ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ကန့်သတ်ထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်ကို ပြင်ဆင်မှု အပါအဝင် အပြောင်းအလဲများ ဆက်မလုပ်ပါက မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ပတ္တမြားများကိုလည်း အမေရိကန်ပြည်ထောင်စုက ဆက်လက်ပိတ် ပင်ထားမည်ဟု ထိပ်တန်း အမေရိကန် အထက်လွှတ်တော်အမတ်တဦးက ပြောကြားလိုက်သည်။
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်နှင့်ချီသော ကြမ်းတမ်းသည့် စစ်အုပ်ချုပ်ရေးအောက် ရှိစဉ်က မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ရန် တင်သွင်းခဲ့သည့် ဥပဒေကို အမေရိကန် ကွန်ဂရက် လွှတ်တော်တွင် ယခင်အတိုင်း ဆက်လက် ထားရှိရန် လိုလားကြောင်း အထက်လွှတ်တော် ရီပတ်ပလီကင်ခေါင်းဆောင် ကင်တပ်ကီပြည်နယ် အထက်လွှတ်တော် အမတ် မစ္စတာ မစ်ချ် မက်ကော်နဲလ်က Reuters သတင်းဌာနကို ယမန်နေ့က ပြောဆိုခြင်းဖြစ်သည်။
မစ်ချ် မက်ကော်နဲလ်၏ ယမန်နေ့က အထက်လွှတ်တော် မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို စိုးရိမ်ကြောင်း၊ မြန်မာအနေဖြင့် နောက်ထပ် ပြုပြင်ပြောင်းလဲမှုများ ဆက်လက် မလုပ်ဆောင်ပါက အမေရိကန်ပြည်ထောင်စုကို တင်သွင်းမည့် ကျောက်စိမ်းနှင့် ပတ္တမြားများကို ထပ်မံ ပိတ်ဆ့ိုမှု အဆုံးသတ်ရန် မမြင်ကြောင်း၊ တသီးပုဂ္ဂလများအပေါ် ဆက်ဆက် ပိတ်ပင်ထားနိုင်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။
“၂၀၁၅ ရွေးကောက်ပွဲ တရားဝင်မှုကိစ္စနဲ့ အဓိက ဆက်စပ်နေတာက ဖွဲ့စည်းပုံဆိုင်ရာ သမ္မတ အရည်အချင်း သတ်မှတ်မှုကိစ္စ တိုးတက်မှု မရှိဘဲနဲ့တော့ ကန့်သတ်ပိတ်ပင်မှုတွေ ဖြေလျှော့ဖို့ ခက်ခဲပါတယ်” ဟု မြန်မာ့အရေးနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ လေ့လာပြောဆိုခဲ့သူ မစ္စတာ မစ်ချ် မကော်နဲလ်က ဆိုသည်။
မစ္စတာ မစ်ချ် မကော်နဲလ်သည် လွန်ခဲ့သည့် ၂ နှစ်က မြန်မာနိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သေးသည်။
မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးတက်ရေးသည့် အမေရိကန်အစိုးရ၏ ဦးစားပေးကဏ္ဍတခု ဖြစ်သော်လည်း နောက်ပိုင်းတွင်း အမေရိကန်အစိုးက မြန်မာနိုင်ငံက လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ နောက်ပြန်သွားနေသည်ကို စိုးရိမ်နေကြပြီဖြစ်သည်။
မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် သတင်းမီဒီယာ လွတ်လပ်ခွင့် အလွန်တင်းကြပ်ထားခဲ့သည်ကို ဖြေလျှော့ပေးခြင်း၊ နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း၊ နိုင်ငံရေးအကျဉ်း သားများအား ပြန်လွှတ်ပေးခြင်းများသည် သိသာထင်ရှားသည်။
“ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အလင်းရောင်တွေထဲက တော်တော်များများကို ၂၀၁၂ ခုနှစ်ဇန်နဝါရီလတုန်းက ကျနော် မြန်မာနိုင်ငံကို သွားစဉ် ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ခဲ့ရတာပါ။ ဒီကနေ့ ကမ္ဘာကြီးမှာ အမှောင်ကို ဖြတ်သန်းနေရတဲ့ လူ့အဖွဲ့အစည်းတွေထဲက ထူးခြားတဲ့ တိုးတက်မှုအနေနဲ့ မြန်မာ့ အပြောင်းအလဲ ကိစ္စဟာ သေးသေးလေးမှ မဟုတ်တာပဲ” ဟု မစ္စတာ မစ်ချ် မကော်နဲလ်က ဆိုသည်။
လာမည့် ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ရှိသော်လည်း လက်ရှိ အခြေအနေတွင် ဒီမိုကရေစီ နည်းလမ်း မကျသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် အရိပ်အယောင် မမြင်ရသေးပေ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ ဦးဆောင်ကာ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ခက်ခဲသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုး လှုပ်ရှားမှုလည်း လုပ်ဆောင်ခဲ့ပြီး လက်မှတ်ပေါင်း ၅ သန်းကျော် ရကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်သည် ပြည်သူ့အသံ ထင်ဟပ်ရမည်ဟု ဆိုသော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကမူ အဆိုပါ ဖွဲ့စည်းပြင်ဆင်ရေး လက်မှတ်ရေးထိုး တောင်းဆိုမှုသည် လွှတ်တော်အမတ်များ တင်ပြမှု သဘောထား ဆန္ဒမဟုတ်၍ ပြည်သူ့လွှတ်တော်တွင် အကျုံးမဝင်ကြောင်း မကြာသေးမီက ပြောဆိုထားသည်။
အမေရိကန် ပြည်ထောင်စုက အထူး ထောက်ပြနေသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) အရ သမ္မတ အရည်အချင်း သတ်မှတ်မှုတွင် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦး သော်လည်းကောင်း၊ ထို တရားဝင် သားသမီး တဦးဦး၏ ဇနီးနှင့် ခင်ပွန်းသည် နိုင်ငံခြားသား မဖြစ်စေရဟု ဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးသည် ယခုအခါ နိုင်ငံခြားသား ဖြစ်နေသည့်အတွက် အဆိုပါ ဥပဒေနှင့် ငြိစွန်းနေ၍ သမ္မတဖြစ်ခွင့် မရဘဲဖြစ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မကြာမီက ပခုက္ကူမြို့ ခရီးစဉ်အတွင်း လူထု ဟောပြောပွဲ တခုတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
“တချို့က ပြောကြတယ်။ ကျမ သား ၂ ယောက်က မြန်မာနိုင်ငံသား ခံယူလိုက်ရင် ကျမ သမ္မတ ဖြစ်လို့ရပြီပေါ့။ ကျမ ပြောမယ်။ ကျမ သမ္မတ ဖြစ်တာ၊ မဖြစ်တာ အဓိက မဟုတ်ဘူး။ အဓိက ဥပဒေကြောင်းအရ မမျှတလို့ ပြင်တာ၊ ဘယ်လို မကြိုက်တာလည်း ပြောရရင် ကျမ သားတွေက နဂိုက မြန်မာနိုင်ငံသား ရနေပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်း ကျမ အကျယ်ချုပ်ကျတော့ ကျမသားတွေကို အရင် အစိုးရက နိုင်ငံသားလက်မှတ်တွေကို ရုပ်သိမ်းလိုက်တယ်။ အဲဒီ နောက်ပိုင်း ကျမ သားတွေ ဗြိတိန်နိုင်ငံသား ဖြစ်သွားတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မစ်ချ် မကော်နဲလ်က ပြောကြားရာတွင် လွတ်တော်ကော်မတီ တခုလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆိုကို အကောင် အထည်ဖော်နေကြောင်း၊ ပြင်ဆင် ပြောင်းလဲမည့် လက္ခဏာ မမြင်ရ၍ သူ့အနေဖြင့် စိုးရိမ်ကြောင်းလည်း ဆိုသည်။
ဖွဲ့စည်းပုံကို ပြင်ဆင်မှု မရှိဘဲ ဆက်လက် ပိတ်ပင်ကန့်သတ်မှုများ ရှိနေပါက အမေရိကန် အထက်လွှတ်တော် အမတ်များနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက စောင့်ကြည့်နေသည့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် တရားဝင်ကြောင်း အသိအမှတ်ပြုရန် ခက်ခဲလိမ့်မည်ဟုလည်း မစ်ချ် မကော်နဲလ်က ဆိုသည်။