ထူးချွန်ထက်မြက်သော အမျိုးသမီးများကို သဘောကျတတ်သည့် ကျမအတွက် “မာဂရက်သက်ချာ” ဆိုသည့် အမည်ကို ငယ်စဉ်ကပင် ရင်းနှီးခဲ့လေသည်။ ရုပ်မြင်သံကြား ဖန်သားပြင်တွင် ကြည့်ရှုခွင့်ရသည့် သူ့ ရုပ်ပုံလွှာက ပြတ်သားစွာ ဆုံးဖြတ်တတ်သည်ကို လှစ်ဟပြနေသလိုပင်။ Iron Lady ဟု တင်စားခေါ်ဝေါ်ခံရသည့် မာဂရက်သက်ချာ ကွယ်လွန်ကြောင်း ကြားသိရချိန်မှာ သူက ဘယ်တော့မှ မမေ့နိုင်သည့် ပုံရိပ်များကို ကမ္ဘာမြေပေါ် ချန်ထားရစ်ခဲ့ပါပြီ။
ရွှေရောင် ဆံပင်တို့ကို ပိုင်ဆိုင်ကာ စမတ်ကျကျ ဝတ်ဆင်တတ်သော မာဂရက်သက်ချာ ဝန်ကြီးချုပ် စဖြစ်သည့်အချိန်က ၁၉၇၉ ခုနှစ်။ သူ ဝန်ကြီးချုပ် ဖြစ်သည့်အချိန်မှာ ကျမအသက် ၄ နှစ်ပဲရှိသေးသည်။ ၁၉၇၉ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ဗြိတိသျှ ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့တာက ပြောစမှတ်ပဲ ဖြစ်ပါသည်။
သူ့ကို မွေးဖွားခဲ့တာက ၁၉၂၅ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှာ။ သူ့ ဖခင်ဖြစ်သော အဲလ်ဖရက်ရောဘတ်က ဇာတိ Grantham မှာ ကုန်စုံဆိုင် ၂ ဆိုင် ပိုင်ဆိုင်သလို နိုင်ငံရေးဘက်မှာလည်း စိတ်ဝင်တစား ရှိခဲ့သည်။ ဒါဆို မာဂရက်သက်ချာ က ဖခင်ထံမှ ဗီဇသွေးပါသည်ဟုလည်း ပြောကောင်းပြောနိုင်ပါသည်။
သက်ချာ၏ အသံသည် ရှင်းလင်းကြည်လင်မှုရှိသလို၊ ပြတ်သားမှုတို့ ရောစွက်နေသော လေသံမျိုးဖြစ်သည်။ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ဆုံးဖြတ်ချက် ချစရာရှိတာကို ရဲရဲဝံ့ဝံ့ ချခဲ့သည်။ သက်ချာ၏ မျက်လုံး များက သူ ယုံကြည်သော အရာတခုကို ဘယ်တော့မှ အလွယ်တကူ မစွန့်လွှတ်နိုင်သော ရဲရင့်မှု၏ သင်္ကေတအဖြစ် ကျမ ခံစားခဲ့ရပါသည်။
နိုင်ငံရေးဆိုတာ ကြိုးတန်းပေါ်လမ်းလျှောက်ရသကဲ့သို့သော အခြေအနေတွင် အမျိုးသမီးတယောက်အတွက် စိန်ခေါ်မှု အခက်ခဲများနှင့် ပြည့်နှက်နေမှာ သေချာသည်။ သို့သော် သက်ချာက ကျောင်းနေစဉ် အရွယ်ကတည်းက စိန်ခေါ်မှုတို့ကို မမှုဘဲ ပညာသင်ဆုများ ရရှိခဲ့သူဖြစ်သလို စန္ဒရားတီးခြင်း၊ ကဗျာရွတ်ဖတ်ခြင်း၊ ရေကူးခြင်းတို့ကို ဝါသနာထုံခဲ့ပါသတဲ့။
အကျော်အမော်ပေါင်း များစွာ ထွက်ပေါ်ခဲ့သော အောက်စဖို့ တက္ကသိုလ်တွင် ၁၉၄၃ ခုနှစ်မှ ၁၉၄၇ ခုနှစ်ထိ ပညာသင်ယူ ခဲ့သည်။ သူ၏ အထူးပြုဘာသာရပ်က ဓာတုဗေဒဖြစ်ပြီး ၁၉၄၆ ခုနှစ်မှာ အောက်စဖို့ တက္ကသိုလ် ကွန်ဆာဗေးတစ် အဖွဲ့အစည်း၏ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ကွန်ဆာဗေးတစ်ပါတီနှင့် လေဘာပါတီတို့ အားပြိုင်နေသည့် နိုင်ငံတွင် မာဂရက်သက်ချာက သူလျှောက်ရမည့်လမ်းကို ကိုယ်တိုင်ရွေးချယ်ခဲ့တာပါပဲ။
၁၉၅၉ ခုနှစ်တွင် သက်ချာတယောက် ပါလီမန်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းနှင့်အတူ အမျိုးသား အများစု ကြီးစိုးသော နိုင်ငံရေးတွင် ဝန်ကြီးချုပ်ဖြစ်လာဖို့ အိပ်မက်မက်ရသည်မှာ မလွယ်ကူပါဟု ထုတ်ဖော်ပြောဆိုခဲ့ ဖူးပါသည်။ တခြားနိုင်ငံမှ ခေါင်းဆောင်များနှင့် လက်ဆွဲနှုတ်ဆက်နေသော သူ၏ ရုပ်ပုံလွှာကို အချိန်ဘယ်လောက်ကြာကြာ ကျမ မမေ့ဖျောက် နိုင်ခဲ့ပါ။ ဆယ်ကျော်သက် မိန်းကလေး ကျမအတွက် မာဂရက်သက်ချာက တကယ့်ကို အားကျစရာ။ ဖတ်ရှုရသော နိုင်ငံတကာ သတင်းများတွင် သူ့အပေါ် ဝေဖန်မှုများလည်း ပါဝင်နေခဲ့တာကို မှတ်မိနေသည်။
၁၉၇၀-၁၉၇၄ ခုနှစ်များမှာတော့ ပညာရေးနှင့် သိပ္ပံဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြန်သည်။ ထိုတာဝန်ကိုယူစဉ် အတောအတွင်း ပညာရေးနှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲမှုတို့ကို ပြုလုပ်ခဲ့သည်တဲ့။ ၁၉၇၅ ခုနှစ်ကတော့ ထူးခြားသော နှစ်တနှစ်ဟု ဆိုရလိမ့်မည်ထင်သည်။ ကျမကို မွေးဖွားသောနှစ်မှာပဲ မာဂရက်သက်ချာက အတိုက်အခံ ခေါင်းဆောင် တယောက် ဖြစ်လာခဲ့ပါသည်။ ကွန်မြူနစ်တို့ ကြီးစိုးထားသော ယခင်ဆိုဗီယက်ယူနီယံကို သက်ချာက ပြတ်ပြတ်သားသား ဝေဖန်ပြောကြားခဲ့တာက ၁၉၇၆ ခုနှစ်မှာပါ။
ကမ္ဘာပေါ်တွင် သူတို့ကိုယ်သူတို့ အင်အားကြီးသည်ဟု ခံယူထားသော ဆိုဗီယက်ယူနီယံမှ ပေါလစ်ဗျူရို အဖွဲ့ဝင်များ အတွက် မာဂရက်သက်ချာ၏ ဝေဖန်စကားကြောင့် အနာပေါ်တုတ်ကျသလို ဖြစ်ခဲ့ရတာ သေချာပါသည်။ ဆိုဗီယက် ကာကွယ်ရေးဝန်ကြီးဌာန၏ Red Star သတင်းစာက တုံ့ပြန်သည့်အနေနှင့် “Iron Lady” ဟု သုံးနှုန်းခေါ်ဝေါ်ခဲ့သည်လေ။
၁၉၇၉ ခုနှစ် မေလ ၄ ရက်နေ့မှစ၍ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့ချိန်တွင် အငြင်းပွားဖွယ် အခွန်မူဝါဒများကိုလည်း ချမှတ်ခဲ့သေးသည်။ လူခွန်ကောက်ခံမှုအတွက် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သလို ဒဏ်ရာရရှိသူ၊ ဖမ်းဆီးခံရသူများ ရှိခဲ့ပြီး မိုင်းတွင်း အလုပ်သမားများနှင့် သက်ချာ အစိုးရတို့ကြား ထိပ်တိုက်တွေ့မှုများလည်း ရှိခဲ့သည်။ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း နေအိမ်တွင် နေထိုင်ရင်း ပျော်ရွှင်မှု ရှိ မရှိ မသေချာသော်လည်း လုပ်သင့်လုပ်ထိုက်သည်များ လုပ်ခဲ့တာကတော့ သေချာနေပါသည်။
“ကြက်မတွန်၍ မိုးလင်းသည့်ခေတ်” ကို သက်ချာ ထူထောင်ခဲ့သလို၊ ဗြိတိသျှ ဘုရင်မကြီး အဲလိဇဘတ်နှင့်လည်း အပတ်စဉ် တွေ့ဆုံဖြစ်ခဲ့သည်ဟု မှတ်တမ်းတွေက ဖော်ပြနေသည်။ “သက်ချာဝါဒ” ဟု ဝိဂြိုဟ်ပြုရလောက်အောင် ပြတ်သားပြင်းထန်မှု ရှိခဲ့သည့်ကြားမှ တဘက်က နူးညံ့သော နှလုံးသားရှိကြောင်း သူ့အပြုံးတို့က သက်သေပြနေသည်။ လေးစားစရာ အကောင်းဆုံး အချက်ကတော့ ဝန်ကြီးချုပ်ပင် ဖြစ်လင့်ကစား အိမ်မှုကိစ္စများကို ကိုယ်တိုင် လုပ်ဆောင် ခဲ့သည် ဆိုသော အချက်ပါပဲ။
မိန်းမများကို အားနွဲ့သူ၊ မှီခိုသူ၊ အားကိုးရှာသူ ဆိုသည့် အသုံးအနှုန်းများနှင့် ခွဲခြားရန်ကြိုးစားသူတို့ကို တွေ့ရသည့်အခါ ကျမက မာဂရက်သက်ချာကိုသာ ပြေး၍မြင်ယောင်မိတော့သည်။ တဘက်ကလည်း မိန်းမတယောက်၏ အရည်အချင်းကို တင်းပြည့်ကျပ်ပြည့် အသိအမှတ်ပြုဖို့ လိုအပ်သည့် လူ့အဖွဲ့အစည်းဖြစ်ဖို့လည်း သိမြင်လာရပါသည်။
သက်ချာနှင့်ပတ်သက်လာလျှင် မပြောမဖြစ်ပြောရမှာက ထင်ရှားသည့် ဖောက်ကလန် စစ်ပွဲပါပဲ။ တိုင်းပြည်၏ ဂုဏ်သိက္ခာ အတွက်ဖြစ်သလို အာဂျင်တီးနားကို ရှုံးနိမ့်သွားလျှင် သက်ချာ၏ ဂုဏ်သိက္ခာပါ ကျဆင်းသွားမည့် ထိုစစ်ပွဲကို ကိုယ်တိုင် ဦးစီးခဲ့သော အမျိုးသမီးတယောက်၏ သူရသတ္တိနှင့် ပါးနပ်လိမ္မာမှုကို မချီးကျူးဘဲ မနေနိုင်ပါ။ ဖောက်ကလန်စစ်ပွဲ (၁၉၈၂ ခုနှစ်) ကြောင့် ကန့်ကွက်သူ၊ ထောက်ခံသူများ ရှိခဲ့သော်လည်း ရှေ့ဆက်လျှောက်လှမ်းမည့် အနာဂတ်အတွက် ခွန်အားသစ်တို့ ရခဲ့ရသည်။
လက်ခုပ်သံများကိုသာ မျှော်လင့်၍ အလုပ်လုပ်ခဲ့သော ဝန်ကြီးချုပ်တယောက် မဟုတ်ခဲ့သည့် သက်ချာသည် သူ့အပေါ် ဝေဖန်ထိုးနှက်မှုတို့ကို အရေထူစွာ ခံနိုင်ရည်ရှိနေခဲ့သည်။ လောကဓံ၏ အနိမ့်အမြင့်တို့ ကြားတွင် “ရဲရင့်ပြတ်သားမှု” ကို သူက ဘယ်အရာနှင့်မှ မလဲလှယ်ခဲ့ပါ။
နိုင်ငံခြားရေး မူဝါဒတွင်လည်း သက်ချာက တိကျသောမူကို စွဲကိုင်ကာ ၁၉၇၉ ခုနှစ်တွင် ဆိုဗီယက်က အာဖဂန်နစ္စတန် နိုင်ငံအား ကျူးကျော်ခြင်းကို ရှုံ့ချခဲ့သည်။ ၁၉၈၀ တွင် မော်စကိုမြို့၌ ပြုလုပ်သည့် အိုလံပစ်ပွဲတော်ကို ဗြိတိသျှ အားကစား သမားများ သပိတ်မှောက်ဖို့ ပြောကြားခဲ့ရသည်။ တဘက်မှာတော့ အမေရိကန်ပြည်ထောင်စုနှင့် နီးကပ်သော ဆက်ဆံရေး ထူထောင်နိုင်ခဲ့တာ တွေ့နိုင်ပြန်သည်။ ထိုအချိန်က အမေရိကန်သမ္မတ ရော်နယ်ရေဂင်က စစ်ဘေးခေတ် မူဝါဒများကို ကျင့်သုံးနေတာ ဖြစ်သလို ဗြိတိန်ရော၊ အမေရိကန်ပါ ကွန်မြူနစ်ဝါဒကို ဆန့်ကျင်တာခြင်းပါ တူနေသည်။
သက်ချာသည် တောင်အာဖရိက နိုင်ငံတွင် အသားအရောင်ခွဲခြားမှု အဆုံးသတ်ရေးကို အမြဲ ထောက်ခံအားပေးခဲ့သူ တယောက်လည်း ဖြစ်သည်။ လူထုဆန္ဒခံယူပွဲ ကျင်းပခြင်းနှင့်အတူ ဗြိတိန်ကို ဥရောပသမဂ္ဂ (EU) သို့ ဝင်ရောက်ရန် သက်ချာက ဆုံးဖြတ်ခဲ့သည်။ ခေါင်းဆောင်မှုဟူသည် အမြဲတမ်း လူကြိုက်မများနိုင်ကြောင်း သူ နားလည်သဘောပေါက်ခဲ့ပုံ ရသည်။ လူထုစစ်တမ်း တချို့အရ သက်ချာသည် သူ၏ ကွန်ဆာဗေးတပါတီထက်ပင် လူကြိုက်နည်းနေသော အချိန်ကာလ များလည်း ရှိခဲ့သည်။
ဝန်ကြီးချုပ်၏ တခြားသောမျက်နှာစာ မိသားစုဘဝမှာတော့ ကာဂိုးလ် သက်ချာနှင့် မတ်ခ်သက်ချာတို့၏ မိခင် အဖြစ် ရပ်တည်ရှင်သန်ခဲ့တာကို ကျမသိခွင့်ရလိုက်ပါသည်။ ခင်ပွန်းသည်ဖြစ်သည့် ဒင်းနစ်သက်ချာနှင့် ၁၉၅၁ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သေတပန်သက်တဆုံး ပေါင်းသင်းခဲ့တာပါပဲ။ ၂၀၀၃ ခုနှစ် ခင်ပွန်းသည် ကွယ်လွန်သွားသောအခါ “ဒင်းနစ်နဲ့ဆိုရင် ကျမဘယ်တော့မှ အထီးကျန်တယ်လို့ မခံစားရပါဘူး။ သူက ခင်ပွန်းတယောက်၊ ပြီးတော့ မိတ်ဆွေ သူငယ်ချင်းတယောက်ပါ” ဟု ခံစားချက်ကို ရင်ဖွင့်ခဲ့ဖူးပါသည်။
ဝန်ကြီးချုပ်ရာထူးမှ အနားယူပြီးသည့် နောက်ပိုင်း အသက် ၈၀ ပြည့်မွေးနေ့ကတော့ ထူးခြားသည်ဟု ပြောရမလားပဲ။ သက်ချာ၏ မွေးနေ့သို့ တက်ရောက်သူများတွင် ဘုရင်မကြီးသာမက ဝန်ကြီးချုပ်တိုနီဘလဲ တို့ပါ ပါဝင်ခဲ့ပါသည်။ နောက်ပိုင်း မှာတော့ သက်ချာ၏ ကျန်းမာရေး အနည်းငယ် ယိုယွင်းစပြုလာခဲ့သလို သတိမေ့လျော့မှုဖြစ်လာတာကို သမီးဖြစ်သူက ဂရုပြုမိခဲ့သည်။
၂၀၁၃ ခုနှစ် ဧပြီလ ၈ ရက်နေ့မှာတော့ လေသင်တုန်းဖြတ်သည့် ဝေဒနာကြောင့် အသက် ၈၇ နှစ်အရွယ်တွင် သက်ချာ တယောက် ကွယ်လွန်သွားခဲ့ပါသည်။ သူ၏ ဈာပနာအခမ်းအနားကို ဗြိတိသျှအစိုးရက နိုင်ငံတော်အဆင့် ကျင်းပ ပေးခဲ့ပါသည်။ ဈာပနကို ဧပြီ ၁၇ တွင် ကျင်းပခဲ့ပြီး ဘုရင်မကြီး အဲလိဇဘက်ကိုယ်တိုင် တက်ရောက်ခဲ့ကာ သူ၏ အရိုးပြာများကို ခင်ပွန်းသည်၏ အရိုးပြာမြှုပ်နှံထားသော နေရာအနီးတွင်ပင် မြှုပ်နှံစေခဲ့ပါသည်။
ဗြိတိန်၏ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်တယောက်၊ ထက်မြက်သော အမျိုးသမီးတယောက်၊ အိမ်ရှင်မ ကောင်း တယောက်၏ ရုပ်ပုံလွှာသည် ကျမ တယောက်သာမက ကမ္ဘာပေါ်မှ အမျိုးသမီးထု၏ နှလုံးသားကိုယ်စီတွင် စွဲထင် ကျန်နေဦးမည်ဟု ကျမ ယုံကြည်နေမိဆဲပင်။