“ဥပဒေပြုမှု မဏ္ဍိုင်ကို တမင်ကို သိမ်ငယ်အောင် ထားတာလား”
This article has been converted from Zawgyi One to Unicode
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အရေးပါသော ဥပဒေပြု မဏ္ဍိုင်ဖြစ်သည့် အမျိုးသား လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့် အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ တွင် ဥက္ကဌ တာဝန်ယူခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်သည် ကော်မတီ ဥက္ကဌ အဖြစ်မှ နုတ်ထွက်သွားခဲ့သည်။
သူသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကန့်ကွက်မဲပေးခဲ့သူ ဖြစ်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မှတဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ရွေးကောက်ပွဲတွင် အနိုင်ရပြီး လွှတ်တော်ထဲတွင် ဒု သမ္မတလောင်း နေရာ ဝင်အရွေးခံခဲ့သူလည်း ဖြစ်သည်။ သို့သော် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်းကို ရှုံးနိမ့်ခဲ့ရသည်။
လက်ရှိ ရခိုင် အမျိုးသား ပါတီ(ANP) ဒုတိယ ခေါင်းဆောင်လည်း ဖြစ်သည့် ဒေါက်တာ အေးမောင် ၏ အတွေ့အကြုံ များနှင့် လွှတ် တော်အတွင်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြ လိုက်ပါသည်။
မေး။ ။ အန်ကယ်က လွှတ်တော်မှာလည်း ဒုသမ္မတလောင်းနေရာ ဝင်အရွေးခံခဲ့တယ်။ ဒါပေမယ့် မဖြစ်ခဲ့ဘူး။ အခုလည်း ဘယ် လိုကြောင့် အမျိုးသား လွှတ်တော်ရဲ့ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဌ တာဝန်ကနေ နုတ်ထွက်လိုက်ရတာလဲ။
ဖြေ။ ။ လွှတ်တော်မှာ ဖွဲ့စည်းပုံအရ ကော်မတီတွေ ဖွဲ့ရတယ်။ အဲဒီမှာ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ကျနော့် ကို ခေါ်တယ်။ ဘယ်လို ဆန္ဒရှိသလဲမေးတော့ အခြားသူ တော်တော်များများကတော့ လုပ်မယ် ပြောကြတယ်။ ကျနော်ကို မေး တော့ ဥက္ကဋ္ဌကြီးခင်ဗျား ကျနော်က ပါတီမှာ ဥက္ကဌ တာဝန် ယူထားရပါတယ်။ လွှတ်တော်ကရွေးတဲ့ ကော်မတီတွေမှာ ပါဝင်ခြင်း မပြုနိုင်ဘူးလို့ ငြင်းလိုက်တယ်။ ဘယ်ကော်မတီလဲဆိုတာ ကျနော် မသိသေးဘူး။
အဲဒီမှာ ဦးခင်အောင်မြင့်က ကျနော့်ကို ကော်မတီတခုမှာ ဥက္ကဌ တာဝန် ပေးချင်တယ်လို့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုး သားလွှတ်တော်မှာ ဒုတိယ အင်အား အရှိဆုံး ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူဖြစ်နေလို့ပါတဲ့။ အဲဒါနဲ့ လက်ခံလိုက်ရတာပေါ့။ အဲဒီမှာ တနှစ်လောက် ရှိမယ်ဗျ။ ကျနော် အခုရောက်နေတဲ့ နိုင်ငံသား မူလအခွင့်အရေး ကော်မတီကို မရောက်ခင်မှာ ပထမပိုင်း ကျနော် တာဝန်ယူခဲ့တဲ့ ကော်မတီက အစိုးရရဲ့ အာမခံချက်၊ ကတိကဝတ်တွေကို စိစစ်ရတဲ့ ကော်မတီပါ။ အဲဒီမှာ ဥက္ကဌ တာဝန်ယူခဲ့ပါတယ်။ အတွင်းရေးမှူးက ဗိုလ်မှူးကြီး ဝင်းနောင်၊ ဦးစခုန်တိန့်ယိမ်း ၊ အခု ဒုဝန်ကြီး ဖြစ်သွားတဲ့ ဦးသန်းဆွေတို့ ပါတယ်။ ဦးမှတ်ကြီး တို့လည်း ပါတယ်။
ကော်မတီ အနေနဲ့ တနှစ်လောက် Run ပြီးတော့ Check and Balance ဆိုတာလေးတွေ လုပ်တဲ့အခါ ဘာထပ်လုပ်လဲဆိုတော့ ကျနော်တို့ ပြောတာဆိုတာ ကြမ်းတာတွေကြောင့် ဖြစ်ရင်ဖြစ်မှာပေါ့လေ။ ခုနက ပြောတဲ့အတိုင်းပဲ အစိုးရက နုတ်နဲ့လာပြောတဲ့ ၊ နုတ် နဲ့ လာရွတ်ပြတဲ့ ကတိကဝတ်တွေလောက်နဲ့ မဖြစ်ဘူး။ သူအာမခံထားတဲ့ နေရာအထိသွားပြီး တခုချင်း ဟုတ်မဟုတ်ကို စာရင်းရုံးလိုပဲ လိုက်စိစစ်မှ ဖြစ်တော့မယ်။
အဲဒီလို မဖြစ်ရင် ကျနော်တို့ ကော်မတီဟာ စာရွက်ပေါ်မှာတင် ဟိုပြေးဒီပြေးနဲ့ မှတ်ချက်လေးနဲ့ ပြီးသွားတာမျိုးဆိုရင် လက်တွေ့မဆန်ဘူး။ စာရင်းစစ်ချုပ်ရုံးက Internal Audit ဆိုရင် လွှတ်တော်မှာ အစိုးရ လာဖြေရှင်းတာတွေကို ကော်မတီအနေနဲ့ External Audit လို လုပ်ပြီး စာရင်းတွေ စစ်ရမယ်။ ပြီးရင် ပညာရှင်တွေရဲ့ အကြံဉာဏ်တွေ ယူရမယ်ဆိုပြီး ကျနော်က ဆွေးနွေးဖူးတယ်။
ပြည်သူ့ လွှတ်တော်ဘက်မှာတော့ ကော်မတီဝင်တွေကို မပြောင်းဘူး။ ဒီလူတွေပဲ။ ဒါကလည်း သူ့ရဲ့ပါတီက လူတွေကိုး။ အမျိုးသား လွှတ်တော်မှာကျတော့ တနှစ်လောက်ရှိတော့ ပြန်သုံးသပ်ကြတယ်။ အဲဒါနဲ့ ဗိုလ်ချုပ်အောင်ထွန်းက ကျနော့် ကော်မတီမှာ ဥက္ကဌ ဖြစ်လာတယ်။ ကျနော်ကတော့ ဒီနိုင်ငံသား မူလအခွင့်အရေးဆိုတဲ့ ကော်မတီကို ရောက်သွားတယ်။
အဲဒီအချိန်မှာ ယာယီဖွဲ့စည်းတဲ့ ကော်မတီတွေ အများကြီး ပေါ်လာတယ်။ ပြည်သူ့ လွှတ်တော်မှာလည်း ၂၀ ကျော်လောက်နဲ့ အမျိုးသား လွှတ်တော်မှာလည်း ၂၀ ကျော်လောက် ပေါ်လာတယ်။ ကော်မတီတွေကြောင့် လူပုဂ္ဂိုလ်တွေ ဥက္ကဌ ဖြစ်လာတာလား။ လူပုဂ္ဂိုလ်တွေကြောင့် ကော်မတီတွေ များလာတာလား ဆိုတာတော့ လွှတ်တော် ဥက္ကဌတွေကိုပဲ မေးကြည့်ပါ။
ကော်မတီတရပ် ဖွဲ့စည်းတယ်ဆိုတာ လူထုရဲ့ ရပိုင်ခွင့်တွေကို ပိုဆောင်ရွက်နိုင်အောင် အစိုးရကိုလည်း ညွှန်ကြားတာတော့ မဟုတ်ဘူးပေါ့ဗျာ။ ညှိနှိုင်း ဆောင်ရွက်နိုင်တာပေါ့ ။ လူထုခံစားရတဲ့ ကိစ္စတွေကို အစိုးရဆီကို တင်ပြပြီး ထိန်းညှိတဲ့ သဘောနဲ့ ဖွဲ့စည်းတာပါ။ ဥပမာ ပို့ဆောင်ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ ဝန်ကြီးဌာနရှိရင် လွှတ်တော်မှာလည်း ပို့ဆောင်ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ ကော်မတီ ရှိရတာမျိုးပေါ့။
မေး။ ။ ဟုတ်ကဲ့ပါ။ အန်ကယ့် အနေနဲ့ ကော်မတီ ဥက္ကဌ အဖြစ်က ဘာကြောင့် နုတ်ထွက်လိုက်တာလဲ ။ ဥက္ကဌ တယောက် အနေနဲ့ ဘာတွေ လုပ်နိုင်ခဲ့လဲ။ ဒါမှမဟုတ် မလုပ်နိုင်ခဲ့လို့ ထိရောက်မှု မရှိလို့ နုတ်ထွက်လိုက်တာလား။
ဖြေ။ ။ ထိရောက်မှု ရှိလား၊ မရှိဘူးလား ဆိုတာက ကျနော်ထက် ခင်ဗျားတို့ က ပိုသဘောပေါက်မှာပါ။ ဘယ်လောက်ထိ ကျနော်တို့ အလုပ်လုပ် ပေးနိုင်သလဲ။ လွှတ်တော်ထဲမှာ မေးမြန်းတာတွေ တင်ပြတာတွေကိုလည်း ခင်ဗျားတို့ ကြားမှာပါ။ အခုလွှတ် တော်ရဲ့ ပုံပန်းသဏ္ဌာန်ကို သူတို့ရဲ့ စိတ်ကူးထဲမှာ ဘယ်လိုရှိမှန်းတော့ မသိဘူး။ ကျနော်တို့လည်း ဘယ်လို ပုံပန်း သဏ္ဌာန် ဖြစ်မလဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ လာတယ်ပေါ့ဗျာ။ ဖွင့်ပေးသလိုလိုတော့ ရှိတယ်။ ဒါပေမယ့် အကုန်လုံး ပိတ်ထားတယ်။
လွှတ်တော်ကြီးရဲ့ ပုံပန်းသဏ္ဌာန် အပြင်ပိုင်းကို ခင်ဗျားတို့လည်း တွေ့မှာပါ။ လွှတ်တော် အမတ်တွေကိုလည်း ကြည့်လိုက်။ ပြည် ခိုင်ဖြိုးပါတီက လူတွေကတော့ သူတို့မှာ နေစရာ အခန်းတွေကို အဲကွန်းနဲ့ ပါတီက စီစဉ်ပေးထားတယ်။ ကျနော်တို့ကတော့ စည် ပင် ဧည့်ရိပ်သာမှာ နေရတယ်။ ဒါကိုကြည့်ရင် နေပြည်တော် လွှတ်တော်ကြီးကို ကျနော်တို့လို အညတရ လွှတ်တော်အမတ်တွေလာဖို့ သူတို့ ရည်မှန်းထားပုံ မပေါက်ဘူး။ ကျနော်တို့ နိုင်လိမ့်မယ်လို့လည်း သံသယရှိခဲ့ဟန် မတူဘူး။ ဒါပေမယ့် လွှတ်တော်ကြီးကတော့ အကြီးကြီးပဲ။
နိုင်ငံတကာက ဧည့်သည်တွေလာရင် အမေရိကန် နိုင်ငံလိုမျိုးနဲ့ ချမ်းသာတဲ့ ဆွစ်ဇာလန်လို နိုင်ငံမျိုးက လွှတ်တော်ကြီးကို ကြည့်ပြီး အင်မတန် အံသြကြတယ်။ ခမ်းနားလှချည့်လားလို့ ချီးကျူးတိုင်း ကျနော်တို့ ရင်ထဲမှာ မကောင်းဘူး။ ကျနော်တို့ နိုင်ငံက “ဝ” မရှိဘဲ “ဝိ” လုပ်ချင်တဲ့ နိုင်ငံလို့ ပြောနေသလိုပဲ။ တို့လိုဆင်းရဲတဲ့ နိုင်ငံမှာ ဒီလောက် ကြီးကြီးမားမား လုပ်တာဟာ စီမံကိန်း လုပ်စားဖို့ တည်ဆောက်တာလားလို့ တွေးမိတယ်။
ဒါပေမယ့် လွှတ်တော်အမတ်တွေကို ဘာ့ကြောင့် သိမ်သိမ်ငယ်ငယ် ထားသလဲလို့။ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ ကဏ္ဍကို မြှင့်ချင် လို့လား။ ဥပဒေပြုမှု မဏ္ဍိုင်ကို တမင်ကို သိမ်ငယ်အောင် ထားတာလား။ ကျနော်တို့ လွှတ်တော် အမတ်တဦးရဲ့ လစာက ၃ သိန်းပဲ ရှိတယ်ဗျ။ ကိုယ့်စီးပွားရေး လုပ်ငန်းအားလုံးကို ရပ်ခဲ့ရတာ။ အထုတ်ကြီး အထည်ကြီးနဲ့ စီးပွားရှာနိုင်တဲ့ ပုဂ္ဂိုလ်ကြီးတွေကိုတော့ ကျနော် မပြောလိုဘူး။
ကျနော်တို့က သာမာန် ဝန်ထမ်းဘဝက လာပြီး အသက်အရွယ်ကလည်း ရှိသေးတယ်။ မိသားစု တာဝန်တွေ အကုန်ထားပြီးမှ ကိုယ့်ဒေသ ကိုယ့်မျိုးနွယ် အတွက်ဆိုတဲ့ စိတ်နဲ့ အလုပ်လုပ်နေရတာ။ ကျနော်တို့မှာ ဘာအထောက်အပံ့မှ မရှိဘူး။ ကျနော်တို့ Personal Assistance မထားနိုင်ဘူး။ နောက်ခံ အင်အားလည်း မရှိဘူး။ ပါတီကလည်း ခိုင်မာတဲ့ ငွေရေးကြေးရေး တောင့်တင်းတဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး။
ပြီးတော့ လွှတ်တော် အမတ်တွေရဲ့ လုပ်ပိုင်ခွင့်ကိုလည်း သိမ်သိမ်ငယ်ငယ်ဖြစ်အောင် လုပ်ထားတယ်။ ဝန်ကြီးတပါးရဲ့ အိမ်ဆို လူ အယောက် ၂၀ ၊ ၃၀ လောက် နေလို့ရတယ်။ လွှတ်တော်ရေးရာ ကော်မတီတွေရဲ့ အခန်းကဏ္ဍကို ပြန်ကြည့်ရရင် လွှတ်တော်ပေါ်လာမှ ဥက္ကဌ ၂ ယောက်က လုပ်တာ။ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဌ တယောက်အနေနဲ့ သက်ဆိုင်ရာ ဌာနတွေကို ခေါ်ပြီး ကြားနာရတာတွေ ရှိပါတယ်။
ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် အာမခံချက်များ ကတိကဝတ်များ ကော်မတီတုန်းက ဒါမျိုး မလုပ်ခဲ့ရပါဘူး။ လွှတ်တော် Report လောက်တော့ ဖတ်ရတာပေါ့။ ဘယ်ဝန်ကြီးက ဘယ်လို ကတိပြုတယ်ဆိုတဲ့ အသံဖိုင်တွေ၊ မှတ်တမ်းတွေကို ပြန်စိစစ်ပြီးမှ အစိုးရအဖွဲ့ ဘယ်လို အလုပ်လုပ်တယ် ဆိုတာမျိုးကို လွှတ်တော် ဥက္ကဌကနေ တဆင့် သိရတာပေါ့။
ကျနော် အမျိုးသား လွှတ်တော်ရဲ့ နိုင်ငံသား မူလအခွင့်အရေး ကော်မတီရဲ့ ဥက္ကဌ တဦးအနေနဲ့ တချို့ ကိစ္စလေးတွေကို ကြားနာမှုတွေ လုပ်ရပါတယ်။ ကျနော်တို့ ပထမဆုံး စစ်ရတာက လျှပ်စစ်ဌာနဗျ။ ညွှန်ကြားရေးမှူး အဆင့်လောက်ပဲ လာပါတယ်။ ဒုတိယ ဝန်ကြီးဆိုတာ ထားပါတော့ဗျာ။ ညွှန်ကြားရေးမှူး အဆင့်ဆိုတာကလည်း အငြိမ်းစား တပ်မတော်ကလည်း ဖြစ်နိုင်တာပဲဗျာ။ အာဏာ၊ ပါဝါ ၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် ရှိကြမှာပေါ့လေ။ ကျနော်တို့ဘက်ကတော့ ကိုယ့်ရဲ့ တာဝန်ဝတ္ထရားလေးက ဥက္ကဌ ဆိုသော်လည်း ရိုသေသမှုတော့ ပြုရတာပေါ့လေ။ လေးလေးစားစား ညှိညှိနှိုင်းနှိုင်းနဲ့ ကိုယ်လိုချင်တဲ့ ပွိုင့်ကိုရအောင် ယူကြပါတယ်။
နိုင်ငံသား မူလအခွင့်အရေး ထိခိုက်တယ်ဆိုပြီး ကြားနာရတဲ့ အမှုလည်း ရှိတယ်။ မန္တလေး ဆေးတက္ကသိုလ်က အမျိုးသမီး တယောက် ကိစ္စပါ။ သူက ငွေစာရင်း ဌာနက ။ သူ့ကို ဟိုပြောင်းဒီပြောင်း ၊ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ အလုပ်က ထုတ် တယ်။ အလုပ်ထုတ်ခံရပေမယ့် သူဘာအပြစ်မှ မလုပ်ခဲ့ဘူး။ ကျနော်တို့ စစ်ဆေးကြည့်တဲ့အခါ ပိုသိသာလာတာပေါ့လေ။ ကျနော် တို့က သူ့ကို အလုပ်ပြန်ခန့်ပေးဖို့ ဒါမှ မဟုတ်ရင်လည်း တခြားဝန်ကြီးဌာန တခုခုကို ပြောင်းပေးဖို့ ပြောတာပေါ့။
အဲဒီအနေအထားလေးမှာ ဆေးတက္ကသိုလ်က ပါချုပ်တို့ ၊ အဲဒီဘက်က ညွှန်ချုပ်တို့ လာတာပေါ့။ အဲဒီမှာ ဆင့်ဆိုတဲ့ စာအနေအထားက စပြီးတော့ ကျနော်တို့ကို အပြစ်တင်တာတွေ ရှိတယ်။ အငြိမ်းစား ပါမောက္ခကြီး တယောက်က ကျနော်တို့ကို ခင်ဗျားတို့ ဘယ်လို စာဆင့်တာလဲတဲ့။ ကျနော်လည်း ဟာ … ရိုရိုသေသေပဲ ဆင့်ပါတယ် ဆရာကြီးရယ် ဆိုပြီး ရိုရိုသေသေ ပြန်ပြော ရတယ်။ ကျနော်ပြောနေတာ ဒုတိယဝန်ကြီး အဆင့် မဟုတ်သေးဘူးနော်။
ညွှန်ကြားရေးမှူး အဆင့် ၊ ညွှန်ချုပ်အဆင့်နဲ့ ပါမောက္ခချုပ်လို အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေကို တရားဝင်စာနဲ့ ဆင့်တာမှာ ပြဿနာ ဖြစ်နေတာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့က ရုံးတွေရဲ့ အသုံးနှုန်း စာသားအတိုင်း သုံးတာ။ ကြားနာရန် လာခဲ့ပါပေါ့။ ကြားနာဆိုတဲ့ စကားလုံးကို သူတို့က နားစိမ်းနေတာ။ ကြားနာတာကို သူတို့က အောက်က နေရတယ်လို့ သတ်မှတ်တာပေါ့။
ဆေးလောက ဆိုတာလည်း ဆရာကျတဲ့သူတွေ ချည်းကိုး။ ဆရာဝန်ဆိုတဲ့ လူတန်းစားက ကျန်တဲ့လူတန်းစားကို သိပ်ပမာခန့်တာ မဟုတ်ဘူး။ ဒါ လက်ရှိအခြေအနေကို ပြောတာနော်။ အဲဒီလို ခေါ်ကြားနာပေမယ့် ဘာမှဖြစ်မလာဘူး။ ဘာမှလည်း လုပ်မပေးနိုင်ခဲ့ဘူး။ ဆရာဝန်တွေဘက်ကလည်း အင်အား တော်တော်ကြီးတာကိုး။ တခြားမပြောနဲ့ ဆရာဝန်တွေလည်း သမ္မတ ဖြစ်တာ ရှိတာကိုး။
နောက်တခုက မန္တလေး ဆေးတက္ကသိုလ်က တနှစ်ကို တော်တော်များများ အထုတ်ခံရတာ ရှိတယ်။ အကြောင်း တခုမဟုတ် တခု ပြပြီးတော့လေ။ အနည်းဆုံး လူ ၄၅၀ လောက် ရှိမယ်။ မန္တလေး ဆေးတက္ကသိုလ် တခုကတည်းက အထုတ်ခံရတာ။ အဲဒီကျောင်းသားတွေ ကိုယ်စားတင်ပြတဲ့ စာတွေကို စိစစ်ပြီးမှ Hearing လုပ်တာပေါ့။ သူတို့ရဲ့ အခွင့်အရေး ဆုံးရှုံးမှုတွေကို ကြားနေနိုင်ခဲ့ပေမယ့် ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး။
တခြားနိုင်ငံမှာရှိတဲ့ ကော်မတီတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကပဲ ပွင့်ပွင့်လင်းလင်း ပြောရင် အစပ် အဟပ် မတည့်သေးလို့လား။ သူများနိုင်ငံရဲ့ လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်တွေကိုများ ကျနော်တို့ နားမလည်ကြသေးလို့လား မသိပါဘူး ။ ကျနော်တို့မှာ ဘာမှ ပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့် မရှိပါဘူး။
မေး။ ။ အခုလွှတ်တော်မှာ ဆွေးနွေးတဲ့ အပိုင်းတွေကို နားထောင်ကြည့်ရတာ အရမ်း Formal ဆန်တယ်လို့ ထင်ပါတယ်။ ဥပမာ ကြက်ခြံ ၃ ခြံ ရွှေ့ဖို့ ကိစ္စမျိုးကို လွှတ်တော်မှာ မေးတယ်လေ။ လွတ်တော်မှာ တရက် ကုန်ကျစရိတ်က ကျပ်သိန်းပေါင်းများစွာ ရှိနေတာ အခုလို ဖြစ်နေတာတွေကို ဘယ်လိုချိန်ထိုးပြီး စဉ်းစားမလဲ။
ဖြေ။ ။ ပြည်ထောင်စုနဲ့ ဆိုင်တဲ့ မေးခွန်းတွေ အဆိုတွေ ဖြစ်ဖို့က ကိုယ့် Status ကိုယ်ပဲ ဆိုင်တယ်။ ကျနော်တို့ကတော့ အမျိုးသားရေးကိစ္စ ၊ လုံခြုံရေး ကိစ္စမျိုးတွေကို တင်တယ်။ ဒါမျိုးတွေပဲ မေးတယ်။ ကိုယ် ကျွမ်းကျင်ရာကိုပဲ လုပ်တယ်။ ကိုယ်မကျွမ်းကျင်တဲ့ဆီကို မရောက်အောင် ရပ်တည်ရတာပေါ့။ အဲဒီလို လမ်းကူးတံတားလေး ပြင်ဖို့၊ မူလတန်းကျောင်းလေးတွေ အဆင့်မြင့်ဖို့ ကိစ္စမျိုးတွေကတော့ သက်ဆိုင်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာပဲ မေးသင့်တယ်။ အဲဒီအဆင့်မှာပဲ ပြေလည်အောင် ဖြေရှင်းသင့်ပါတယ်။
မေး။ ။ အန်ကယ်တို့ဆိုရင် လွှတ်တော်ထဲ ရောက်လာတာ ကြာပြီဆိုတော့ တိုင်းရင်းသား အခွင့်အရေးတွေ ရအောင် ဘယ်လောက် လုပ်နိုင်ခဲ့လဲ။ တိုင်းရင်းသား တယောက် ဖြစ်နေလို့ တချို့ကိစ္စတွေမှာ ထဲထဲဝင်ဝင် လုပ်ကိုင်လို့ မရတာ၊ မျက်နှာငယ်ရတာ အဲဒါမျိုးတွေ ရှိလား။
ဖြေ။ ။ တိုင်းရင်းသား တယောက်အနေနဲ့ နိုင်ငံရေးမှာ မျက်နှာမငယ်ပါဘူး။ ကျနော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထောက်ခံမဲ ကန့်ကွက်မဲတွေ လုပ်တုန်းကလည်း ကန့်ကွက်ခဲ့ပါတယ်။ ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် တိုင်းရင်းသားတွေ မျက်နှာငယ်သွားနိုင်တယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို မကာကွယ်နိုင်ဘူး ဆိုရင် ဒီဥပဒေရဲ့ အားနည်းချက်လို့ပဲ သုံးသပ်ရမှာပေါ့ဗျာ။
တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ ခေါင်းဆောင်ကို သူနဲ့ သက်ဆိုင်တဲ့ ဒေသက ခေါင်းဆောင် မဟုတ်ဘဲနဲ့ တခြားသူ တယောက်ကို နိုင်ငံတော် သမ္မတက ခန့်နိုင်တယ်ဆိုရင် ဒါဟာ ဖွဲ့စည်းပုံရဲ့ အားနည်းချက်ပါ။ ဒီလို သုံးသပ်ချက်မျိုး အားလုံးမှာရှိရင် ပြင်မှ ဖြစ်တော့မယ်လို့ ထင်တဲ့အခါ ဖွဲ့စည်းပုံက ပြင်ပေးရတော့မှာ။
နိုင်ငံတော် အကြီးအကဲကလည်း ဒီလိုလုပ်လိုက်ရင်တော့ တိုင်းရင်းသားတွေ လက်ညှိုးထိုးတော့မှာပဲ ဆိုတဲ့ အသိနဲ့ ပြည်ထောင်စု ဝါဒီရှိရင် သူဒီလို လုပ်မှာမဟုတ်ဘူး။ ဒီမိုကရေစီကို ဘယ်လောက် သဘောပေါက်သလဲ။ ဒီမိုကရေစီ အနှစ်သာရနဲ့ ပြည့်ဝအောင် ဘယ်လောက် ခန့်နိုင်သလဲဆိုတာလည်းပဲ သူ့သမိုင်းကိုသူ ရေးသွားတာပဲ။ ကျနော်တို့ ရခိုင်ကတော့ ပြီးပြီ။ နောက်ပြည်နယ်တွေကိုတော့ ဒီလို မလုပ်ပါနဲ့လို့ တားရမှာပေါ့။
ခင်ဗျားပြောတဲ့ တိုင်းရင်းသားတွေ မျက်နှာငယ်ရသလား ဆိုရင် စစ်မှန်တဲ့ တိုင်းရင်းသား ပါတီတွေကလူတွေ မျက်နှာမငယ်ပါဘူး။ ကျနော်တို့ ရပ်တည်ချက်က ပါတီရဲ့ အရည်အသွေး အတိုင်းပဲ ပြောင်ပြောင်လက်လက် ဖြစ်တယ်။ ပြောသင့်တဲ့ဟာကို ပြောတယ်။ ဆိုသင့်တဲ့ဟာကို ဆိုတယ်။ တောင်းသင့်တဲ့ဟာကို တောင်းတယ်။ ကန့်ကွက်သင့်တာကို ကန့်ကွက်တယ်။ အတူသွားသင့်တာကို အတူသွားတယ်။ ဒါကျနော်တို့ရဲ့ မူပဲ။
တိုင်းရင်းသား ပါတီအောက်က တိုင်းရင်းသားဝတ်စုံ ဝတ်ထားတဲ့ လူပုဂ္ဂိုလ်တွေရဲ့ အရောင်အသွေးကို ပြောတာ။ ဒါပေမယ့် တိုင်းရင်းသားဝတ်စုံ ဝတ်ထားသော်လည်း တခြားပါတီကြီး တခုက ပုဂ္ဂိုလ်တွေကတော့ဖြင့် သူတို့ စိတ်ထဲမှာ ညှိုးငယ်ခြင်း ၊ သိမ်ငယ်ခြင်းတွေ ခံစားနေရတယ်လို့ သုံးသပ်ပါတယ်။ တခါတခါလည်း သူတို့ခင်ဗျာ ပေါက်ကွဲ ထွက်သွားတာမျိုးလည်း ရှိပါတယ်။ ကျနော်တို့ ခံစားရပါတယ်။ ကိုယ်ချင်းလည်း စာပါတယ်။
ပါတီ တခုရဲ့ မူဝါဒဘောင်ထဲမှာ ပြောရဆိုရတဲ့ အချိန်မျိုးမှာ ဥပမာ ဆိုပါတော့ဗျာ။ ပြည်သူ့လွှတ်တော်မှာ ဖြစ်သွားတာ။ ကျနော်တို့ ပါတီက ပြည်သူ့လွှတ်တော်အမတ် ဦးမောင်ညိုက ရခိုင်ဒေသက လျှပ်စစ်မီးတွေဟာ တယူနစ်ကို ၄၅၀၊ ၅၀၀ ဖြစ်နေတယ်။ ကျနော်တို့ဆီက လျှပ်စစ်ထွက်တယ်။ တရုတ်ကိုလည်း ရောင်းစားနေတယ်။ ဒါပေမယ့် ရန်ကုန်မြို့လို တန်ဖိုး သက်သက်သာသာနဲ့ ဘာလို့ မပေးနိုင်ရတာလဲလို့ မေးတယ်။ အဲဒီမှာ ပါတီကြီး တခုက ရခိုင်အမတ်က ဒီ ၄၅၀၊ ၅၀၀ ကျပ် ပေးနေရတာကို လက်ခံဖို့ ထပြောတယ်။ ကျနော်ပြောတာ သဘောပေါက်လား။ အဲဒါပဲ။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ ဘယ်လို ပြင်ဆင်ထားပြီလဲ။ အခု ရွေးကောက်ပွဲ ကော်မရှင်က မဲဆွယ်စည်းရုံးခွင့်နဲ့ ပတ်သက်ပြီး စည်းကမ်းချက်တွေလည်း ထုတ်ပြန်ထားပြီးပါပြီ။ အဲဒီအပေါ်မှာရော ဘယ်လိုအမြင် ရှိပါလဲ။ ၂၀၀၈ ဖွဲ့စည်းပုံကလည်း မပြင်နိုင်သေးဘူးလေ။
ဖြေ။ ။ ကျနော်တို့က ၂၀၁၀ မှာ အခက်အခဲတွေ အများကြီးနဲ့ ဝင်ခဲ့ရတာ။ အဲဒီအတွေ့အကြုံနဲ့ ယှဉ်ရင် အခု ဦးတင်အေးရဲ့ ထုတ်ပြန်ချက်လောက်ကို ပျော့တယ်လို့တောင် ပြောချင်ပါတယ်။ အခု ကော်မရှင်ဥက္ကဌ ဆိုတာလည်း လက်ရှိ ပါတီကြီးတခုက ခန့်ထားတဲ့ ပုဂ္ဂိုလ်။ ကျနော်တို့ ခင်ဗျားတို့ ဘယ်လောက်ပဲ ပြောပြော ဒီကော်မရှင်က ပြောင်းမှာ မဟုတ်ဘူး။ သူတို့ကလည်းပဲ အမိန့်တွေ ထုတ်မှာပဲ။ သူတို့မှာလည်း သူတို့ ရပ်တည်ချက်နဲ့ သူတို့ ရှိမှာပေါ့။
Free and Fair ဖြစ်မဖြစ်ကတော့ ခင်ဗျားတို့ စောင့်ကြည့်ပေါ့။ ကျနော်တို့က ၉၁/ ၂၀၁၀ နဲ့ ပြိုင်ပွဲကို ဝင်လာတဲ့ ပါတီတခုပါ။ ၁/၂၀၁၄ လောက်ကတော့ ပျော့တာပေါ့။ ဒို့တာဝန် အရေး ၃ ပါးတို့ ဘာတို့က သူတို့ ထည့်နေကြတာ။ ဖွဲ့စည်းပုံမှာလည်း ထည့် ထား တာပဲ။ ခွင့်ပြုချက် တောင်းရမယ်ဆိုလည်း တောင်းမယ်။ ကျနော်တို့ကတော့ နိုင်အောင်ကို လုပ်မယ်။ ဘယ်လောက်ပဲ တင်း ကျပ်တဲ့ ပုဒ်မတွေနဲ့ ကျနော်တို့ကို ကာဆီးထားပါစေ၊ ကျနော်တို့ လူထုကို ကျနော်တို့ ရအောင်စည်းရုံးမယ်။ ဖြစ်နိုင်ရင်တော့ လျှော့ပေးတာကိုတော့ လိုလားတာပေါ့။
ကော်မရှင် ဥက္ကဌဆိုတာ ပါတီကြီး တခုက နုတ်ထွက်ထားတဲ့ ခေါင်းဆောင် မဖြစ်သင့်ဘူး။ ဟိုတုန်းက ဦးဘဌေးတို့ ၊ ဦးစောကြာဒိုး တို့လို ပါတီ အနံ့အသက်ကင်းတဲ့ အများလက်ခံနိုင်တဲ့သူတွေ ဖြစ်သင့်တယ်။ သမာသမတ် ကျတယ်။ ရွေးကောက်ပွဲ တခုကို ရိုးရိုးသားသားနဲ့ အများလက်ခံနိုင်အောင် Free and Fair ဖြစ်အောင် ကျင်းပပေးနိုင်တဲ့ ဂုဏ်ထူး ဝိသေသနဲ့ ပြည့်စုံတဲ့ သူတွေကို ရွေးကောက်ပွဲ ကော်မရှင်မှာ ခန့်သင့်ပါတယ်။
ကော်မရှင် တာဝန်က အင်မတန်ကြီးတယ်။ ရွေးကောက်ပွဲ စနစ်ကလည်း အရေးကြီးတယ်။ ကော်မရှင်က လုပ်လိုက်တဲ့ စနစ်တခု က ပြည်သူကို ဓားစာခံ ဖြစ်စေတယ် ဆိုလို့ရှိရင် ကော်မရှင်ဟာ သမိုင်းတရားခံ ဖြစ်လိမ့်မယ်။ အရမ်းရှုပ်ပွပြီး လူတွေ နားမလည်တဲ့ ရွေးကောက်ပွဲ တခုကို ကျင်းပခဲ့မယ်ဆိုရင် ကော်မရှင်ရဲ့ အခန်းကဏ္ဍကို ပြန်သုံးသပ်ဖို့ လိုလိမ့်မယ်။ ။