ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ၅ ရက်ကြာ ကျင်းပမည့် တတိယအကြိမ် တိုင်းရင်းသား ညီလာခံကို “ဝ” နှင့် မိုင်းလား အဖွဲ့တို့ကို ဖိတ်ကြားထားသော်လည်း တက်ရောက်နိုင်မည် မဟုတ်ကြောင်း သိရသည်။
ညီလာခံကို ဇူလိုင် ၂၄ မှ ၂၉ ရက်အထိ ကျင်းပရန်စီစဉ်ထားပြီး ဇူလိုင် ၂၄ မှ ၂၆ ရက်အထိကို တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) ကိုယ်စားလှယ်များက အဖွဲ့ဝင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ၃ ရက်ကြာဆွေးနွေးပြီး ဇူလိုင် ၂၈၊ ၂၉ ရက် တွင် NCCT အဖွဲ့တွင် မပါဝင်သေးသော တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ က ပြောသည်။
အထူးဒေသ (၂)ဖြစ်သည့် ဝ ဒေသမှ ညီလာခံ တက်ရောက်နိုင်မှု မရှိခြင်းမှာ လက်ရှိဆွေးနွေးနေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ဒုတိယ မူကြမ်းကို လေ့လာရန် လိုအပ်သေးသည့်အတွက် ဖြစ်ကြောင်း ဝ ဒေသ ၏ ပြန်ကြားရေး တာဝန်ခံ ဦးအောင်မြင့် က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ဒုတိယ မူကြမ်းကိုလေ့လာတာ ၁ ရက်ပဲ ရှိသေးတယ်။ ဒုတိယမူကြမ်းကို တိုင်းရင်းသားတွေဆီမှာ တောင်းတာမရဘူး။ မနေ့တနေ့ကမှ မူကြမ်းကို ကျနော်တို့မိတ်ဆွေတွေဆီကမှ ရလာတယ်။ ရလာတော့ ဒါကိုဆွေးနွေးနေတယ်။ ညှိနှိုင်းဆွေးနွေးပွဲတွေ မှာလည်း ကျနော်တို့ မပါဘူး။ စာတမ်းလည်းမကြည့်ရတော့ အခုလုပ်မယ့်ဆွေးနွေးပွဲမှာ သွားဆွေးနွေးဖို့က ဘာမှမဆွေးနွေးနိုင် သေး ဘူး ဖြစ်နေတယ်။ ဒီက လူကြီးတွေအတွက်က အချိန်ပိုယူရပါမယ်”ဟု ဦးအောင်မြင့်က ပြောပြသည်။
လိုင်ဇာဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိသော်လည်း တိုင်းရင်းသားများ စုပေါင်းလုပ်ဆောင်သည့် ညီလာခံကိုမူ အားပေးလက်ခံ ကြောင်းလည်း ၎င်းက ပြောကြားသည်။
လက်ရှိ ပြုလုပ်နေသည့် အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်မည့် အစီအစဉ်ကိုမူ တိကျစွာ ပြောကြားခြင်း မရှိသကဲ့သို့ အစိုးရပိုင်းနှင့် ဆွေးနွေးနေမှုကိုလည်း ဦးအောင်မြင့်က ဖြေကြားခြင်း မရှိပေ။
“အပစ်အခတ် ရပ်စဲရေးမှာ ဘာအချက်တွေပါလဲ လေ့လာဖို့လိုသလို ဘာတွေပါလဲဆိုတာကို ကျနော်တို့ကို ပြောမှရပါမယ်။ မပြော ဘဲ လက်မှတ်လာထိုး ဆိုတာကတော့ မရဘူးပေါ့။ အပစ်ရပ်ရေးမှာ အထူးဒေသ ၂ အနေနဲ့ လက်မှတ်ထိုးမှာတော့ မဟုတ်ဘူး။ အခု လုပ်နေတဲ့ အပစ်ရပ်ရေးစာချုပ်မှာ ဘာတွေပါလဲ ဘာတွေမပါဘူးလဲ။ ဘယ်အချက်အလက်တွေ တောင်းဆိုထားလဲ၊ ဘာတွေဆုံးဖြတ် ထားလဲ သိရင်လေ့လာရမယ်။ ကျနော်တို့ သဘောတူရင် လက်ခံမှာပါ။ အခုလို သဘောတူညီချက်တွေ ဘာမှန်းမသိရင် ကျနော်တို့ လက်မှတ် ထိုးလို့ရမှာ မဟုတ်ဘူး”ဟု ၎င်းက ဆက်ပြောသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာ လကုန်ပိုင်း၌ ကျင်းပသော ပထမအကြိမ် လိုင်ဇာ တိုင်းရင်းသား ညီလာခံနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ် နယ်မြေ လော်ခီးလာတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ အတွင်းက ကျင်းပသည့် ဒုတိယ အကြိမ် ညီလာခံ သို့လည်း “ဝ” တပ်ဖွဲ့(UWSA ) နှင့် မိုင်းလားအဖွဲ့(NDAA)တို့ တက်ရောက်နိုင်ခြင်း မရှိပေ။
ယခုဆွေးနွေးပွဲ အပြီးတွင် အစိုးရဘက်နှင့် အပြီးသတ် ဆွေးနွေးလက်မှတ်ထိုးနိုင်ရန် NCCTအဖွဲ့က ပြင်ဆင်ထားကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြောသည်။
ထိုသို့ ညှိနှိုင်းနိုင်ရေးအတွက် ယခုဆွေးနွေးပွဲတွင် ရှေးဦးစွာ ဦးဆောင်ကော်မတီ ဖွဲ့ရန် စီစဉ်ထားကြောင်း သိရသည်။
“အကြိတ်အနယ် ဆွေးနွေးရမယ့်အချက်တွေလည်း ရှိကောင်း ရှိလာလိမ့်မယ်။ မရှိဘူးလို့တော့ မျှော်လင့်တာပေါ့။ ဒါပေမယ့် အဲဒီလို အနေအထားမျိုး ဖြစ်လာတဲ့အခါ အဆုံးအဖြတ်ပေးနိုင်မယ့် ဦးဆောင်ကော်မတီ ဖွဲ့စည်းဖို့က အင်မတန်မှ အရေးကြီးတယ်။ အဲဒါ ကြောင့် မနက်ပိုင်းမှာ တဖွဲ့ နှစ်ဦးစီနဲ့ ထိပ်သီးတွေနဲ့ NCCT တွေ့ပြီးတေ့မှ ထိပ်သီးအစည်းအဝေး တခုလုံး ဘယ်လိုကျင်းပမလဲ။ မဲခွဲဆုံးဖြတ်ဖို့ လိုလာတဲ့အခါ ဘယ်လိုပုံစံနဲ့ ဆုံးဖြတ်မလဲ။ နည်းလမ်းတွေ ရွေးချယ်ရမှာ ဖြစ်တယ်။ အဲဒါကြောင့် မနက်ဖြန် အစည်း အဝေး က နည်းနည်းအရေးကြီးတယ်လို့ ကျနော် ပြောချင်ပါတယ်”ဟု ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း က ပြောပြသည်။
အဆိုပါ ဦးဆောင်ကော်မတီကို ညီလာခံမစတင်မီ ဖွဲ့စည်းမည် ဖြစ်ကြောင်း ဖွဲ့စည်းမှုတွင် တိုင်းရင်းသား တဖွဲ့လျှင် နှစ်ဦးစီ ပါဝင် ရန် လျာထားကြောင်း သိရသည်။
“NCCT အဖွဲ့မှာ မပါတဲ့ နာဂ၊ ဝ၊ မိုင်းလား၊ RCSS၊ ABSDF စတဲ့ အဖွဲ့အပြင် UNFCကိုပါ အဖွဲ့အနေနဲ့ ဖိတ်ကြားထားပါတယ်။ သူတို့က ၂၈၊ ၂၉ မှာ ဆွေးနွေးမှုမှာ ပါမှာပါ။ RCSS အဖွဲ့ကတော့ တက်မယ်လို့ အကြောင်းပြန်ထားပါတယ်။ ကျန်တာတွေတော့မသိ သေး ဘူး။ လာမယ်လို့ မျှော်လင့်ပါတယ်”ဟု နိုင်ဟံသာက ပြောသည်။
ယခုညီလာခံသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ နမ်ဘီယာနှင့် အာရှရေး ရာ သံတမန် တရုတ် ကိုယ်စားလှယ် မစ္စတာ ဝမ်ယင်ဖန်း တို့ ဇူလိုင် ၂၈ ရက်တွင် တက်ရောက်ရန်ရှိကြောင်း NCCT က ပြော သည်။
လက်ရှိတွင် ညီလာခံကို NCCT အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့ နှင့် ဖိတ်ကြားထားသည့် NCCT အဖွဲ့ဝင် မဟုတ်သည့် အဖွဲ့ ၆ ဖွဲ့ပေါင်း ၂၂ ဖွဲ့ တက်ရောက်ရန် လျာထားသော်လည်း ဝ၊ မိုင်းလား အဖွဲ့များ တက်ရောက်နိုင်ခြင်း မရှိတော့သဖြင့် အဖွဲ့၂၀ ခန့်သာ တက်ရောက်မည်ဟု ခန့်မှန်းရကြောင်း၊ နာဂအဖွဲ့မှာလည်း တက်ရောက်မည်ဟု တိကျစွာပြောနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
NCCT ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းက ပထမအကြိမ် ကျင်းပသော ကချင်ပြည်နယ် လိုင်ဇာ တိုင်းရင်းသား ညီလာခံ ၌ ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။