ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ ကျပ်သိန်း ၂၀၀၀ ကျော်တန် မူးယစ်ဆေးဝါးတွေ သယ် လာ တဲ့ မူးယစ်ကုန်သည်တွေကို တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့နဲ့ နယ်မြေခံ ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိပါတယ်။
ဇူလိုင်လ ၁၉ ရက် ညနေက ပန်ကူ ကျေးရွာကနေ တာချီလိတ်မြို့ ဘက်ကို မောင်းနှင်လာတဲ့ VIGO အမျိုးအစား အဖြူရောင် ကား ကို တားဆီးစစ်ဆေးခဲ့ရာမှာ မူးယစ်ကုန်သည်တွေနဲ့ အတူ စုစုပေါင်း ကာလတန်ကျေး ကျပ်သိန်း ၂၂၉၆ သိန်း ရှိတဲ့ ဘိန်းဖြူဘလောက်တုံးတွေ၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ငွေကြေးတွေဖမ်းမိခဲ့တာ ဖြစ်တယ်လို့ မူးယစ်ဆေးဝါးဖမ်းဆီး နှိမ်နှင်းရေး အထူး ရဲတပ်ဖွဲ့ က ဧရာဝတီကို ပြောပါတယ်။
တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါးဖမ်းဆီးနှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့ ရုံးဦးစီးမှူး ရဲအုပ် အောင်ကျော်စိုး က“ပန်ကူကနေ တာချီလိတ် လာတဲ့ လမ်းကြောင်းမှာ မောင်းလာတဲ့ VIGO တစီးကို မသင်္ကာတာနဲ့ တားဆီးစစ်ဆေးရာကနေ မိတာ”လို့ သူက ဧရာဝတီကို ပြော ပါတယ်။
ကားကို တားဆီးစစ်ဆေးချိန်မှာ အမေရိကန်နိုင်ငံထုတ် 5202 နံပတ်ပါ ပွိုင့် ၃၈ ပစ္စတို သေနတ်တလက်၊ ကျည် ၁၄ တောင့်ပါ ကျည်ကတ် ၂ ကတ်၊ ၁၄.၃၅ ကီလိုရှိတဲ့ ဘိန်းဖြူ ဘလောက်တုံး ၄၀၊ ဘတ်ငွေ ၆ သိန်းခွဲ နဲ့ ကျကွင်း (လားဟူ)၊ နန်းစံခမ်း (ရှမ်း)နဲ့ ကျဘိုး (ရှမ်း) တို့ သုံးဦးကို သက်သေခံ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကာယကံရှင်တွေရဲ့ ဖြောင့်ချက်ပေးမှုကြောင့် ကျကွင်းနဲ့ နန်းစံခမ်းတို့ နေထိုင်ရာ တာချီလိတ်မြို့နယ် ဆန်ဆိုင်း (ခ) ရပ်ကွက်က အိမ်ကို ထပ်မံဝင်ရောက်ရှာဖွေရာ ကျပ် ၅၆ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး တတုံးနဲ့ အမေရိကန်ဒေါ်လာ တရာတန် အရွက် ၁၁၀ ကို ထပ်မံ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းဆီးရမိထားတဲ့ ကာယကံရှင် သုံးဦးကိုလည်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလည်း စေသော ဆေး ဝါးများဆိုင်ရာ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)၊ ၂၀ (က)၊ ၂၂ (ခ)/ ၂၁ အရ တာချီလိတ်မြို့မ ရဲစခန်းမှာ အရေးယူ ဆောင်ရွက် ထားတယ်လို့ ဆိုပါတယ်။
အခုဖမ်းဆီးရမိတဲ့ ဖြစ်စဉ်ဟာ တာချီလိတ်မြို့နယ်မှာ ၅ ရက်အတွင်း မိတဲ့ မူးယစ်ဆေးဝါးအမှု ၃ မှုအနက် တန်ဖိုး အများဆုံးဖြစ်ပြီး ဇူလိုင် ၂၁ ရက်ကလည်း လာအိုနိုင်ငံဘက်မှ ဝင်လာတဲ့ ကျပ် ၁၁၀.၁၅ သိန်း တန်ဖိုးရှိ အိုက်စ် အဖြူရောင် ၅၀၅ ကီလို ဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇူလိုင် ၁၈ ရက်နေ့ကလည်း မိုင်းဆတ်ဘက်မှ တာချီလိတ်မြို့ အလာလမ်းမှာ ဆိုင်ကယ်တစီးအတွင်းက ကာလတန်ကြေး ၂၉ သိန်းတန် WY ပန်းရောင် စိတ်ကြွဆေးပြား ၁၁၈၅ ပြားကို ဟွေရဲပူးပေါင်းစစ်ဆေးရေး စခန်းက ဖမ်းဆီးရမိခဲ့တယ်လို့ တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့က ပြောပါတယ်။
“ဒီရက်ပိုင်းမှာ အဖမ်း အဆီးတွေ စိတ်လာတယ်ဆိုတာက ကျနော်တို့ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေး တပ်ဖွဲ့စု ၃၀ အနေနဲ့ ပုံမှန်လုပ်နေကြ လုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့် ပိတ်ဆို့စီမံကိန်းတွေရေးဆွဲပြီးတော့ မြို့ပြင်လမ်းတွေမှာရှိတဲ့ မူးယစ်ဆေးဝါး သယ်ဆောင် လာနိုင်တဲ့ လမ်းကြောင်းတွေမှာ စစ်ဆေးရွာဖွေခဲ့တာ။ အဓိက ကတော့ ၂၀၁၄ ဇူလိုင် ၁၄ ရက်နေ့မှာ ပိတ်ဆို့ရှာဖွေရေး စီမံချက်ကို ဆွဲလိုက်တာကနေ ဆက်တိုက်ဖမ်းဆီးမိတာပါ”လို့ ရဲအုပ် အောင်ကျော်စိုး က ပြောပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) က အရှေ့တောင် အာရှဘိန်းနဲ့ ပတ်သက်တဲ့ ကွင်းဆင်းလေ့လာချက် အရ မြန်မာ နိုင်ငံဟာ ၂၀၁၃ ခုနှစ်အတွင်း ဘိန်း ၈၇၀ မက် ထရစ်တန် ထုတ်လုပ်ထားတယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်ပြီးရင် ဒုတိယ အကြီးဆုံး ဘိန်းစိုက်ပျိုးသူအဖြစ် ရှိနေဆဲဖြစ်တယ် လို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်လိုက် တဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။
ဒီအခြေအနေတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ထုတ်လုပ်မှုထက်စာရင် ၂၆ ရာခိုင်နှုန်း တိုးတက်လာ တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှု ရပ်တန့်ရေး ကြိုးပမ်းမှုတွေဟာ လုံးဝ အောင်မြင်ခြင်း မရှိတာဟာ ဆင်းရဲသား တောင်သူ လယ်သမားတွေ စားဝတ်နေရေးအတွက် အခြားနည်းလမ်း မရှိတာကြောင့်လို့ ဖော်ပြထားပါတယ်။