တပ်မတော်အစိုးရ လက်ထက်က အရပ်သားအစိုးရအဖြစ် ပြောင်းလဲလာတဲ့ နောက်ပိုင်းမှာ အာဇာနည်နေ့ကို နိုင်ငံတော် အဆင့် အခမ်းအနားအဖြစ် မကျင်းပခဲ့ပေမယ့် ဒီနှစ် ၆၇ နှစ်မြောက် အာဇာနည်နေ့မှာတော့ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ်တို့ပါဝင်တဲ့ အစိုးရ ခေါင်းဆောင်တွေက ကျဆုံးခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီး တွေကို ရည်စူးပြီး ဆွမ်းကပ်လှူဒါန်းတဲ့အပြင် အစိုးရပိုင် မီဒီ ယာတွေကနေ နိုင်ငံတော်အဆင့် အခမ်းအနားမျိုး ကျင်းပခဲ့ တာကို ထုတ်လွှင့် ပြသခဲ့ပါတယ်။
အခုလို အာဇာနည် ခေါင်းဆောင်ကြီးတွေကို သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့ သွားရောက် ဂါရဝ မပြုခဲ့သည့်တိုင် အစိုးရ ကိုယ်တိုင် ဦးစီး ကျင်းပလာတဲ့သဘောက လတ်တလော ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ရာသီဥတု တင်းမာတဲ့ အခြေအနေနဲ့ သက်ဆိုင်မှု ရှိနိုင်တယ်လို့ ဝေဖန်သုံးသပ်ကြသူတွေ ရှိပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွေ၊ သတင်းမီဒီယာတွေကို ထိန်းချုပ်ဖိနှိပ်နေတာတွေ ဖြစ်ပေါ်နေချိန်မှာ အခုလို အခမ်းအနား ကျင်းပခြင်းက ဆက်စပ်မှုရှိနိုင်တယ်လို့ ဝေဖန်သူ တချို့က ဆိုကြပါတယ်။
အာဇာနည်ဗိမာန်ကို ဒုသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတို့ တက်ရောက်ကြမယ် ဆိုတာကို ဇူလိုင် ၁၈ ရက်နေ့အထိ သေသေ ချာချာ မသိခဲ့ရကြောင်း၊ ဒါ့အပြင် နေပြည်တော်မှာ ကျင်းပတဲ့ ဆွမ်းကပ်အမျှဝေ အခမ်းအနားကို သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့ တက်ရောက်လာတာ မြင်လိုက်ရချိန်မှာ အံ့သြခဲ့မိကြောင်း အဆိုပါဆွမ်းကပ်ပွဲကို တက်ရောက်ခဲ့တဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဧရာဝတီကို ပြောပါတယ်။
“သမ္မတလည်း ဒီလို ဆွမ်းကပ်တာမျိုး မလုပ်တာ ကြာခဲ့ပြီလေ။ မထင်မှတ်ပဲ သမ္မတ ကိုယ်တိုင် တက်တာ၊ ကာကွယ်ရေး
ဦးစီးချုပ်တက်လာပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့တာ၊ အလေးပြုတာ၊ ကုသိုလ် ကောင်းမှုတွေ လုပ်တာဟာ ပုံရိပ်တခုကို ပြောင်းလဲဖို့ဆိုတဲ့ အချက်လို့ ထင်ပါတယ်” လို့ သူကဆိုပါတယ်။
အခုလို နိုင်ငံတော်အဆင့်ပွဲမျိုး ကျင်းပပေးတာကိုပဲ ကောင်းမွန်တဲ့ ရလဒ်တခုလို့ ယူဆခဲ့ကြောင်း၊ အာဇာနည်နေ့ မတိုင်ခင် အထိ ဥသြမဆွဲဖို့၊ ဟွန်းမတီးဖို့ စတာတွေကို ကြေညာထားခဲ့ပြီးမှ အခုလို ချက်ချင်း ပြောင်းလဲလိုက်တာဟာ ပြည်သူရဲ့ စိတ်နှလုံးကို ရယူ နိုင်အောင် ပြုလုပ်တာလို့ ထင်မြင်မိကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ဦးအောင်သန်းက ပြောပါတယ်။
အရပ်သား အစိုးရအဖြစ် ပြောင်းလဲခဲ့တဲ့ နောက်ပိုင်းကာလမှာ အာဇာနည် ပုဂ္ဂိုလ်ကြီးများရဲ့ ပုံရိပ်ကို မှေးမှိန်အောင် ပြုလုပ်ခဲ့တဲ့ စစ်အစိုးရနဲ့ မတူတဲ့ အစိုးရတရပ်အဖြစ် ပြည်သူလူထုကို မြင်တွေ့စေချင်ခဲ့ကြောင်း သူက ဆက်ပြောပါတယ်။
“သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးတွေ့ဆုံခဲ့တဲ့ အချိန်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို နောက်ခံအဖြစ် တွေ့မြင်ကတည်းက အရမ်းဝမ်းသာနေခဲ့တာ။ ဒါပေမယ့် အာဇာနည်ကြီးတွေရဲ့ သမိုင်းကို အစိုးရကိုယ်
တိုင် ဦးစီးဦးဆောင်ပြုပြီး ပွဲတွေ ကျင်းပတာမျိုး ဖြစ်စေချင်တာ။ ဘာပဲဖြစ်ဖြစ် ဒီနှစ်လို အစိုးရက လုပ်ခဲ့တာမျိုးကိုတော့ အသိအမှတ်ပြုရမယ်” လို့ သူက ဆိုပါတယ်။
၆၇ နှစ်မြောက် ဒီနှစ် အာဇာနည်နေ့မှာတော့ ကျဆုံးခဲ့ရသော အာဇာနည် ပုဂ္ဂိုလ်ကြီးများကို အောက်မေ့သတိရတဲ့ အနေနဲ့
မြန်မာနိုင်ငံ မြို့ကြီးများအနှံ့ အလေးပြုတဲ့ အခမ်းအနားတွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပခွင့် ရခဲ့ပါတယ်။
ယခင်နှစ်များထက် ပိုမိုထူးခြားစွာနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တဲ့ ရန်ကုန်မြို့က ဝန်ကြီးများရုံးကိုလည်း အများပြည်သူ ကြည့်ရှုခွင့်ရရှိစေဖို့ အချိန်ပိုင်းခန့် ဖွင့်လှစ်ပြသ ခဲ့ပါသေးတယ်။
ရန်ကုန်မြို့ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့တဲ့ နေအိမ်ပြတိုက်၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံထဲက ကြေး ရုပ်တု၊ ဝန်ကြီးများရုံး စတဲ့နေရာတွေမှာ အာဇာနည် ခေါင်းဆောင်ကြီးတွေ အတွက် အောက်မေ့ပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ တာကို မြင်တွေ့ ရသလို အစိုးရပိုင် မီဒီယာတွေမှာလည်း အာဇာနည်ကြီးတွေရဲ့ သမိုင်းမှတ်တမ်းတွေ၊ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ အချိန်မှာ ဝမ်းနည်းကြောင်း ဥသြသံတွေကိုလည်း ထုတ်လွှင့် ပြသခဲ့ကြပါတယ်။
အဲဒီလို အပြောင်းအလဲက တိုင်းပြည်ရဲ့ ပြောင်းလဲမှုကို ပိုမိုမြင့်မားအောင် ပြုလုပ်မှုမျိုးသာ ဖြစ်စေချင်ကြောင်း၊ အာဏာယူရုံ သက်သက်မဟုတ်ဘဲ တိုင်းပြည်ပြောင်းလဲမှုမှာ လိုအပ်ချက်တခု အနေနဲ့ ဆောင်ရွက်တယ်ဆိုရင် လက်ခံ ကြိုဆိုကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဆိုပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) အနေနဲ့က ပြည်သူလူထုရဲ့ အားပေးယုံကြည်မှုကို ရယူနိုင်ဖို့ ပြင်ဆင်လျှက် ရှိနေတာကြောင့် အခုလို ပြည်သူတွေရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းပေးနေတာ ဖြစ်တယ်လို့ တချို့ကလည်း သုံးသပ်ကြပါတယ်။
ဒါ့အပြင် ယခုနှစ်အတွင်း နိုင်ငံခြားက အဆင့်မြင့် ဧည့်သည်တော်တွေ မြန်မာနိုင်ငံအတွင်း လာရောက်မယ့် ခရီးစဉ် များလည်း ရှိနေတာကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတင်းမာမှုတွေကို လျှော့ချလိုတဲ့ သဘောမျိုးလည်း
သက်ရောက် စေတယ်လို့ ပြောကြပါတယ်။
ဒါပေမယ့် ပြည်ခိုင်ဖြိုးပါတီ အနေနဲ့က NLD ပါတီလို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အများကြီး မလိုအပ်ဘူး ဆိုတဲ့ အနေအထားမျိုးကို ပြည်ခိုင်ဖြိုး လွှတ်တော် ကိုယ်စားလှယ်တချို့က ဆိုကြပါတယ်။
လွှတ်တော်အတွင်းက အမတ်နေရာ ၂၆ ရာခိုင်နှုန်း အနိုင်ရရှိရုံနဲ့ ပြည်ခိုင်ဖြိုးအလိုကျ သမ္မတ၊ အစိုးရအဖွဲ့ကို ရွေးချယ်ခွင့် ရှိနေတယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက သုံးသပ်တယ်။
“၂၀၁၅ မှာက ဖွဲ့စည်းပုံအခြေခံ ဥပဒေ မပြင်ရသေးတဲ့ အနေအထားမှာ ရှိနေသေးတယ်။ တပ်က ၂၅ ရာခိုင်နှုန်းဆိုတော့ ပြည်ခိုင်ဖြိုးအနေနဲ့ ၂၆ ရာခိုင်နှုန်း အနိုင်ရဖို့ပဲလိုတယ်။ NLD အနေနဲ့ အဲဒါကို မရအောင် လုပ်ဖို့၊ သူ့လူတွေကို အနိုင် ရအောင်၊ အရည်ချင်းရှိအောင် လုပ်လို့ရမှ သူအာဏာရမှာ။ အခုက ကြံ့ခိုင်ရေးကို ကြိုက်တဲ့အုပ်စုလည်း မသေးဘူး။ ၂၀၁၅ ကိစ္စ ထည့်ကိုပြောစရာမလိုဘူး။ ၂၀၂၀ ဆိုရင်တော့ မပြောတတ်ဘူး” လို့ သူက ဆိုတယ်။
အဲဒါကြောင့် ဒီနှစ်အာဇာနည်နေ့ကို နိုင်ငံတော်အဆင့် ကျင်းပခဲ့တာဟာ ပြည်သူလူထု လိုလားတာကို ဖြည့်ဆည်းပေးရင်း ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေတယ်ဆိုတဲ့ အယူအဆဟာ သေးသိမ်တဲ့ အယူအဆဖြစ်တယ်လို့ ဦးလှဆွေက ဝေဖန် ပါတယ်။
“သမ္မတကြီးက မူနေတယ်ထင်ပါတယ်။ သူလည်း ဦးညွှတ် အလေးပြုချင်မှာပဲလေ။ ဒါပေမယ့် သူက အရင် တပ်မတော် အစိုးရကို ဆက်ခံရတဲ့သူ ဆိုတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်တဲ့သဘော ဖြစ်ပါတယ်။ အရင်အစိုးရ အဆက်ဆက်က ခေါင်းဆောင်တွေ ဘယ်သူကမှ အလေးပြုတာမျိုး မလုပ်ခဲ့ဘူးဆိုတော့ သူ့အနေနဲ့ သွားလုပ်မယ်ဆိုရင် တမျိုးဖြစ်မလား ဆိုပြီး စိုးရိမ်မှုတွေ ရှိချင်ရှိမှာပေါ့။ လွှတ်တော် ဥက္ကဋ္ဌကတော့ လွှတ်တော်ထဲမှာ ဗိုလ်ချုပ် အကြောင်းတွေ ပြတော့ တင့်တယ်သွားတယ်။ သမ္မတကြီးကျတော့ လုပ်ချင်သော်လည်း အားနာနေရတယ်လို့ ထင်ပါတယ်” လို့ သူက ဆိုပါတယ်။