သတင်း

Bi မွန်းတည့်နေ ဂျာနယ် အမှု ရမန် ထပ်ယူ

This article has been converted from Zawgyi One to Unicode

ကြားဖြတ်အစိုးရ သတင်း ရေးသား ဖော်ပြသည့် Bi မွန်းတည့်နေ ဂျာနယ်၏ ဖမ်းဆီးခံရသူ အယ်ဒီတာ သုံးဦးကို ယနေ့ ရန်ကုန် တိုင်း ဒေသကြီး ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်၍ ဒုတိယ အကြိမ် ရမန် ထပ်ယူကြောင်း သိရသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ဖြန့်ချိသည့် Bi မွန်းတည့်နေ ဂျာနယ် အတွဲ (၁)၊ အမှတ် (၂၉) တွင် “ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်း သား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း M.D.C.F ထုတ်ပြန်”ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့မှုကြောင့် အယ်ဒီတာ သုံးဦး နှင့် သတင်းရေးသားသည့် သတင်းထောက် တဦးကို ၁၉၅၀ အရေးပေါ်စီမံချက်ဥပဒေ ပုဒ်မ ၅ (ဃ)၊ ၅ (ည) တို့ဖြင့် ရဲသတင်း အထူးတပ်ဖွဲ့(SB) မှ ရဲမှူး ထွန်းသိန်းက အမှုဖွင့်ပြီး ဖမ်းဆီး စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယနေ့ ရမန်ယူရာတွင် အဆိုပါသတင်း ရေးသားသော သတင်းထောက် အတွက် မပါဝင်ကြောင်း၊ မနက်ဖြန်တွင် ရမန်ယူရန် ရှိကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံ ရှေ့နေကွန်ရက်မှ ဦးရောဘတ်စန်းအောင် က ဧရာဝတီသို့ ပြောသည်။

“တရားစွဲဆိုဖို့ စစ်ဆေးချက်တွေ မပြည့်စုံသေးတဲ့အတွက် ဒုတိယအကြိမ် ရမန်ယူတာပါ။ မဲဆောက်မှာက ထုတ်ဝေသူ နှစ်ဦးနဲ့ သူတို့ မိတ်ဆွေ တဦးပေါ့။ ဒေါက်တာ အိအိစံကတော့ ကျင့်ထုံး ပုဒ်မ ၁၆၉ အချက်အလက် မခိုင်မာတဲ့အတွက် ပြန်လွှတ်လိုက်ပါပြီ။ အခုဖမ်းထားတဲ့ သူတွေကလည်း အားလုံးကျမယ်၊ မကျဘူးဆိုတာ သေချာမသိသေးဘူး။ စစ်ဆေးချက်ပေါ် မူတည်ပါတယ်”ဟု ဦးရောဘတ်စန်းအောင် က ဆိုသည်။

ဇူလိုင် ၁၆ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဂျာနယ် ထုတ်ဝေသူ ဦးကျော်မင်းခိုင် ၊ဒေါက်တာ အိအိစံ နှင့် မိတ်ဆွေ ဖြစ်သူ ဦးယဉ်မင်းထွန်း တို့ကိုလည်း ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။

ယခုစွဲဆိုထားသော ပုဒ်မ ၅ (ဃ)၊ ၅ (ည)သည် အနည်းဆုံး တမှုကို ထောင်ဒဏ် ၇ နှစ်ရှိပြီး ထောင်ဒဏ် ၁၄ နှစ် ကျခံရနိုင်ကြောင်း လည်း ဦးရောဘတ်စန်းအောင် က ပြောပြသည်။

ယနေ့ ရမန်ယူသည့် အယ်ဒီတာ သုံးဦးကို အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း၊ သတင်းရေးသားသော ကျော်ဇောဟိန်းကို လက်ရှိ စမ်းချောင်းမြို့နယ် ရဲစခန်းတွင်ထားရှိကြောင်း၊ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဖမ်းဆီးခဲ့သည့် ထုတ်ဝေသူများကိုမူ မည်သည့် နေရာ တွင် ထားသည်ကို မသိရှိရသေးကြောင်းလည်း ၎င်းက ဆိုသည်။

ပန်းပဲတန်းတရားရုံးသို့ ရောက်ရှိလာသော သတင်းရေးသားသူ ကျော်ဇောဟိန်း၏ ဖခင် ဖြစ်သူ ဦးခင်အောင်က“ကျနော့်သားကို ဒီ လ ၈ ရက်နေ့ ည ၉နာရီမှာ ရပ်ကွက်က လာ ခေါ်သွားတယ်။ အခုတော့ စမ်းချောင်း ရဲစခန်းမှာ ထားထားပါတယ်။ စစ်ကြောရေးမှာတော့ သူကို ရိုက်တာနှက်တာ မရှိပါဘူး။ ကျနော့်သားနဲ့ပတ်သက်ပြီး ဘာဆက်လုပ်ရမှန်းကို မသိတော့ဘူး။ ဒီနေ့ရုံးထုတ်မယ် ဆိုပြီး တော့ လာတာပါပဲ”ဟု ဧရာဝတီ သို့ ပြောသည်။

ထို သတင်းကို ထုတ်ပြန်ခဲ့သည့် ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု(M.D.C.F) အဖွဲ့ ခေါင်းဆောင် ဦးထင်ကျော်သည် အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တောင်ဥက္ကလာ၊ ကျောက်တံတား၊ တောင်ဒဂုံ နှင့် ဒဂုံဆိပ်ကမ်း မြို့နယ် တရားရုံးများတွင် အမှုရင်ဆိုင်နေရသူဖြစ်ပြီး တောင်ဥက္ကလာ တရားရုံးက ၎င်းအား ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သဖြင့် အင်းစိန်ထောင်သို့ ပို့ဆောင် အကျဉ်းချခံထားရကြောင်း သိရသည်။

ဇူလိုင် ၈ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် Bi မွန်းတည့်နေ ဂျာနယ်၏ သတင်းကြောင့် ထင်ယောင်ထင်မှား ဖြစ်စေပြီး နိုင်ငံတော် အစိုးရကို အကြည်ညို ပျက်စေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းနှင့် အများပြည်သူ၏ အကျိုးပျက် စီးမှု ကို ဖြစ်ပေါ်စေနိုင်သည်ဟု ဖော်ပြခဲ့သည်။

“သတင်းမီဒီယာတွေ သတင်းရေးသားမှုပေါ်မှာ နိုင်ငံရေးပုဒ်မနဲ့ စွဲချက်တင်တာကတော့ မကောင်းဘူး။ သတင်းကောင်စီနဲ့ ညှိနှိုင်းပြီး တော့မှ လုပ်ရင် ပိုကောင်းတာပေါ့။ သတင်းကောင်စီကို တင်ပြပြီးမှ ညှိနှိုင်းမှု အဆင်မပြေမှ ဥပဒေကြောင်းအရ သွားသင့်ပါတယ်” ဟု ဦးရောဘတ်စန်းအောင် က ပြောဆိုသည်။

Loading