ရဲသတင်း အထူးတပ်ဖွဲ့က မြန်မာ သံတော်ဆင့် အယ်ဒီတာ ၃ ဦးကို ရန်ကုန်မြို့၊ အောင်သပြေ ရဲရိပ်သာသို့ ယနေ့ နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ ဂျာနယ်ပိုင်ဆိုင်မှုနှင့် ဂျာနယ်လည်ပတ်သည့် ပုံစံများကို ခေါ်ယူ စစ်ဆေးခဲ့ပြီး နောက်တကြိမ် ထပ်မံခေါ်ယူမေးမြန်းရန် ချိန်းဆိုထားကြောင်း သိရသည်။
သံတော်ဆင့် ဂျာနယ် ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် ဦးကျော်စွာဝင်း၊ ဒု အယ်ဒီတာချုပ် (သုတေသန) ဦးဆန်းဝင်းထွန်းနှင့် တာဝန်ခံ အယ်ဒီတာ (ပြင်ပဆက်ဆံရေး) ဦးအောင်ကိုကိုတို့ ၃ ဦးကို မြန်မာနိုင်ငံ ရဲသတင်း အထူးတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စုံးစမ်းစစ်ဆေးမှု မပြီးပြတ်ဟုဆိုကာ ဇူလိုင်လ ၂၄ ရက်နေ့ ည ၇ နာရီသို့ ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။
“သတင်းတွေ ဘယ်လိုပို့လဲ၊ ဘယ်လိုယူလဲဆိုတာ မေးတယ်။ ဒီဂျာနယ်က ဘယ်သူ ပိုင်တာမျိုးတွေ မေးတယ်။ အချက်အလက်စုတဲ့ သဘောမျိုး မေးနေတာ။ ဂျာနယ်ကို ကြံ့ခိုင်ရေးပါတီ အသိုင်းအဝိုင်းကဆိုပြီး ထင်တာမျိုးလည်း ရှိတယ်။ ဦးဆန်းဆင့် သတင်းတွေ ဖော်ပြတာများတော့ ဦးဆန်းဆင့် ထုတ်တယ်လို့ ထင်တာမျိုးပါ။ ဂျာနယ်က ဦးဆန်းဆင့် ထုတ်တာ လုံး၀ မဟုတ်ပါဘူး” ဟု စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသူ ယင်းဂျာနယ်၏ ဒု အယ်ဒီတာချုပ် ဦးဆန်းဝင်းထွန်းက ဧရာဝတီသို့ ပြောသည်။
သံတော်ဆင့် ဂျာနယ် အယ်ဒီတာများ ခေါ်ယူစစ်ဆေးခံရခြင်းမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် အဖမ်းခံထားရသည့် သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်နှင့် ဆက်နွှယ်မှုများ ရှိနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။
ရဲသတင်း အထူးတပ်ဖွဲ့က သံတော်ဆင့် အယ်ဒီတာချုပ် ဦးကျော်စွာဝင်းအား အချိန် ၄ နာရီခွဲခန့် မေးမြန်းခဲ့ကြောင်း သိရသည်။
“မေးတာက ဂျာနယ်ရဲ့ သမိုင်းကြောင်းကို သိချင်တာ။ ဂျာနယ်ကို ဘယ်နှစ်ခုနှစ်က စထုတ်လဲ။ ဘယ်သူနဲ့ ထုတ်တာလဲ။ ဘယ်သူ့ အထောက်အပံ့တွေ ရလဲဆိုတာမျိုး မေးတယ်။ ကျနော်တို့ ဘယ်သူ့ အထောက်အပံ့မှ မပါပါဘူး။ ကိုယ့်ဘာသာ
ကြိုးစားပြီးတော့ စောင်ရေ ၃၀၀၀ လောက်နဲ့ စခဲ့တာပါ။ အခုခေါ်မေးတာက ကျန်တဲ့ ဂျာနယ်တွေ အားလုံးကို ခေါ်မေးတဲ့ ပုံစံမျိုးပါပဲ” ဟု ခေါ်ယူမေးမြန်းခံခဲ့ရသည့် တာဝန်ခံ အယ်ဒီတာ ဦးအောင်ကိုကိုက ပြောသည်။
ဇူလိုင်လ ၂၂ ရက်နေ့ နေလည်ပိုင်းက ရဲသတင်း အထူးတပ်ဖွဲ့တချို့ မြန်မာသံတော်ဆင့် ဂျာနယ်တိုက်သို့ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းရန် လာရောက် ခေါ်ဆောင်သောကြောင့် ဂျာနယ်ဘက်မှ တရားဝင် စာဖြင့် ဖိတ်ခေါ်ရန်
တောင်းဆိုသဖြင့် စာဖြင့် ဖိတ်ခေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ဖိတ်စာထဲတွင် ပါဝင်သည့် လိပ်စာဖြစ်သော အောင်သပြေ ရဲရိပ်သာသို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း ဟု ယင်းဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ တဦးဖြစ်သူ ဦးအောင်ထွန်းလင်းက ပြောသည်။
၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ယူနတီ ဂျာနယ်မှ သတင်းသမား ၅ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။ ထို့အပြင် ဇူလိုင်လ ၇ ရက်နေ့တွင် ကြားဖြတ် အစိုးရသတင်း ဖော်ပြခဲ့သည့် Bi မွန်းတည့်နေဂျာနယ်မှ ထုတ်ဝေသူနှင့် သတင်းသမားများကို အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅(ဃ)၊ ၅ (ည) တို့ဖြင့် အရေးယူထားသည်။
ပြီးခဲ့သည့် လများတွင် ရဲသတင်း အထူးတပ်ဖွဲ့က ဧရာဝတီ သတင်းဌာန အပါအဝင် သတင်းမီဒီယာတချို့၏ လုပ်ငန်းလည်ပတ် စီးဆင်းမှု အခြေအနေများကို အထက်ညွှန်ကြားချက် အရဟုဆိုကာ ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့သေးသည်။
သံတော်ဆင့် အယ်ဒီတာများ ခေါ်ယူမေးမြန်း ခံနေရချိန်တွင် ယနေ့ မီဒီယာများ ရင်ဆိုင်နေရသော အခက်အခဲများကို ဖြေလျှော့ စဉ်းစားပေးရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွေမန်းက နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာပေးပို့ တစောင် ပေးပို့ခဲ့သည်။
ယင်းသဝဏ်လွှာတွင် လတ်တလော ကြုံတွေ့နေရသော သတင်းမီဒီယာတချို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ စာ၊ နှုတ်တို့ဖြင့် တင်ပြကြောင်း၊ သတင်းမီဒီယာ ကဏ္ဍကို စတုတ္ထမဏ္ဍိုင်အဖြစ် နေရာပေး ဆောင်ရွက်လျက်ရှိသော ကာလဖြစ်ကြောင်း၊ ယခုကဲ့သို့သော အခြေအနေတွင် အတွေအကြုံ နုနယ်ပြီး လုပ်ကိုင်ဆောင်ရွက်လိုစိတ် ပြင်းထန်သည့်အတွက် တချို့ကိစ္စများတွင် လွန်ကဲသော ရေသားပြောဆိုမှုများ ရှိနေကြောင်း၊ အစိုးရအနေဖြင့် စိတ်ရှည်သည်းခံ၍ ဥပဒေနှင့်အညီ ကြိုးစား ဆောင်ရွက်လျက်ရှိသည်ကို သိကြောင်းတို့ ပါဝင်သည်။
သတင်းမီဒီယာတချို့၏ လက်ရှိဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် စာနယ်ဇင်း မီဒီယာများ အသီးသီး၏ တင်ပြလာမှုများကို လွှတ်တော်က အလေးထား ဂရုစိုက် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အစိုးရကလည်း စဉ်းစားဆောင်ရွက်ပေးမည်ဟု ယုံကြည်ကြောင်း၊ ထို့သို့ ဆောင်ရွက်ပေးမှုကို ဖော်ပြပေးခြင်းအားဖြင့် စိုးရိမ်စိတ်များ ပြေပျောက်ပြီး အထင်အမြင် လွဲမှားမှုများ လျော့နည်းပပျောက်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ချောမွေနိုင်မည်ဖြစ်ကြောင်းတို့ ပါဝင်သည်။