ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ သာပေါင်း၊ ဓနုဖြူ၊ ပန်းတနော်နှင့် မြောင်းမြမြို့နယ်များ၌ ပြီးခဲ့သည့် ရက်အတွင်း မိုးသည်း ထန် စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့ရာ နေအိမ် ၂၄ လုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၁ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် သာပေါင်းမြို့နယ်တွင် အိမ် ၁၃ လုံး၊ ဓနုဖြူမြို့နယ်တွင် အိမ် ၁၀ လုံး၊ မြောင်းမြမြို့နယ်တွင် လူမနေ သည့် တိုက်ခန်းတခုနှင့် ပန်းတနော်မြို့နယ်တွင် စာသင်ကျောင်းနံရံတခု ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမြို့နယ်မှ ဒေသခံများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။
“သာပေါင်းမှာတော့ မိုးကလည်း သည်းသည်းမည်းမည်းရွာရင်း လေကလည်းတိုက်တော့ အိမ် ၆ လုံးက ပြိုကျသွားတယ်။ ၇ လုံး လောက်ကတော့ အမိုးတွေလန်၊ အကာတွေပျက်စီးတာတွေ ဖြစ်တယ်။ အိမ်တွေကတော့ ဓနိမိုး၊ ထရံကာ အမျိုးအစားတွေပေါ့”ဟု သာပေါင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်က ဧရာဝတီကို ပြောသည်။
လေပြင်းတိုက်ခတ်မှုကြောင့် သာပေါင်းမြို့နယ်အတွင်းရှိ ငဝန်ဒေါင့်ကြီး၊ ပျဉ်းမထုံး၊ အုပ်ရှစ်၊ ထန်းကြို့ကုန်းကျေးရွာများမှ နေအိမ်များ ပျက်စီးခဲ့ခြင်းဖြစ်ပြီး မိသားစု ၁၃ စုမှ လူဦးရေ ၆၉ ဦးမှာ ကျေးရွာအတွင်းရှိ မိဘဆွေမျိုးများအိမ်တွင် ယာယီ ခိုလှုံနေကြရကြောင်း သိရသည်။
အလားတူ ဓနုဖြူမြို့နယ် သဲဖြူကျေးရွာတွင်လည်း လေပြင်းတိုက်မှုကြောင့် နေအိမ် ၃ လုံးနှင့် နွားတင်းကုပ်တခု ပြိုကျပျက်စီးခဲ့ပြီး အိမ် ၇ လုံးမှာ အမိုးအကာများ ပျက်စီးသွားခဲ့သည်။
“ည ၇ နာရီလောက်က လေပြင်းတိုက်တာပေါ့။ လောလောဆယ် သူတို့ဆီက ပျက်စီးမှု အခြေအနေစာရင်း ကောက်နေပါတယ်။ ကူညီ ကယ်ဆယ်ရေးလုပ်ဖို့ ကျနော်တို့နဲ့ မြို့နယ်အုပ်ချုပ်ရေးဌာနက ပြင်ဆင်နေကြပါတယ်”ဟု ဓနုဖြူမြို့နယ် တိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် ဦးလှမြင့် က ပြောသည်။
ထို့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတနော်မြို့နယ် ဇရပ်လှကြီး ကျေးရွာ အထက်တန်းကျောင်းခွဲ ၏ ဆဌမတန်း စာသင်ခန်း နံရံ ပြိုကျပျက်စီးခဲ့ပြီး မြောင်းမြမြို့နယ်၌လည်း မြို့မရဲစခန်းဝင်း အတွင်းရှိ လူမနေသော နှစ်ခန်းတွဲ တိုက်လိုင်းခန်း အမှတ် ၃/၁၁ ပြို ကျ ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်များ၌ ဖြစ်ပွားခဲ့သော နေအိမ်အဆောက်အအုံ ပြိုကျပျက်စီးမှုများကြောင့် လူသေဆုံ၊ ဒဏ်ရာရးခြင်း မရှိကြောင်း စုံစမ်း သိရှိရသည်။
သဘာ၀ ဘေးဒဏ်ခံ ပြည်သူများအား အမြန်ဆုံး ကယ်ဆယ်ဆောင်ရွက်ပေးရန် ညွန်ကြားထားကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဒေါ်ခင်စောမူက ဧရာဝတီကို ပြောသည်။
“သဘာဝဘေးအန္တရယ် ဖြစ်လာရင် အမြန်ဆုံး ကယ်ဆယ်ဆောင်ရွက်ပေးနိုင်ဖို့ အတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် သဘာဝဘေး ကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားသလို အခုလည်း ပြည်သူတွေကို ကူညီဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပါတယ်။ စာသင် ကျောင်း ပျက်စီးမှုကတော့ သိန်း ၅၀ အောက် ကုန်ကျနိုင်တဲ့ ကျောင်းမျိုးဆိုရင် တိုင်းအစိုးရအဖွဲ့ အစီအစဉ်နဲ့ ကျမတို့ ပြင်ဆင်ပေး သွားမှာပါ”ဟုလည်း သူက ပြောဆိုသည်။
သာပေါင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်ကလည်း“ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်ဆောက်ပေးဖို့ ကျေးရွာ သဘာဝဘေး ကယ် ဆယ် ရေး ကော်မတီက စီစဉ်နေပါပြီ။ အိမ်တွေဆောက်နေဆဲမှာ လူတွေကတော့ သူတို့ ဆွေမျိုးတွေအိမ်မှာ နေကြတယ်။ စားရေး သောက်ရေးလည်း ကျေးရွာက ကူညီပံ့ပိုးထားပါတယ်”ဟု ပြောသည်။
၂၀၁၂ ခုနှစ် သြဂုတ်လ အတွင်းက မိုးသည်းထန်စွာ ရွာသွန်းသည့် အတွက် သာပေါင်းမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀၀ ထက် မနည်း ရေနစ်မြုပ်ခဲ့သေးသည်။
ယခုလ ဒုတိယပတ် အတွင်းကလည်း ထူးကဲဒီရေမြင့်တက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း မြို့နယ်ရှိ နေအိမ် ၇ လုံး ပျက်စီးခဲ့ပြီး ရေလွမ်းမိုးခံရသည့်နေအိမ် ၃၆ လုံးကို တာဝန်ရှိသူများက ရေလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ ပြီး ဘိုကလေးမြို့နယ် ကဒုံကနိ ကျေးရွာတွင်လည်း အိမ် ၃၆ လုံးကို ရေလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။