ကချင်ပြည်နယ်ရှိ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာနယ်မြေရှိ ဂျေယန်း ဒုက္ခသည်စခန်းတွင် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက မြေပြိုမှု ဖြစ်ပွားပြီး လူ ၅ ဦး သေဆုံးသွားကြောင်း သိရသည်။
မြေပြိုမှုကြောင့် ကလေး ၃ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အသက် ၇၀ ကျော် အဘွားအို ၁ ဦး သေဆုံးခဲ့ပြီး အိမ်ထောင်စု ၂ စုပေါင်း နေထိုင်သည့် အိမ်တလုံး ပျက်စီးခဲ့သည်ဟု ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆာက ဧရာဝတီ ကို ပြောသည်။
လက်ရှိအချိန်တွင် မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဒုက္ခသည် စခန်းသို့ စားနပ်ရိက္ခာ ပို့ဆောင်ရန် ခက်ခဲနေသည်ဟု ၎င်းက ဆက်ပြောသည်။
ဦးဒွဲပီဆာက“ကလေးတွေ ကျောင်းသွားဖို့ ပြင်နေချိန်မှာ ဖြစ်သွားတာပါ။ ဒုက္ခသည် စခန်းတခုနဲ့ တခုသွားဖို့တောင် လမ်းမရှိဘူး။ ကားလမ်းတွေတောင် မြေပြိုမှုကြောင့် ပိတ်နေပါတယ်။ အန္တရာယ် ဖြစ်နိုင်တဲ့နေရာ မြေပြိုနိုင်တဲ့ နေရာနဲ့ ဝေးအောင် တော့ အိမ်တွေကို ပြောင်းရွှေ့ခိုင်းထားပါတယ်”ဟုလည်း ပြောဆိုသည်။
KIO ထိန်းချုပ်ရာ ဒေသများ၌ ဒုက္ခသည်စခန်း စုစုပေါင်း ၃၀ ကျော် ရှိပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်း၌ ကချင် စစ်ပြေး ဒုက္ခသည် စုစုပေါင်း တသိန်း နီးပါး ရှိသည်ဟု သိရသည်။
ယင်းဒုက္ခသည်များသည် ၂၀၁၁ ခုနစ်က စတင်ပြီး အစိုးရ တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တပ်များ အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် တိမ်းရှောင် လာကြသူများ ဖြစ်ကြောင်း ဦးဒွဲပီဆာက ပြောသည်။
အလားတူ ကချင်ပြည်နယ် မိုင်ဂျာယန်ရှိ ဘွန်စစ်ပါ ဒုက္ခသည် စခန်းတွင်လည်း မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် နေ အိမ်များ အတွင်းသို့ ရေဝင်ခြင်းနှင့် ဒုက္ခသည်စခန်း သွားလာရာ လမ်းများ ပျက်စီးပြီး စာနပ်ရိက္ခာ ပို့ဆောင်ရာတွင် ခက်ခဲနေ သည်ဟု စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီ ပေးနေသည့် ဝမ်ပေါင်နင်းထွဲ အဖွဲ့မှ ဒေါ်မေရီတောင်က ဧရာဝတီကို ပြောသည်။
ဒေါ်မေရီတောင်က“မနှစ်က အင်ခေါင်းပါကမ့် ဆိုရင် မြေပြိုမှုတွေ ကြုံခဲ့တယ်။ ဒါပေမယ့် လူသေမှုတွေ ထိခိုက်မှုတွေ မရှိဘူး။ ဒီနှစ်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရတာပေါ့။ မိုးတွေ အရမ်းရွာတော့ ဖျားနာမှုတွေ တော်တော်များပါတယ်”ဟု ဆို သည်။
အစိုးရနှင့် KIA အကြား ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး တွေ့ဆုံဆွေးနွေး နေကြ သည့်တိုင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးပေ။