Crime

နမ့်ခမ်းတွင် သေနတ်ဖြင့် ပစ်ခတ်၍ ဒေသခံ ၁ ဦး သေဆုံးမှု ဖြစ်ပွား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းြမို့ နောင်စန့် ရပ်ကွက်တွင် ဇူလိုင် ၂၃ ရက် ည ၈ နာရီ ဝန်းကျင်က ပြည်သူ့စစ်ဟု ယူဆရသူ တဦး က ဒေသခံ ပြည်သူတဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

သေဆုံးသူသည် အသက် ၂၄ နှစ်အရွယ် နမ့်ခမ်းမြို့နယ် ပေါက်လုံရပ်ကွက်တွင် နေထိုင်သူ စိုင်းနွံခေး(ခ) စိုင်းပေါင်းပေါင်း ဖြစ်ပြီး ယမန်နေ့ညက နမ့်ခမ်းမြို့အဝင် နောင်စန့်ရပ်ကွက် အနီး ဆိုင်ကယ်မောင်းလာစဉ် လုံခြုံရေး ယူနေသည့် ပြည်သူ့စစ်က ခေါ်ယူ စစ်ဆေးမှုကို မခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်လိုက်သည်ဟု သေဆုံးသူ၏ အစ်ကိုတော်စပ်သူ စိုင်းနွံမှိုင်းက ဧရာဝတီကို ပြောသည်။

စိုင်းနွံမှိုင်းက“ကျနော်တို့ နမ့်ခမ်း ရဲစခန်းကို သွားပြီး အမှုဖွင့်ပါတယ်။ သူတို့က ကျနော့်ညီဆီမှာ သေနတ်ပါတယ်လို့ စွပ်စွဲတယ်။ ပြီး တော့ ပြည်သူ့စစ်နဲ့ ဖြစ်တယ်ဆိုတော့ ရဲနဲ့မဆိုင်ဘူး စစ်တပ်နဲ့ပဲ ဆိုင်တယ်။ အမှု လက်မခံပေးဘူး။ သေနတ် သုံးချက်ပစ် ခံထားရပါတယ်”ဟု ပြောဆိုသည်။

သေဆုံးသူသည် မူဆယ်မြို့နှင့် နမ့်ခမ်းတွင် ပန်းရံလုပ်ငန်း လုပ်ကိုင်သူ ဖြစ်ကြောင်း အမှုမှန် ပေါ်ပေါက်ရေး အတွက် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“ပြည်သူ့စစ်လို့ ဘာလို့ အတည်ပြုနိုင်လည်း ဆိုတော့ ကျနော့်ညီနဲ့ လိုက်သွားတဲ့ ကောင်လေးက မျက်မြင်ကိုယ်တွေ့ပါ။ သူကနေ တဆင့် ကျနော်တို့ကို အကြောင်းကြားလာလို့ပါ။ ကျနော့်ညီမှာ ဘာလက်နက်မှ မရှိပါဘူး”ဟုလည်း စိုင်းနွံမှိုင်းက ဆိုသည်။

အခင်း ဖြစ်ပွားစဉ် သေနတ်ပစ်ခံရသူ စိုင်းနွံခေး နှင့် အတူ ဆိုင်ကယ်စီးလာသည့် အဖော် တဦးလည်း ပါကြောင်း သိရသည်။

ယင်းအမှုကိုနှင့် ပတ်သက်ပြီး ဧရာဝတီက နမ့်ခမ်းမြို့ ရဲစခန်းသို့ ဆက်သွယ်စုံစမ်း မေးမြန်းရာတွင် ရဲစခန်းမှ တာဝန်ရှိသူ တဦးက သေဆုံးသူ စိုင်းနွံခေးသည် ပစ္စ္စ္စတိုသေနတ် ကိုင်ဆောင်ထားသည်ကို တွေ့ရှိရကြောင်း၊ အမှုကို ဆက်လက် စုံစမ်းနေကြောင်း ပြန် လည် ဖြေကြားသည်။

နမ့်ခမ်းမြို့နယ်တွင် မကြာခဏ ပစ်ခတ်မှုများ ရှိနေသဖြင့် ပြည်သူများ စိုးရိမ်မှု ဖြစ်နေကြောင်း၊ ပြည်သူများ လုံခြုံရေးအတွက် သက် ဆိုင်ရာ အာဏာပိုင်များက တာဝန်ယူမှု မရှိကြောင်း၊ နမ့်ခမ်းမြို့ ပတ်ဝန်းကျင်တွင် ယခုရက်ပိုင်း တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွား နေသဖြင့် ဒေသခံများ ကြောက်လန့် နေကြကြောင်း နမ့်ခမ်းမြို့ ဒေသခံ တဦး ဖြစ်သည့် ဦးစိုင်းရီထွန်းက ဧရာဝတီသို့ ပြော သည်။

“ကျနော်တို့ မြို့နယ်မှာ ပြည်သူ့စစ်တွေ များတယ်။ ဘယ်ပြည်သူ့စစ်က ပစ်သတ်လိုက်တယ် ဆိုတာ မသိဘူး။ ပြည်သူ့စစ်ကြောင့် မကြာခဏ ပြည်သူတွေ သေကြတယ်။ ပြီးရင် သေတဲ့သူကသာ သေသွားတယ်။ ဘာအမှုမှ ပေါ်မသွားဘူး”ဟုလည်း ဦးစိုင်းရီထွန်းက ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်ကလည်း မူဆယ်မြို့နှင့် နမ့်ခမ်းမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းတွင် ပစ်ခတ်မှု တခုကြောင့် နမ်စမ့်ကျေးရွာ ဒေသခံ နှစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

ယင်းဒေသသည် ပန်းဆေး ပြည်သူ့စစ်၊ မြို့မ ပြည်သူ့စစ်နှင့် ဝါလိုင်း ပြည်သူ့စစ် တို့ လှုပ်ရှားနေသည့် ဒေသများ ဖြစ်သည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading