစ်ဟာနေသည့် နေရာကို ပြန်ယူနိုင်သူမှာ အမေရိကန်သာ ဖြစ်နေဦးမည်။ အကယ်၍ ရုရှားနှင့် တရုတ်က အမေရိကန်နှင့် မဟာမိတ်နိုင်ငံများအား ထိပ်တိုက်ရင်ဆိုင် စိန်ခေါ်တော့မည်ဟု ဆုံးဖြတ်လိုက်လျင် ဘာလင်တံတိုင်းမပြိုမီ တည်ရှိခဲ့သော ကမ္ဘာ့နိုင်ငံရေးတင်းမာမှု စစ်အေးခေတ်သို့ ပြန်ဦးတည်တော့မည်ဟု သုံးသပ်ရပေသည်။ တရုတ်နှင့် အမေရိကန် ဆက်ဆံရေးမှာ နက်ရှိုင်းသော စီးပွားကုန်သွယ်မှုများကြောင့် မဆိုးလှဟု ပြောနိုင်သော်လည်း ရုရှားနှင့်မူ စစ်အေးခေတ် ပြန်စနေပြီဟု အမေရိကန် ဆီးနိတ် ထောက်လှမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒိုင်ယန်းဖိန်းစတိန်းက ကြေညာခဲ့ပြီးဖြစ်တော့သည်။