ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ ကောင်စစ်ဝန် ရုံးကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်လျက်ရှိကြောင်း သိရပါတယ်။
ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်မှာ ချင်းမိုင်မြို့ကို ရောက်ရှိလာပြီး ကောင်စစ်ဝန်ရုံး ဖွင့်လှစ်နိုင်ရေး အတွက် နေရာလာရောက် ရှာဖွေခဲ့တယ်လို့ မြန်မာသံရုံး အသိုင်းအဝန်းက တဆင့် သိရပါတယ်။
“သံအမတ်ကြီး ကိုယ်တိုင် ရုံးဖွင့်ဖို့ အိမ်သွားရှာတာပါ၊ နေရာ ၆ နေရာလောက် ကြည့်ခဲ့တယ်၊ စိတ်ကြိုက်တော့ မရသေးပေ မယ့် ဖွင့်ဖို့ကတော့ သေချာနေပါပြီ”လို့ သံရုံး အသိုင်းအဝန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ဖို့ ကြည့်ရှုခဲ့တဲ့ နေရာတွေက ချင်းမိုင်မြို့တွင်း နေရာများဖြစ်ပြီး မြန်မာနိုင်ငံသားများ လာရောက် ဆက်သွယ်နိုင်မယ့် နေရာဖြစ်ဖို့ လိုအပ်တာကြောင့် ရွေးချယ်နေခြင်း ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ချင်းမိုင်မှာ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်ကို ဧရာဝတီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
မြန်မာနိုင်ငံက ၁၉၇၀ – ၁၉၇၂ ခုနှစ် ဝန်းကျင်က ချင်းမိုင်မြို့က ဝပ်ဆိုင်မွန်း မြန်မာဘုန်းကြီးကျောင်း အနီးမှာ ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခဲ့ဖူးပါတယ်။
အဲဒီအချိန်က မြန်မာ ကောင်စစ်ဝန်ရုံးနဲ့ ချင်းမိုင် ဒေသခံ ထိုင်းလူမျိုးများရဲ့ ဆက်ဆံရေးက အထူးကောင်းမွန်ခဲ့တယ်လို့ ချင်းမိုင်မြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ဂေါပက ဦးတင်ဝင်းက ပြောပါတယ်။
“အဲဒီတုန်းက ချင်းမိုင်က မြို့မိမြို့ဖတွေနဲ့ ကောင်စစ်ဝန်ရုံးက အရာရှိတွေနဲ့ ဆက်ဆံရေးက အလွန်ကောင်းတာ၊ တဖက်နဲ့ တဖက် လေးလေးစားစားကို ဆက်ဆံခဲ့ကြသလို၊ ကောင်စစ်ဝန်ရုံးက လုပ်တဲ့ ပွဲလမ်းသဘင်ဆို အကုန်လာကြတယ်၊ ကောင်စစ်ဝန်ရုံးကို ဝင်ထွက်ခဲ့ဖူးတဲ့ ထိုင်းသက်ကြီးရွယ်အိုတွေက အခုအချိန်အထိ တသသ ပြောကြတုန်းပဲ၊ အဲဒီတုန်းက မြန်မာကလည်း အခုလို မဆင်းရဲသေးတော့ သူတို့က လေးစားကြတယ်”လို့ သူက ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာ မြန်မာအစိုးရကို တော်လှန်တဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ပြည်ချစ် အဖွဲ့တွေ ချင်းမိုင်မှာ လာရောက် အခြေစိုက်တဲ့ အချိန်မှာ မြန်မာ ကောင်စစ်ဝန်ရုံးဘက်က မယုံသင်္ကာမှုများ ပိုများလာကာ၊ ကြောက်ရွံ့စိုးရိမ်လာတဲ့ အတွက် ကောင်စစ်ဝန်ရုံးနဲ့ ဒေသခံတွေ အကြားမှာ ဆက်ဆံရေး အေးစက်ခဲ့တယ်လို့ ဦးတင်ဝင်းက ရှင်းပြပါတယ်။
နောက်ပိုင်းမှာတော့ မြန်မာအစိုးရ ကိုယ်တိုင်က ချင်းမိုင်မှာရှိတဲ့ ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။
၁၉၈၈ ခုနှစ် နောက်ပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မှာ မြန်မာအစိုးရ ဆန့်ကျင်ရေး အင်အားစုများ ပိုမို အားကောင်းရာ ဒေသတခု ဖြစ် လာတာကြောင့် မြန်မာအစိုးရက ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ဖို့ လက်လျှော့ခဲ့တာ ဖြစ်ပါတယ်။
အခုလို နှစ်ပေါင်း ၄၀ ကျော် အကြာမှ ဒုတိယအကြိမ် မြန်မာကောင်စစ်ဝန်ရုံးကို ချင်းမိုင်မြို့မှာ ပြန်လည် ဖွင့်လှစ်ဖို့ လုပ်ဆောင် နေချိန်ဟာ မြန်မာအစိုးရနဲ့ ပြည်ပ အတိုက်အခံများ၊ လက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေချိန်နဲ့လည်း တိုက်ဆိုင်လျက် ရှိနေပါတယ်။
ချင်းမိုင်မြို့ အခြေစိုက် ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ဝင်၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ရဲ့အကြံပေး၊ ရှမ်း သံတော်ဆင့် သတင်းဌာန တည်ထောင်ခဲ့သူ အယ်ဒီတာချုပ်ဟောင်း ဦးခွန်ဆိုင်းက “မြန်မာ အစိုးရ ဆန့်ကျင်ရေး သမားတွေများတဲ့ ချင်းမိုင်မှာ ဖွင့်ဖို့ ကြိုးစားတဲ့ ရည်ရွယ်ချက်က အခုအချိန်မှာ ကောင်းတယ်လို့ ယူဆရပေမယ့်၊ အခု ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အစီအစဉ်ကြီးသာ ပျက်သွားရင် အခြေအနေ တမျိုးဖြစ်သွားလိမ့်မယ်လို့ ထင်တယ်၊ ဒါပေမယ့် ရှမ်း လက် နက်ကိုင်တွေ အနေနဲ့က အိမ်ရှင် ထိုင်းတွေ မျက်နှာပျက်အောင် လုပ်မယ် မထင်ပါဘူး”လို့ ဧရာဝတီကို ပြောဆိုပါတယ်။
ချင်းမိုင်မြို့မှာ လာရောက် ဖွင့်လှစ်မယ့် မြန်မာကောင်စစ်ဝန်ရုံး အနေနဲ့ အစိုးရ အတိုက်အခံတွေ အပေါ်မှာ သူလျှိူလုပ်ဖို့ ဆို တာထက်၊ ဒီဒေသမှာ လာရောက် နေထိုင်နေတဲ့ မြန်မာ အလုပ်သမားများ အရေးကို အနီးကပ် ဆောင်ရွက် ပေးနိုင်ရင် ပိုကောင်းမွန်လိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မြို့မှာ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ်စတဲ့ နိုင်ငံတွေက ကောင်စစ်ဝန်ရုံးတွေ ဖွင့်လှစ် ထားကြပါတယ်။