ထိုင်းနိုင်ငံတွင် အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကောင်စီ အစိုးရ (NCPO) က သတင်း မီဒီယာများ အနေဖြင့် အစိုးရအဖွဲ့ဝင် စစ်ခေါင်းဆောင်များအား အကြည်ညို ပျက်စေသည့် မည်သည့် ဝေဖန်မှုကိုမှျှ မပြုရ အမိန့်ကို ဇူလိုင် ၂၂ ရက်က အမိန့်သစ်ဖြင့် ဖြေလျှော့ ပြောင်းလဲလိုက်သည်။
ထိုင်း အာဏာသိမ်း စစ်အစိုးရ NCPO က သတင်းမီဒီယာများသည် လက်ရှိအစိုးရ အဖွဲ့ဝင် အာဏာပိုင်များအား ပုတ်ခတ်ရှုတ် ချသော မည်သည့် ဝေဖန်မှုကိုမျှ မပြုရဆိုသည့် အမိန့်အမှတ် ၉၇ ကို ဇူလိုင်လ ၁၈ ရက်က ထုတ်ပြန်ပြီးနောက် ထိုင်း မီဒီယာများနှင့် လူ့အခွင့်အရေး အဖွဲ့များက ဝေဖန်ထောက်ပြမှုများ ပြုလုပ်ခဲ့အပြီး ယင်းကဲ့သို့ ဖြေလျှော့လိုက်ခြင်း ဖြစ်သည်။
NCPO က ယမန်နေ့တွင် ထုတ်ပြန်လိုက်သော အမိန့်အမှတ် ၁၀၃ အရ ယခုအခါ သတင်းမီဒီယာများသည် ရိုးရိုးသားသား အပြုသဘောဖြင့် ဝေဖန်ထောက်ပြခွင့် ရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
NCPO အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာက ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်က အပတ်စဉ် ရုပ်မြင်သံကြား မိန့်ခွန်းတွင် ထို သို့ မီဒီယာများအား ကန့်သတ်သည့် အမိန့်ကို ထုတ်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
NCPO က မီဒီယာများအား ကန့်သတ်ပိတ်ပင်လိုက်မှုနှင့် ပတ်သက်ပြီး ဘန်ကောက်မြို့ ချူလာလောင်ကွန် တက္ကသိုလ်တွင် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာန ဝါရင့်သုတေသီလည်းဖြစ် The Nation အင်္ဂလိပ်သတင်းစာ အယ်ဒီတာလည်း ဖြစ်သူ မစ္စတာ Kavi Chongkittavorn က “ထိုင်းစစ်ခေါင်းဆောင်တွေဟာ အမှားလုပ်ခဲ့တယ်။ ဒါကို သူတို့ ပြန်စဉ်းစား သုံးသပ်မှာပဲ” ဟု ယခု အမိန့်အမှတ် ၁၀၃ ကို NCPO က မထုတ်ပြန်ခင် ဧရာဝတီကို ပြောဆိုခဲ့သည်။
“ဒီနေရာမှာ ထိုင်း စစ်တပ်က မီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံမှုမှာ အတွေ့အကြုံ အများကြီး ရှိတယ်။ သတင်းသမားတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ပေးတဲ့ မြန်မာနိုင်ငံနဲ့ မတူဘူး”ဟုလည်း သူက ဆက်ပြောသည်။
သတင်းများတွင် အပြုသဘော မဟုတ်သည့် အပျက်သဘော ဝေဖန်မှုများ၊ လူထု ယုံကြည်မှု လွဲမှားနိုင်သည့် သတင်းများ၊ ဝေဖန်မှုများ၊ ဆောင်းပါးများ၊ အကြည်ညို ပျက်စေမည့် သရော်မှုများကို ပုံနှိပ်သတင်းနှင့် အသံလွှင့် မီဒီယာများက လုပ်ဆောင်ခြင်း မပြုရန် ထိုင်း အာဏာသိမ်း စစ်အုပ်ချုပ်ရေး အဖွဲ့က အမိန့်အမှတ် ၉၇ အရ တားမြစ် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
ထိုင်း အာဏာသိမ်း စစ်အုပ်ချုပ်ရေး အဖွဲ့က ထိုင်းနိုင်ငံတွင် အာဏာယူထားသည့် ၂ လတာ ကာလအတွင်း မီဒီယာ ဆင်ဆာ ပိတ်ပင်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး လူပေါင်း ၃၀၀ ထက် မနည်းကို တရားစွဲဆိုခြင်း မရှိဘဲ ထိန်းသိမ်းထား သည်။ ယင်းအပြင် လူထု စုဝေးမှုများကိုလည်း တားမြစ်ထားသည်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ၏ အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဘရက်ဒ် အဒမ်က “ထိုင်းနိုင်ငံမှာ စစ်တပ် အုပ်ချုပ်နေတဲ့ ၂ လတာ ကာလမှာ အခြေခံ လူ့အခွင့်အရေးကို လေးစားမှုအပိုင်းက နောက်ပြန် ဆုတ်သွား နေတယ်”ဟု ပြောသည်။
ထိုင်း အာဏာသိမ်း စစ်အုပ်ချုပ်ရေး အဖွဲ့က အမိန့် အမှတ် ၉၇ ထုတ်ပြန်လိုက်သည့် အပေါ် သတင်းသမားများ ကာကွယ်ပေး ရေး ကော်မတီ CPJ က အဆိုပါအမိန့်ကို အမြန်ဆုံး ရုပ်သိမ်း၍ သတင်းလွတ်လွပ်ခွင့် ရှိစေရေးအတွက်လည်း တိုက်တွန်းခဲ့သည်။
သတင်းသမား ကာကွယ်ရေး ကော်မတီ၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကိုယ်စားလှယ် ရှောင်ခရစ်ပင်းက ထိုင်းအစိုးရ တာဝန်ရှိသူများအား မည်သည့် ဝေဖန်မှုကိုမဆို ဝေဖန်ခွင့် ပိတ်ပင်လိုက်ခြင်းသည် မီဒီယာ ဖိနှိပ်ခြင်းကို အာဏာဖြင့် လွဲမှားစွာ အသုံးပြုခြင်းဟု ထောက်ပြထားသည်။
“စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို အာရုံထားပြီး ဒီမိုကရေစီ ဖော် ဆောင်ရေး တကယ် လုပ်နေခဲ့တယ်ဆိုရင် သူ့အစိုးရဟာ အဲဒီ ကိစ္စတွေကို ပိုကောင်းအောင် လုပ်ရမယ်၊ အင်တာနက် လွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေကို သွားဖိနှိပ်ရမှာ မဟုတ်ဘူး”ဟု CPJ ကြေညာချက်တွင် ရှောင်ခရစ်ပင်းက မှတ်ချက် ပြုထားသည်။
NCPO က မီဒီယာများအား ကန့်သတ်ပိတ်ပင်မှုတွင် မြန်မာနိုင်ငံရှိ Bi မွန်းတည့်နေ ဂျာနယ်မှ ထုတ်ဝေသူနှင့် သတင်းသမားများကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဖမ်းဆီးပြီး လွန်ခဲ့သည့် သီတင်းပတ်က မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည့် အတွက် ထိုင်းနိုင်ငံ သတင်း သမားများအကြား စိုးရိမ်ပူပန်များ ဖြစ်ပေါ်ခဲ့သည်။