တိုင်းရင်းသားပေါင်းစုံ လိုလားနေသည့် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင် စီ(UNFC) ၏ မူဝါဒဖြင့်သာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ဥက္ကဌ ဦးဇောင်း ဟရား က ယနေ့ ပြောဆိုလိုက်သည်။
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပထမဆုံးနေ့ အဖြစ် ကျင်းပနေသည့် တတိယအကြိမ် တိုင်းရင်းသား ညီလာခံတွင် ယင်းသို့ ထုတ် ဖော် ပြောကြားလိုက်ခြင်းဖြစ်ပြီး UNFC ၏ မူဝါဒကို ယခုထက် ပိုပြီး လူအများ လက်ခံနိုင်ရေး ဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။
“UNFC အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပစ်ရပ်ရေးကို စားပွဲပေါ် နိုင်ငံရေး ဆွေးနွေးဖို့ NCCT အဖွဲ့ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ NCCT အဖွဲ့က UNFC နဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ချမှတ်ပေးလိုက်တဲ့ မူကို ကိုင်စွဲပြီး အစိုးရကို တင်ပြ ဆွေးနွေးနေတာ ဖြစ်သလို အဲဒီမူဝါဒတွေ အတိုင်း ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရေး၊ တန်းတူ အခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် တို့ကို လေးစားတဲ့ နိုင်ငံရေး ခံစားခွင့်များ လက်ဆုပ် လက်ကိုင် ရရှိတဲ့ အထိ တင်ပြမှာ ဖြစ်ပါတယ်”ဟု ဦးဇောင်းဟရားက ယနေ့ ကျင်းပသည့် ညီလာခံ မိန့်ခွန်းတွင် ပြောသည်။
တိုင်းရင်းသားများ စည်းလုံးညီညွှတ်ပြီး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရေး၊ နိုင်ငံရေး ဆွေးနွေးမှု ဖြစ်ပေါ်နိုင်ရေး အတွက် တိုင်းရင်းသားများက ကြိုးစား လုပ်ဆောင်နေချိန်တွင် အစိုးရဘက်က နည်းပရိယာယ် ပေါင်းစုံဖြင့် ဝါဒဖြန့်နိုင်သည့် အပြင် ယင်းသို့ လုပ်ဆောင်မှုများ ရှိလာနိုင်သည့်အတွက် သတိထားရန် လိုကြောင်း ၎င်းက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော် မငြိမ်မသက်ဖြစ်ပြီး အဆင်းရဲဆုံး တိုင်းပြည်အဖြစ် ရပ်တည်နေရသည်မှာ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သည့် စစ်အစိုးရများမှ ပြည်သူလူထု အပေါ် ဖိနှိပ်ချုပ်ချယ်ကာ မိမိကောင်းစားရေး အတွက်သာ ကြည့်ခဲ့ခြင်းကြောင့် ဖြစ် သည်ကို သတိပြုသိရှိရန် တိုင်းရင်းသား ခေါင်းဆောင်များက နားလည်ထားသင့်ကြောင်းလည်း ဦးဇောင်းဟရားက သတိပေး ပြော ဆိုသည်။
“UNFC ရဲ့ မူဝါဒ ဖြစ်တဲ့ တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် စတဲ့ ဒီမိုကရေစီ တရားကို ကိုင်စွဲပြီး ဖက်ဒရယ် ပြည်ထောင်စု ထူထောင် မှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် တည်ငြိမ်လာမှာ ဖြစ်ပါတယ်။ ဒီအတွက် တိုင်းရင်းသားတွေ အနေနဲ့ လုပ်ဆောင်ရမယ့် လမ်းစဉ်၊ မူဝါဒတွေကို ခိုင်မာအောင် လုပ်ဆောင်ဖို့ လမ်းညွှန်မှုတွေ ချမှတ်ပေးမှ ရပါမယ်။ အဲဒီလို ချမှတ်နိုင်မှ အစိုးရနဲ့ သေချာ စေ့စပ် ဆွေးနွေးနိုင်မှာပါ”ဟု ၎င်းက ဆိုသည်။
ယခုအချိန်တွင် UNFC အဖွဲ့မှ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ရေး၊ စစ်မှန်သော ဖက်ဒရယ် စနစ်ကို ဒီမိုကရေစီ နည်းလမ်းတကျ ဖော်ဆောင်နိုင်ရေး အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီတူ ဖြစ်ခွင့် ဖြစ်ပေါ်လာရန် ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေပြင်ရေးနှင့် ဖက်ဒရယ် စနစ်ဖြင့် တည်ဆောက်ရေးတို့ အတွက် မူဝါဒပိုင်းများ၊ လုပ်ဆောင်ချက်များ ချမှတ်ထားပြီး အဆိုပါ အချက်များကို ဆက်လက် အကောင်ထည် ဖော်သွားမည်ဟု ဦးဇောင်းဟရားက ဆက်ပြောသည်။
UNFC ကို KIO ၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC) စသည့်အဖွဲ့ ၁၁ ဖွဲ့ ဖြင့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။
UNFC က ချမှတ်ထားသော မူဝါဒများမှာ နိုင်ငံရေးအရ ဆွေးနွေးပွဲများ ဆက်လက် ဖြစ်ပေါ်လာရေး၊ ပင်လုံကဲ့သို့ ညီလာခံတခု ပေါ်ပေါက်ရေး၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကို အစိုးရက တရားဝင်ကြေညာပေးရေး၊ နိုင်ငံရေး ဆွေးနွေးပွဲကို တဖွဲ့ချင်းစီ မဟုတ်ဘဲ UNFC အနေနှင့် ဆွေးနွေးရန် စသည့် မူဝါဒများ ချမှတ်ထားသည်။
လိုင်ဇာမြို့တွင် ကျင်းပနေသည့် ယခုညီလာခံတွင် တိုင်းရင်းသား အဖွဲ့ပေါင်းစုံမှ လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ညီလာ ခံ ကို နှစ်ပိုင်းခွဲ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
ညီလာခံ ပထမပိုင်းအနေဖြင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT)နှင့် အဖွဲ့ဝင် တိုင်းရင်းသား ခေါင်း ဆောင် များက ဇူလိုင် ၂၅ နှင့် ၂၆ ရက်တွင် နှစ်ရက်ကြာ ဆွေးနွေးကြမည်ဖြစ်ကြောင်း NCCT ကပြောသည်။
ဇူလိုင် ၂၈ နှင့် ၂၉ ရက်တွင် NCCT နှင့် အဖွဲ့ဝင် မဟုတ်သည့် တိုင်းရင်းသား အဖွဲ့များ ဖြစ်သော “ဝ”၊ မိုင်းလား၊ နာဂ၊ ရှမ်းပြည် ပြန် လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ် မတော် တောင်ပိုင်း(RCSS/SSA) နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့ကို တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း၊ အစိုးရနှင့် NCCT တို့ ဆွေးနွေးနေသည့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (ဒုတိယမူကြမ်း) ပါ အချက်များကို လက်ခံဆွေးနွေးသွားမည် ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း ကလည်း ပြောပြသည်။
“အခု အပစ်ရပ်ရေး စာချုပ်ကို အစိုးရနဲ့ ဆွေးနွေးတာက ပေါ်လစီတွေ၊ မူဝါဒပိုင်းတွေ ဆွေးနွေးဖို့ပဲ ကျန်တော့တယ်။ အခု ညီလာခံမှာ အားလုံး ဆွေးနွေးပြီးတော့ အခက်အခဲကြုံရင် အတည်ပြုချက် ရယူပြီး ဆုံးဖြတ်နိုင်အောင် ဦးဆောင် ကော်မတီက ဖြေရှင်းပေး မယ်။ နောက် ဒီညီလာခံကနေ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို အပြီးသတ် ဆွေးနွေးနိုင်ဖို့ လုပ်ဆောင်သွားမှာပါ”ဟုလည်း ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ပြောသည်။
တတိယအကြိမ် တိုင်းရင်းသားညီလာခံကို ဦးဆောင်မည့် ဦးဆောင်ကော်မတီကို တရက်ကြာ ဆွေးနွေးဖွဲ့စည်းနေသည့် အတွက် တိုင်းရင်းသား ညီလာခံ ကျင်းပရက်ကို မူလ စတင်မည့် ဇူလိုင် ၂၄ ရက်မှ တရက် နောက်သို့ ရွှေ့လိုက်ရသည်ဟုလည်း ဆိုသည်။
ယခု ကျင်းပနေသည့် လိုင်ဇာ ညီလာခံတွင် အစိုးရနှင့် NCCT တို့ ဆွေးနွေးနေသည့် အပစ်အခတ် ရပ်စဲရေး ဒုတိယမူကြမ်းပါ အခန်း ၇ ခန်းကို အသေးစိတ် ဆွေးနွေးမည် ဖြစ်ပြီး အဆိုပါခေါင်းစဉ်များမှာ အခြေခံမူများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အပစ်အခတ် ရပ်စဲရေးကို ခိုင်မာရန် လုပ်မည့် နည်းလမ်းများ၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ ရှေ့ဆက် လုပ်ဆောင်ရမည့် အချက်များနှင့် အထွေထွေတို့ ဖြစ်ကြောင်း သိရသည်။