သာသာနာရေး ဝန်ကြီးဌာနပိုင် ငွေကြေးများကို အလွဲသုံးစားလုပ်သည်ဆိုသောစွပ်စွဲချက်ဖြင့် အမှုဖွင့် အရေးယူခံထား ရသော သာသနာရေး ဝန်ကြီးဟောင်းဦးဆန်းဆင့်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ထပ်မံ၍ အမှုဖွင့် လိုက်ကြောင်း သိရှိရသည်။
ယနေ့ ဦးဆန်းဆင့်ကို နေပြည်တော်၊ ဒဏိ္ခဏခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ယင်းသို့ရုံးထုတ်စစ်ဆေးစဉ် နိုင်ငံ တော် အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ထားသည်ကိုပါ သိရှိခဲ့ရခြင်းဖြစ်ကြောင်း ဦးဆန်းဆင့်၏ ရှေ့နေဖြစ်သူ ဦးတင်ထွန်း က ဧရာဝတီသို့ပြောသည်။
“အရင်ဆွဲထားတဲ့ ပုဒ်မ ၄၀၉ ကတော့ ယုံကြည်လို့ အပ်နှံထားတာကိုဖောက်ဖျက်တာ။ အခု ပုဒ်မ ၁၂၄(က) ကျတော့ နိုင်ငံတော် ကို အကြည်ညိုပျက်အောင်လုပ်တယ်။ အားပေးတယ်ဆိုပြီး ဆွဲတာ ။ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဒီလ ၈ ရက်နေ့ ကတည်းက အမှုဆွဲတင်ထားတာ” ဟု ဦးတင်ထွန်းက ရှင်းပြသည်။
ယနေ့ နေပြည်တော် ဒကိ္ခဏခရိုင်တရားရုံးတွင် ဦးဆန်းဆင့်ကို ရုံးထုတ်လာပြီး နေရာအခက်အခဲ အကြောင်းပြ၍ ရှေ့နေ ၅ ဦးအနက် ၂ ဦးကိုသာ တရားရုံးက တရားခွင်သို့ ဝင်ရောက်ခွင့် ပြုခဲ့ကြောင်း၊ ဦးဆန်းဆင့်အမှု သတင်းလာယူသော သတင်း ထောက်များကို တရားရုံးဝင်းအတွင်းသို့ဝင်ရောက်ခွင့် မပြုဘဲ သတင်းယူခွင့်ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။
“သူတို့က လည်ကတုံးနဲ့ လုံခြုံရေးတွေ အများကြီး ခေါ်လာတယ်။ ပြီးတော့ ကွယ်ဖို့တွေလုပ်တယ်။ဓာတ်ပုံ ရိုက်လို့မရအောင် ပေါ့ ။ ကားအဝင်အထွက်ပဲပေးဝင်ပြီးတော့ လူတွေကို တံခါးဖွင့်မပေးဘူး။ တံခါးဖွင့်ပေးဖို့လှမ်းပြောတော့ မကြားချင်ယောင်ဆောင်နေတယ်။ သတင်းယူလို့ အဆင်မပြေဘူး”ဟု နိုင်ငံခြားသတင်းထောက်တဦးက ဧရာဝတီသို့ ပြောသည်။
ဇူလိုင်လ ၃ ရက်နေ့တွင် ဦးဆန်းဆင့်ကို ပထမဆုံးအကြိမ် ပုဗ္ပသီရိမြို့နယ်တရားရုံးတွင် ရုံးထုတ်စဉ်က ဦးဆန်းဆင့်က သူ့အနေဖြင့် အမှားတခုမျှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ၊ ရပ်တည်ချက် မှန်ကန်သော်လည်း သမ္မတ အမိန့်မနာခံ၍ အရေး ယူခံရခြင်း ဖြစ်ကြောင်း သတင်းမီဒီယာများ ကြားသိစေရန် အော်ဟစ်ပြောဆိုမှုများ ရှိခဲ့သည်။
လတ်တလော ဦးဆန်းဆင့်၏ ကျန်းမာရေး ကောင်းမွန်ခြင်းမရှိ၍ ရမည်းသင်းမြို့နယ် ကုတင် ၁၀၀၀ဆေးရုံကြီးတွင် ဆရာဝန်ကြီး များနှင့် တိုင်ပင်ကုသမှု ခံယူနေရကြောင်း၊ ယနေ့တွင် မိသားစုနှင့် တွေ့ဆုံခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီးတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော မဟာ သန္တိသုခ ကျောင်းတိုက်ကို အာဏာပိုင်များက ဇွန်လထဲတွင် ဝင်ရောက် စီးနင်းပြီးနောက် သမ္မတ ဦးသိန်းစိန်က ဦးဆန်းဆင့် ကို နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်သည်ဆိုကာ နေပြည်တော် ပုဗ္ပသီရိမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉/၁၀၉ ဖြင့် ခဲ့ပြီး ဝန်ကြီးအဖြစ်မှ အနားပေးခဲ့သည်။