တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ် အဖြစ်ရေပန်းစားနေသည့် ဗိုလ်ချုပ်မြထွန်းဦးကို ဇွန်လနှောင်းပိုင်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ရာထူး တိုးမြှင့်ပေးလိုက်ပြီး တပ်မတော်တွင် လက်ရှိ နံပါတ် ၄ အဆင့်ရှိ ဒုတိယ ဗိုလ်ချုပ်ကြီး တဦး ဖြစ်လာကြောင်း စစ်ဘက် သတင်းရပ်ကွက်မှ သိရှိရသည်။
ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် စစ်ဦးစီးအရာရှိ ချုပ်(ကြည်း) အဖြစ် ခန့်အပ်ခံထားရသူဖြစ်ကြောင်း၊ ယခင် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သဘောကျခဲ့ သည့် မျိုးဆက်သစ် တပ်မတော်အရာရှိ တဦးဖြစ်ကာ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးကိုယ်တိုင်ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို လေးစားရိုသေသူဖြစ်ကြောင်း သိရှိရသည်။
“တပ်မတော်မှာ အရေးပါတဲ့နေရာအတွက် အလားအလာ ရှိတဲ့သူတွေက ရာထူးအဆင့်တိုးတာ ခပ်မြန်မြန်ပဲ တိုးလေ့၊ ရာထူးတက်လေ့ ရှိတယ်။ ရာထူးအဆင့် ဘယ်လိုပဲရှိနေစေကာမူ သူယူထားတဲ့ တာဝန်က ကြီးတယ်ဆိုရင် အဲဒီတာဝန် အတွက် အဆင့် တိုးတာ မြန်နိုင်သမျှ မြန်မြန် တက်သွားလေ့ရှိတယ်။ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဆိုတဲ့ တာဝန်ကို ဗိုလ်ချုပ် မြထွန်းဦးကို ပေးလိုက် ကတည်းက တချိန် အနာဂတ် တပ်မတော်ခေါင်းဆောင်အဖြစ် အလားအလာ များတယ် ဆိုတာ သိသာစေတယ် ” ဟု စစ်ဘက်ရပ်ကွက်နှင့်နီးစပ်သူတဦးက ဧရာဝတီသို့ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးသည် အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချူပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကရင်လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ဆက်ဆံရေး ကောင်းမွန်စေရေး စွမ်းဆောင်နိုင်ခဲ့သူတဦးဖြစ်ကြောင်း၊ အစိုးရစစ်တပ်နှင့် တိုင်းရင်းသားများအကြား ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေး ဆွေးနွေးပွဲများတွင် တပ်မတော်ကိုယ်စားပြု တက်ရောက်နေသူဖြစ်ကြောင်း သိရှိရသည်။
ဇူလိုင် ၁၉ ရက်နေ့ကျရောက်သည့် ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (OTS-56) တို့ဦးဆောင်တက်ရောက်ခဲ့ပြီး အစိုးရသတင်းစာများတွင် ရာထူး အဆင့် အလိုက် တပ်မတော်အရာရှိကြီးများ၏ အမည်များကို ဖော်ပြခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး၏အမည်ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ရှေ့တွင် ဖော်ပြခဲ့သည်။