စစ်အစိုးရရေးဆွဲခဲ့တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ကြီးသုံး ကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ ဆက်ဆံရေး မပြေလည်ချိန်မှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြန်လည် ထိတွေ့ဆက်ဆံဖို့ ကြိုးစားမှုတချို့ ရှိလာတာကို တွေ့လာရပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့ မကွေးတိုင်း၊ ပခုက္ကူ မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲမှာ ဒေါ်အောင် ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်းနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို တိုင်းပြည် နဲ့လူမျိုးအတွက် ထောက်ထားကြဖို့၊ စေတနာရှိကြောင်း ပြသဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့လိုကြောင်း ပြောဆိုခဲ့ပါတယ်။ ပခုက္ကူ ဟောပြောပွဲကြောင့် ကြီးသုံးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ နိုင်ငံရေး ရေချိန်ကို သိသာစေတာမို့ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေး အသိုင်း အဝိုင်းက လိပ်ခဲတည်းလည်း မြန်မာ့ နိုင်ငံရေးအကျပ်အတည်းကို အာရုံစိုက်လာကြပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ သမ္မတဦးသိန်းစိန် အထူးအားထားရတဲ့ သမ္မတရုံးဝန်ကြီး ဦးလှထွန်းနဲ့ ဒေါ် အောင်ဆန်း စုကြည် တို့ နေပြည် တော်အစိုးရရုံး အမှတ် ၁၈ မှာ တွေ့ဆုံဆွေးနွေးမှုတရပ် ပြုလုပ်ခဲ့ပါ တယ်။ တွေ့ဆုံဆွေးနွေးမှု ခေါင်းစဉ်က တရားဥပဒေ စိုးမိုးရေးစင်တာ ဖွင့်လှစ်ရေးအတွက် တွေ့ဆုံဆွေး နွေးကြ တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သတင်းထုတ်ပြန်ပါတယ်။
သမ္မတ ဦးသိန်းစိန်ကို တချိန်က ပြုပြင်ပြောင်း လဲရေးသမားအဖြစ် ယုံကြည်ပါတယ်လို့ ပြောဆိုခဲ့ပြီး နောက် ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေက အလုပ်မဖြစ်ဘူးလို့ ပြန်လည်ပြင်ဆင် ပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ သမ္မတ ရုံးဝန်ကြီး ဦးလှထွန်းကို ကြည်ကြည်သာသာနဲ့ လက်ခံတွေ့ဆုံသလို သမ္မတ ဦးသိန်း စိန်ဘက်ကလည်း ဒေါ်အောင်ဆန်း စုကြည် ဆောင်ရွက်နေတဲ့ တရားဥပဒေ စိုးမိုး ရေးစင်တာ ဖွင့်လှစ်ရေးမှာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လာတာမို့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ထိတွေ့ ဆက်ဆံဖို့ ကြိုးစားလာတာ အသေအချာပါပဲ။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီက တရားဥပဒေ စိုးမိုးရေး စင်တာတွေဖွင့်ဖို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) နဲ့ ၂၀၁၃ ခုနှစ်လောက်ကတည်းက ကြိုးပမ်းနေတာဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး စင်တာတွေကို လားရှိုးနဲ့ မန္တလေးမှာ လာမယ့် စက်တင်ဘာလမှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒီတရားဥပဒေ စိုးမိုးရေးစင်တာတွေမှာ ပြည်သူတွေ အပါအဝင် နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်တဲ့ အလွှာအသီးသီးကို တရားဥပဒေ စိုးမိုးရေးဆိုင်ရာ သင်တန်းတွေ၊ ပို့ချချက်တွေအပြင် တိုင်ကြားမှုတွေ ကို လက်ခံတာမျိုးတွေ လုပ်ဖို့ရှိနေပါတယ်။
တရားဥပဒေ စိုးမိုးရေးစင်တာ ဖွင့်လှစ်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ သမ္မတရုံးဝန်ကြီး ဦးလှထွန်းနဲ့ ဒေါ်အောင်ဆန်းစု ကြည်တို့ တွေ့ဆုံခဲ့ပေမယ့် ဒီတွေ့ဆုံဆွေးနွေး မှုက အဲဒီခေါင်းစဉ်ထက်ပိုပြီး ကြီးမားတဲ့ ပြန်လည် ရင်ကြားစေ့ ရေး ခြေလှမ်း တရပ်အဖြစ် ရှုမြင်မယ် ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဦးသိန်းစိန်က သမ္မတ ရုံးဝန်ကြီး ဦးလှထွန်းကို ဒေါ်အောင်ဆန်း စုကြည် နဲ့ ထိတွေ့ဆက်ခံခိုင်းခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် ရဲ့သဘောထားကို စူးစမ်းချင်ပုံ ရပါတယ်။
“တွေ့ဆုံဆွေးနွေးမှု အသေးစိတ်တော့ ကျနော် မပြောနိုင်ဘူး။ ခေါင်းစဉ်ကတော့ တရားဥပဒေစိုးမိုး ရေးစင်တာ တွေ ဖွင့်ဖို့ပဲ ဆွေးနွေးတာပေါ့။ တဖက်နဲ့ တဖက် နွေးနွေးထွေးထွေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ်ကြပါတယ်” လို့ တွေ့ဆုံ ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘက်မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အားရစရာ ကောင်းတဲ့ အခြေအနေ လုံးဝမရှိပါဘူး။ တချိန်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသမား အဖြစ်ပြောဆိုခဲ့တဲ့ လွှတ်တော်နာယက သူရဦးရွှေမန်း ကလည်း NLD ကလုပ်ဆောင်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလှုပ်ရှား မှုတွေက လွှတ်တော်ကို မသက်ရောက်ဘူး၊ NLD က ကန့်ကွက်နေတဲ့ အချိုး ကျကိုယ်စားပြုစနစ် (PR) ကို တိုင်းပြည်အတွက်အကျိုး ရှိရင် ရွေးကောက်ပွဲမှာ သုံးမယ်ဆိုပြီးပြောဆိုလိုက်တာမို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း သဘောထား တွေ မတိုက်ဆိုင်တော့ဘူးဆိုတာအထင် အရှားပါပဲ။
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် တောင်းဆို နေဆဲပါပဲ။ သမ္မတ ဦးသိန်းစိန် ရဲ့ထိတွေ့ဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည် ဘက်က ပြန်လည် လက်ခံတာဟာ လေးပွင့်ဆိုင်တွေ့ဆုံ ရေးဖြစ်လာဖို့ ရည်ရွယ်ချက်ရှိပုံ ရတယ်လို့ NLD အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
သမ္မတ ဦးသိန်းစိန်ဘက်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခိုင်ခိုင်မာမာ ရပ်တည် နေတာမို့ ဦးသိန်းစိန်နဲ့ ဆက်ဆံရေးကောင်းမွန်ခြင်းက ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုအတွက် အဖြေ တစုံတခုတော့ ရစေနိုင်မယ့်အပြင် ၂၀၁၅ ရွေးကောက်ပွဲအပြီး နိုင်ငံရေး မတည်မငြိမ် မဖြစ်စေဖို့ ညှိနှိုင်းမှုတွေ လုပ်နိုင်မယ့် အခြေအနေ ရှိပါတယ်။
“သမ္မတ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး သမားအဖြစ် ယုံကြည်ပါတယ်” ၊”နာယကကြီး (သူရ ဦးရွှေမန်း)က ဖြောင့်ဖြောင့်မတ်မတ်ပါပဲ” လို့ပြောဆိုပြီး စစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေးကစားကွက်မှာ အသုံးချခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီတခါတော့ သေချာတဲ့ နိုင်ငံရေးဗျူဟာ တရပ်ကို ခင်းကျင်းလို့ သမ္မတ ဦးသိန်းစိန်နဲ့ ထိတွေ့ဆက်ဆံရေး ပြန်လည် စတင်မယ်ဆိုရင် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးအတွက် အကျိုးအမြတ်တခုတော့ ထွက်နိုင်မယ့် အခြေအနေရှိပါတယ်။