ဇူလိုင် ၁၄ ရက်နေ့က ကန့်ဘလူမြို့နယ် တရားရုံး၌ မြေသိမ်းခံ တောင်သူများအား ဒုတိယအကြိမ် ရုံးချိန်းမြင်ကွင်း (ဓာတ်ပုံ – မင်းနိုင်သူ / ဧရာဝတီ)
“ဟေ့ … လက်ထိပ်ခတ်ဖို့ မလိုဘူးကွ၊ ဒါ ရာဇဝတ်မှု မဟုတ်ဘူး၊ ငါ့မြေငါ့ယာမှာ ငါ့လုပ်ငန်း ငါလုပ်တာကို မတရား ဖမ်းဆီးထောင်ချတာ။ လက်ထိပ် မခတ်နဲ့၊ အခတ်မခံနိုင်ဘူး” ဆိုသော အသံသည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တရားရုံးခန်း အတွင်းမှ ဟိန်းထွက်လာသည့် အသံများထဲမှ တခု ဖြစ်သည်။
ထောင်ဒဏ် စီရင်ခြင်းခံရသော လယ်သိမ်းခံ တောင်သူများနှင့် ရဲများအကြား တွန်းထိုးလှုပ်ရှားမှု အနည်းငယ် ဖြစ်ပွားသွားသည်။ တရားရုံး ပြင်ပမှ စီရင်ချက်ကို စောင့်နားထောင်နေသော မြေသိမ်းခံ တောင်သူများထံမှ တောက်ခေါက်သံများ၊ မတရား မလုပ်ကြရန် ဝိုင်းဝန်း အော်ဟစ်သံများ ပေါ်ထွက်လာသည်။
ဇူလိုင်လ ၁၇ ရက်နေ့တွင် ကန့်ဘလူ မြို့နယ်အတွင်း ကျေးရွာများမှ လယ်မြေအသိမ်းခံ မူလလယ်မြေ ပိုင်ရှင်များကို ပုဒ်မ ၄၂၇ ဖြင့် တရားစွဲကာ ထောင်ဒဏ် ချမှတ်နေခြင်း ဖြစ်သည်။ ယင်းတောင်သူများသည် စစ်တပ်က သိမ်းယူထားသော ၎င်းတို့၏ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ယခုနှစ်ဆန်ပိုင်းမှ စတင်ပြီး ထွန်တုံးတိုက်ပွဲဝင်ခဲ့ရာမှ ပြစ်ဒဏ်စီရင် ချမှတ်ခံရခြင်း ဖြစ်သည်။
ရဲမှူးကြီးတဦးက တောင်သူများကို လက်ထိပ်မခတ်ရန် အမိန့်ပေးလိုက်သဖြင့် ထောင်ဒဏ် စီရင်ခြင်းခံရသော မြေသိမ်းခံတောင်သူ ၁၆ ဦး လက်ထိပ်မပါဘဲ ၎င်းတို့ကို တင်ဆောင်မည့် ရဲကားများပေါ် ရင်ကော့ တက်သွားကြသည်။
“တောင်သူတွေ တောင်သူလုပ်လို့ အဖမ်းခံရသတဲ့ဗျို့ … ကြားဖူးကြရဲ့လား”၊ “ဖမ်းကွာ၊ ဖမ်းစမ်း၊ ငါတို့ တရွာလုံးကို လာဖမ်းစမ်းကွာ” စသည်ဖြင့် အော်ဟစ်နေသူများ ရှိသလို မိဘဆွေမျိုးများ ထောင်ဒဏ်ချမှတ်ခံရသဖြင့် ငိုယိုနေသော အမျိုးသမီးများ၏ အသံကလည်း ပွက်ပွက်ညံနေသည်။
ထောင်ဒဏ် ချမှတ်ခံရသည့် တောင်သူ အမျိုးသမီးကြီး ဒေါ်စိုးက ကားတွင်းမှနေ၍ ကားကိုယ်ထည်ကို တဗြန်းဗြန်း ပုတ်ကာ ခင်ပွန်းဖြစ်သူထံသို့ လှမ်း၍ “ကျုပ်တို့ မြေတွေကို လုံး၀ မစွန့်လွှတ်နဲ့၊ ဘယ်သူ လက်မှတ်လာထိုးခိုင်း ထိုးခိုင်း ထိုးမပေးနဲ့၊ ကျုပ်တို့ ငှက်ပျော့တိုင်း တရွာလုံး ကျုပ်တို့ မြေတွေကို အဆုံးရှုံးမခံကြနဲ့” ဟု အော်ဟစ် ပြောဆိုသည်။
ယင်းအမှုကို စောင့်ကြည့်နေသည့် ကန့်ဘလူမြို့ခံ တဦးက “ဒီကနေ့ အမိန့်ချခံရတဲ့ တောင်သူ ၁၈ ဦးကိုတော့ တမှု ၃ လနှုန်းနဲ့ ချလိုက်တာပေါ့။ ထွန်စက်ပိုင်ရှင်လို လူမျိုးဆိုရင် အမှုများတယ်ပေါ့။ သူက သူ့လယ်အတွက်လည်း ထွန်တယ်။ သူများလယ် အတွက်လည်း ထွန်ပေးရတဲ့အခါ အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၂၇ အပြင် အားပေးအားမြှောက်မှု ပုဒ်မ ၄၂၇/၁၄၄ ဆိုတော့ အမှုတွေက များတော့တာပေါ့။ သူ လယ်ကွက် ၇ ကွက် ထွန်ခဲ့ရင် ၇ မှုပေါ့။ ဒီနေ့ စီရင်ချက် ချခံရတဲ့ တဦးဆိုရင် အမှုတွဲ ၁၂ ခုဖြစ်တဲ့ အတွက် တမှု ၃ လနှုန်းနဲ့ ၃ နှစ် ချခံလိုက်ရတယ်” ဟု ပြောသည်။
မြေသိမ်းခံ တောင်သူများအရေး ဦးဆောင် လှုပ်ရှားသူဟု အာဏာပိုင်များက ယူဆထားသည့် တောင်သူ ၃ ဦးကို ဇူလိုင် ၁၄ ရက်က ကန့်ဘလူ တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပြီး ဖြစ်သည်။
“၁၄ ရက်ကလည်း ဦးကောင်းထွန်း၊ ပေကြီးရွာ အုပ်ချုပ်ရေးမှူး နဲ့ ထောက်ရှာအိုင် အုပ်ချုပ်ရေးမှူး၊ သူတို့ ၃ ယောက်ကို ပုဒ်မ ၄၂၇ အရ စီရင်နိုင်တဲ့ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်စီ အထိ ချမှတ် လိုက်တယ်” ဟု အဆိုပါ ကန့်ဘလူဒေသခံက ဆက်ပြောသည်။
မူလမြေပိုင်ရှင်များဘက်မှ ရှေ့နေလိုက်ပေးနေသော အထက်တန်းရှေ့နေ ဦးထွန်းထွန်းလင်းက ထောင်ဒဏ်ချမှတ် ခံလိုက်ရသော တောင်သူများ အတွက် အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောသည်။
ရှေ့နေ ဦးထွန်းထွန်းလင်းက “ကန့်ဘလူဒေသမှာ ကျနော်တို့ လိုက်ပေးနေတဲ့ အမှုပေါင်း ၅၃ မှု ရှိတယ်။ နောက်ထပ် တက်လာတဲ့ အမှုက ၂၆ မှု ရှိတယ်။ မြို့နယ် တရားရုံးဆိုတော့ တရားစီရင်ရေး အပိုင်းမှာ ဖိအားပေးခံရမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေတယ်။ တရားစီရင်ရေး မဏ္ဍိုင်ကို လွှမ်းမိုးချုပ်ကိုင် ခံနေရတယ်ဆိုတဲ့ သဘောပေါ့” ဟု ပြောသည်။
ပုဒ်မ ၄၂၇ ဆိုသည်မှာ အကျိုးစီးပွား ဖျက်ဆီးမှု ဖြစ်ပြီး ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်နိုင်ကာ အမြင့်ဆုံး စီရင်မှုအဖြစ် ထောင်ဒဏ် ၂ နှစ် ချမှတ်ပိုင်ခွင့် ရှိသည့် အမှု ဖြစ်သည်။ ပုဒ်မ ၄၂၇/၁၄၄ ဆိုသည်မှာ အကျိုးစီးပွား ဖျက်ဆီးမှုကို အားပေးအားမြှောက် ပြုခြင်းဖြစ်ပြီး အကျိုးစီးပွား ဖျက်ဆီးမှုနှင့် ထပ်တူ တရားစီရင်နိုင်ကြောင်း သိရသည်။
ကန့်ဘလူမြို့မှ ရှေ့နေတဦးက “အခုဖြစ်တာက စစ်တပ်နဲ့ မြေသိမ်းခံ တောင်သူ ဖြစ်တာ မဟုတ်ဘူး။ စစ်တပ်က သီးစားချထားသူတွေ၊ စစ်တပ်စကားနဲ့ ပြောရရင်တော့ အကျိုးတူ တောင်သူပေါ့လေ။ အဲဒါနဲ့ မူလမြေပိုင်ရှင် တောင်သူတွေ အကြား ဖြစ်ပွားတဲ့ အမှုတွေ။ သီးစားတောင်သူတွေက သူတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို မူလတောင်သူတွေက ဝင်ရောက် ဖျက်ဆီးပါတယ် ဆိုပြီး တရားစွဲဆိုတာ။ ပြောရရင်တော့ အိမ်ကြက်ချင်း အိုးမည်းသုတ် ခွပ်ခိုင်းတာမျိုးပဲ” ဟု ပြောသည်။
ကန့်ဘလူမြို့နယ် အတွင်းရှိ ငှက်ပျောတိုင်း၊ ထောက်ရှာအိုင်၊ ပေကြီး၊ ခအုံးတာ စသည့် ကျေးရွာများ အနီးတဝိုက်ရှိ မြေဧက တသောင်းကျော်ကို ၁၉၉၉ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးက တပ်မတော် ကြံစိုက်ပျိုးရေးအတွက် သိမ်းယူခဲ့သည်ဟု ဒေသခံများက ပြောသည်။
နိုင်ငံတော် သမ္မတ၏ တပ်သိမ်းမြေများအား ပြန်လည် ပေးအပ်မည်ဆိုသော စကားကို ကြားခဲ့ရပြီးနောက် ဝမ်းသာအားရ ဖြစ်ခဲ့ကြသော်လည်း ယခုဖြစ်ရပ်များက သမ္မတ၏ စကားကို ပြက်ရယ်ပြုနေသည်ဟု မြေသိမ်းခံ တောင်သူများက ပြောဆိုကြသည်။
“သမ္မတက ပြန်ပေးလို့ရတယ်၊ မြေပေးမယ်လို့ ပြောတော့ ကျနော်တို့ အရမ်းဝမ်းသာကြတယ်။ ကျနော်တို့ မြေတွေက စစ်တပ်၊ တပ်ရင်း အခြေစိုက်ထားတာမျိုး မဟုတ်ဘူးဗျာ။ လယ်မြေကို လယ်မြေအတိုင်းထားပြီး စစ်တပ်က သီးစား ချထားတာဆိုတော့ ပြန်ပေးမယ်ဆို ပြန်ပေးလို့ရတဲ့ မြေတွေလေ။ သကြားစက်ရုံမှာ ဗိုလ်ချုပ်မင်းဇော် လာတုန်းကလည်း ခင်ဗျားတို့ မြေတွေ ပြန်ပေးမယ် ဆိုပြီး ပြောခဲ့တယ်။ အဲဒီစကားအရ ကျနော်တို့ မူလပိုင်ရှင် တောင်သူတွေက ကိုယ့်မြေကိုယ် ထွန်ယက်တော့ သီးစားချထားသူတွေကို စစ်တပ်က နောက်က မြှောက်ပေးပြီး သူတို့သီးနှံတွေ ဖျက်ဆီးခံရပါတယ် ဆိုပြီး အမှုဖွင့်တယ်” ဟု ဒေသခံတောင်သူ ဦးကျောက်ခဲက ပြောသည်။
မြို့ခံတဦးက “တခြားအမှုတွေဆို အကြာကြီး ကိုင်ပြီး စစ်တယ်။ အခုအမှုတွေကတော့ အမှုစွဲတင်တဲ့ လပိုင်းအတွင်းကို တရားသူကြီး တဦးတည်းက အမှုအများကြီးကို ခဏခဏ ရုံးချိန်းဆင့်ခေါ် စစ်ဆေးပြီး စီရင်ချက် ချနေတာပဲ။ တရားသူကြီး ဆီကိုလည်း ချိပ်ပိတ်စာအိတ် ညွှန်ကြားလွှာဝင်ပြီး အဲဒီညွှန်ကြားချက် အတိုင်း စီရင်ချက် ချရတယ်လို့ တရားရုံးထဲက အသံ ထွက်လာတယ်” ဟု ပြောသည်။
တပ်မတော် ကြံစိုက်ပျိုးရေးမှ တာဝန်ရှိသူများက သီးစားချထားသူများအား နောက်ကွယ်မှ ပံ့ပိုးမှုများ ပြုလုပ်နေပြီး ရုံးချိန်းများတွင် တရားလို သီးစားချထားသူများအား တပ်ပိုင်ကားဖြင့် လိုက်ပါ ပု့ိဆောင်မှုများ ရှိသည်ဟု မြေသိမ်းခံ တောင်သူများက ပြောသည်။
ကန့်ဘလူမြို့နယ် တရားရုံးတွင် အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ ၄၂၇/၁၄၄ တို့ဖြင့် စွဲဆိုထားသော အမှုပေါင်း ၁၀၀ ခန့် ရှိနေပြီး ယခုလပိုင်းအတွင်း ရုံးချိန်းများ တက်သုတ်ရိုက် ခေါ်ယူခဲ့ကာ စီရင်ချက်များ ချမှတ်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။
အထက်တန်းရှေ့နေ ဦးထွန်းထွန်းလင်းက “ကျနော်တို့ကတော့ တရားစီရင်မဏ္ဍိုင်ကို လွှမ်းမိုးချုပ်ကိုင် ခံရမှုတွေ မဖြစ်စေလိုဘူး။ တရားသဖြင့် မျှမျှတတ စီရင်ဆုံးဖြတ်စေချင်တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာရင် မကောင်းဘူး” ဟု ပြောသည်။
ကန့်ဘလူ မြို့နယ်အတွင်း ပုဒ်မ ၄၂၇ ၊ ပုဒ်မ ၄၂၇/၁၄၄ တို့ဖြင့် တရားစွဲဆို ခံရခြင်းကြောင့် ထောင်ဒဏ် ချမှတ်ခြင်းခံရသူ တောင်သူ ၅၀ ကျော် ရှိနေပြီ ဖြစ်ပြီး ထပ်မံ စီရင်ချက်ချ ခံရမည့် အမှုများလည်း ကျန်ရှိနေသေးသည်ဟု သိရသည်။
ယင်းအမှုများနှင့် စပ်လျဉ်းပြီး ရွှေဘိုခရိုင် ရဲမှူးကြီး အုန်းလှိုင်သို့ ဧရာဝတီက စုံစမ်းမေးမြန်းရာ အဆိုပါ အမှုများကို ရဲက မကိုင်တွယ်ကြောင်း ပြောဆိုသည်။
“ဒီအမှုတွေကို ကျနော်တို့ ရဲက ကိုင်တွယ်တာ မဟုတ်ဘူး။ တရားရုံးကို ဦးတိုက် လျှောက်တာ။ ကျနော်တို့က ဒီကနေ့ အမိန့်ချမှတ်ခံရမယ့် ဦးရေများတဲ့အတွက် လုံခြုံရေး အင်အားဖြည့်တင်းပေးတာပဲ ရှိတယ်” ဟု ၎င်းက ဆိုသည်။
မိမိတို့ အဖြစ်သည် ကိုယ်တိုင် ချက်ပြုတ် ခူးခပ်ထားသော ထမင်းဝိုင်းကြီးအား တခြားသူများက ဝိုင်းဝန်း စားသောက်နေသည်ကို ထိုင်ကြည့်နေရသည့် အဖြစ်နှင့် တူသည်ဟု ပေကြီးရွာမှ မြေသိမ်းခံ တောင်သူ ဦးချစ်သောင်းက မှတ်ချက်ပြုသည်။
ဦးချစ်သောင်းက “ကျနော်တို့ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေတွေကို တပြားတချပ် မပေးဘဲ သိမ်းဆည်းခဲ့တယ်။ အဲဒီလို သိမ်းဆည်းလိုက်တဲ့ အတွက် လုပ်ကိုင်စားသောက်ဖို့ မလွယ်ကူတော့လို့ ရွာသားတချို့ ရွာကို စွန့်ခွာသွားကြတယ်။ ကျောက်ခွဲ လုပ်ငန်းတွေ သွားလုပ်တဲ့သူလုပ်၊ တခြားနယ်က လုပ်ငန်းတွေ သွားလုပ်ကြနဲ့ အရင်က အိမ်ခြေ ၂၀၀ ကျော်ရှိခဲ့တဲ့ ကျနော်တို့ ပေကြီးရွာဟာ အခုဆိုရင် အိမ်ခြေ ၈၂ အိမ်ပဲ ရှိတော့တယ်။ ကျနော်ဆိုလည်း သားသမီးတွေကို ကျောင်း မထားနိုင်တော့ဘူး။ ကလေးတွေ ပညာရေးတော့ သွားပြီ ” ဟု ပြောသည်။