ရွေးကောက်ပွဲစနစ် ဆုံးဖြတ်ချက်ချသူများ ထည့်သွင်းစဉ်းစားရမည့် အခြေခံအချက်များ (၃)

ဒေါ်နယ် ဟိုရိုဝစ်ဇ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အခြား ဦးစားပေး အလိုက်ရွေးချယ်သည့် စနစ်ဖြစ်သည့် STV (Single transferabel vote) ကမူ ပါတီ များအချင်းချင်းမဟာမိတ်ပူးပေါင်းလာစေရန် မက်လုံးမရှိချေ။ အဘယ်ကြောင့်ဆိုသော် အနိမ့်ဆုံးမဲအရေအတွက်မှာ သီးသန့် ပုံသေနည်း တခုနှင့် တွက်ချက်ကာ အဖြေထုတ်သောကြောင့်ဖြစ်သည်။ STV စနစ်ကို ကိုယ်စားလှယ် တဦးထက်ပိုသော မဲဆန္ဒနယ် များတွင်အသုံးပြုပါသည်။ အရွေးချယ်ခံရရန်အတွက် ကိုယ်စားလှယ်တဦးအနေဖြင့်
သတ်မှတ်ထားသော “ကိုဒါ” ရရန်လိုအပ်သည်။ ပုံသေနည်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ကိုဒါ = ၁ ÷ (အမတ်ဦးရေ + ၁) + ၁

တနည်းဆိုသော် အမတ်နေရာ ၄ ခုရှိသော မဲဆန္ဒနယ်တွင် ပါဝင်ယှဉ်ပြိုင်သော ကိုယ်စားလှယ် တယောက်သည် မဲအရေအတွက် ငါးပုံတပုံနှင့် တမဲရရှိပါက ရွေးကောက် တင်မြောက်ခံရသည်။ ဤကိုဒါ စနစ်အရ ဒုတိယ နှင့် တခြားသော ကိုယ်စားလှယ်များ၏ မဲသည် နောက်ဆုံးကျန်သည့် ကိုယ်စားလှယ် အနိုင်အရှုံးအား ဆုံးဖြတ်ပေးနိုင်မည် ဖြစ်သော်လည်း ပါတီအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုကို အားမပေးချေ။ ကိုယ်စားလှယ်တယောက်၏ မဲရလဒ်သည် အနိမ့်ဆုံး ကိုဒါ သတ်မှတ်ချက်ထက် ပိုများနေပါက သူ၏ ဒုတိယနှင့် တတိယ အကြိုက်ဆုံးမဲများသည် တခြား ကိုယ်စားလှယ်များ အပေါ် အလိုလိုရောက်သွားပါသည်။ ထို့ကြောင့် စတုတ္ထမြောက် အရွေးခံရသော ကိုယ်စားလှယ်သည် တခြားသော ကိုယ်စားများ၏ မဲများကို မှီခိုနေရသော်လည်း နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရန် မက်လုံးမရှိချေ။ ခြုံ၍ ဆိုရလျှင် STV စနစ်သည် အများကိုယ်စားပြုမှုကို သုံးသည့် ဦးစားပေးအလိုက် ရွေးချယ်သည့်စနစ်နှင့် ယှဉ်ပါက အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှုကို အနည်းငယ်သာ အားပေးသည်။

အကယ်၍ ပါတီများအနေဖြင့် ဤသို့သော ဒုတိယနှင့် တခြား ဦးစားပေး ရွေးချယ်သည့်စနစ်တွင် တခြားပါတီများထံမှ မဲများစုဆောင်းရန် မလိုအပ်သော အခြေအနေမျိုးဖြစ်ပါက အရေးကြီးသော အကျိုးဆက်များကို တွေ့ရမည်ဖြစ်သည်။ လူမှုရေးအရ ကွဲပြားမှုကြီးမားသော အခြေအနေမျိုးတွင် ပါတီများအနေဖြင့် ၎င်းတို့၏ သဘောထားအား တင်းတင်းမာမာ ဆုပ်ကိုင်ထားပြီး တခြားသော အုပ်စုများ၏ လိုအပ်ချက်များ တောင်းဆိုချက်များအား လျစ်လျူရှုထားမည် ဖြစ်သည်။
ရွေးကောက်ပွဲ နောက်ပိုင်းမှသာလျှင် အစိုးရဖွဲ့ရန်အတွက်သာ မဟာမိတ်ဖွဲ့ကြမည်ဖြစ်သည်။ List PR စနစ် သို့မဟုတ် STV စနစ် သို့မဟုတ် FPTP စနစ်တို့တွင် ပါတီကွဲပြားမှု ကြီးမားသော အခြေအနေမျိုး၌ ရွေးကောက်ပွဲအလွန် မဟာမိတ်ဖွဲ့ခြင်းအား အကောင်အထည် ဖော်ကောင်းဖော်ကြမည် ဖြစ်သော်လည်း ထိုပူးပေါင်းမှုသည် ရွေးကောက်ပွဲ မတိုင်မီက မဲအရေအတွက် များပြားရန်အတွက် ပူးပေါင်းဆောင်ရွက်သည့် အချင်းချင်းနားလည်မှုမျိုး မဟုတ်ဘဲ
အစိုးရဖွဲ့ရန် လိုအပ်သော ကိုယ်စားလှယ်နေရာ ဖြည့်ဆည်းရန် ပူးပေါင်းခြင်းသက်သက်သာ ဖြစ်သည်။

ဤသို့ဆိုသဖြင့် STV စနစ်သည် အသုံးမတည့်သည့် စနစ်ဟု မဆိုလိုပါ။ အချိုးကျကိုယ်စားပြုမှုသည် မဲဆန္ဒနယ်တခုက ရရှိသည့် ကိုယ်စားလှယ်အရေအတွက်နှင့် တိုက်ရိုက်သက်ဆိုင်နေသော်လည်း (ကိုယ်စားလှယ် အရေအတွက်များလေ အချိုးကျကိုယ်စားပြုနိုင်မှု မြင့်မားလေ) အချိုးကျကိုယ်စားပြုမှုအား ပထမဦးစားပေးရွေးချယ်သည့်နည်းနှင့် ဆုံးဖြတ်မည် ဆိုပါက STV စနစ်သည် ယေဘုယျအားဖြင့် အတိုင်းအတာတခုအထိ အချိုးကျကိုယ်စားပြုသော ရလဒ်မျိုးကို ရရှိစေသည်။ ကိုယ်စားလှယ်အရေအတွက် တဦးထက်ပိုများသော မဲဆန္ဒနယ်နှင့် အနည်းဆုံးသတ်မှတ် ထားသည့်မဲအရေအတွက်
နည်းခြင်းကြောင့် ကိုယ်စားလှယ်လောင်းများအနေဖြင့် တခြားသောအုပ်စုများ၏ အကျိုးစီးပွားများကို အလေးဂရုပြုရန် သိပ်မလိုအပ်သော်လည်း STV သည် မဲဆန္ဒနယ်အားအခြေခံထားသည့် စနစ်ဖြစ်သည့်အလျောက် FPTP နှင့် AV စနစ်များကဲ့သို့ပင် မဲဆန္ဒနယ်များကို ဂရုတစိုက် တုံ့ပြန်ဆက်ဆံရသည်။ မဲဆန္ဒနယ်မြေ အခြေခံ List PR စနစ်သည်လည်း မဲဆန္ဒနယ်များအပေါ် တာဝန်ခံမှု ပိုမိုမြင့်မားပြီး နိုင်ငံအခြေပြု List PR စနစ်တွင် အာရုံစိုက်လေ့မရှိသည့် ဒေသဆိုင်ရာ ကိစ္စများအား ပိုမိုအလေးထားသည်ကို တွေ့ရသည်။

အလေးထားရမည့် အရေးကြီးသော အချက်များ

ရွေးကောက်ပွဲစနစ်များသည် မတူညီသော လက္ခဏာရပ်များ ရှိနေသဖြင့် မတူညီသောရလဒ်များ ထွက်ပေါ်လာစေသည်ကို သူတို့၏ ရည်မှန်းချက်များ အပေါ်တွင် အခြေခံကာ ရှင်းလင်းပြီး ဖြစ်သည်။ သို့သော် အရေးကြီးသော အခြေခံ အယူအဆတခုကို ဆက်လက် တင်ပြလိုပါသည်။ ရွေးကောက်ပွဲရလဒ်များသည် ရွေးကောက်ပွဲစနစ် တခုတည်း၏ ရလဒ် သက်သက်မဟုတ်ဘဲ တည်ရှိနေသော လူမျိုးရေးကွဲပြားမှုတမျိုး သို့မဟုတ် အမျိုးမျိုး၊ ဝင်ရိုးနှစ်ခု သို့မဟုတ် ဝင်ရိုးစုံ၏ သက်ရောက်မှုများကြောင့်လည်း ဖြစ်သည်။ နိုင်ငံရေးပါတီ စနစ်များအား လူအဖွဲ့အစည်း အတွင်းရှိ လူမှုရေးကွဲပြားမှု ဝင်ရိုးတခုကသာ ပုံဖော်ထင်ဟပ်နေပါသလား၊ သို့မဟုတ် လူမှုရေးကွဲပြားမှု ဝင်ရိုးတခုထက် မကသော ဝင်ရိုးများက ပုံဖော်နေပါသလား။ ထိုကွဲပြားခြားနားမှုများသည် တခုနှင့်တခု မည်သည့် အတိုင်းအတာအထိ ရောယှက်နေပါသနည်း။

မဲဆန္ဒရှင်များ အနေဖြင့်လည်း ထိုကွဲပြားမှု ဝင်ရိုးတလျှောက်တွင် ၎င်းတို့၏ ရပ်တည်ချက်နှင့် ပတ်သက်၍ နှစ်နေရာ သို့မဟုတ် သုံးနေရာ သို့မဟုတ် သုံးနေရာထက်ပို၍ အဓိပ္ပါယ်ဖွင့်လေ့ ရှိပါသလား။ ထို့အပြင် နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးရပ်ဝန်း တခုချင်းစီတွင် ရွေးကောက်ပွဲ စီမံထားမှုနှင့် ပတ်သက်၍ သီးခြားလက္ခဏာများ ရှိသည်။ ထိုလက္ခဏာများသည် ရွေးကောက်ပွဲ ရလဒ်များကို တဆစ်ချိုး ပြောင်းလဲနိုင်သော အရာများဖြစ်သည်။ မဲဆန္ဒနယ် အခြေခံစနစ်များတွင် မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ကိုယ်စားလှယ်အရေအတွက် သတ်မှတ်ခြင်းသည် အလွန်အမင်း အရေးကြီးပါသည်။ သတ်မှတ်ထားသော မဲဆန္ဒနယ်မြေများသည် လက်ရှိအနေအထားအရ လူမျိုးများကို ပိုမို စုစည်းစေပါသလား သို့မဟုတ် ပိုမိုကွဲပြားစေပါသလား။ ရွေးကောက်ပွဲ အောင်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများသည် ထိုအခြေအနေအပေါ်လိုက်၍ အမျိုးမျိုး ကွဲပြားသွားလိမ့်မည်ဖြစ်သည်။ လူများစုက ကြိုက်နှစ်သက်သော ကိုယ်စားလှယ်ကို ရွေးကောက် တင်မြှောက်လိုက်ခြင်းကြောင့် တချို့အုပ်စုများ၏ မဲများ ပိုထိရောက်သွားသော်လည်း တချို့အုပ်စုများ၏ မဲများ လဟဿဖြစ်သွားစေရန် မဲဆန္ဒနယ်မြေများကို ရေးဆွဲထားပါသလား။ မဲဆန္ဒနယ်မြေများရှိ လူဦးရေ အနည်းအများ ညီမျှပါသလား သို့မဟုတ် အနည်းအများ ကွာဟမှု နည်းပါသလား။ ကိုယ်စားပြုမှု အချိုးမညီမှု တနည်းဆိုသော် လူဦးရေ အချိုးအစား မမျှတမှုသည် ရွေးကောက်ပွဲ တရားမမျှတခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည်။

List PR စနစ်၏ အလားတူပြဿနာမှာ ပါတီတခု အရွေးခံရန် အနိမ့်ဆုံး လိုအပ်သော မဲအရေအတွက် ရာခိုင်နှုန်းဖြစ်ပြီး အနည်းဆုံး ၁ သို့မဟုတ် ၂ ရာခိုင်နှုန်း သိုမဟုတ် အမြင့်ဆုံး ၅ သို့မဟုတ် ၅ ထက်ပိုသော ရာခိုင်နှုန်း သတ်မှတ်ကြခြင်း ဖြစ်သည်။ ပါတီတပါတီအား အနည်းဆုံး မဲအရေအတွက် တရာခိုင်နှုန်း ရရုံဖြင့် ပါလီမန်အတွင်း ကိုယ်စားလှယ် တနေရာ သို့မဟုတ် တနေရာထက်ပို၍ ရရှိနိုင်ခဲ့လျှင် ၎င်းအခြေအနေသည် ပါတီများအား ကွဲထွက်ရေးကို အားပေးနေသကဲ့သို့ပင် ပါတီငယ်ကလေးများအား အစိုးရ၏ မူဝါဒကို အဆုံးအဖြတ်ပေးနိုင်သည့် အာဏာ အပ်နှင်းထားပြီး အစ္စရေး နိုင်ငံတွင် တွေ့ရသော နိုင်ငံရေးအရ မျက်နှာသာပေးမှုများကို အားပေးနေပါသည်။ ဤစနစ်အနေဖြင့် ကိုယ်စားပြုမှု ပိုမို အချိုးကျစေလေလေ အချိုးမကျသော မူဝါဒများ ရရှိလေလေဖြစ်သည်။

PR စနစ်တွင်လည်း အကယ်၍ ရွေးချယ်ခံရန် လိုအပ်သည့် အနိမ့်ဆုံး လိုအပ်သည့် မဲအရေအတွက် ရာခိုင်နှုန်း အလွန်မြင့်မားပါက ပိုမိုဆိုးရွားသော ရလဒ်ကိုသာ ရရှိစေပါသည်။ အကယ်၍ မဲဆန္ဒရှင်များအကြား ကွဲပြားမှု အလွန်ကြီးမားပါက ပါတီတချို့သည် အနိမ့်ဆုံးလိုသော မဲအရေအတွက် ရာခိုင်နှုန်းကိုပင် မရရှိသဖြင့် ထိုမြင့်မားသော မဲအရေအတွက် ရာခိုင်နှုန်းအောက်တွင် မည်သူမှ ရွေးချယ်ခြင်းမခံရဘဲ အနိမ့်ဆုံးလိုအပ်ချက် ရာခိုင်နှုန်းထက် ကျော်လွန်ရရှိသော ပါတီများသို့ အပိုဆောင်းမဲများ အပါအဝင် မဲများစုပုံ ရရှိသွားစေတတ်ပါသည်။ အထင်ရှားဆုံး သာဓကမှာ ၂၀၀၂ ခုနှစ် တူရကီနိုင်ငံ ရွေးကောက်ပွဲဖြစ်သည်။ ထိုရွေးကောက်ပွဲတွင် အစ္စလမ်မစ် အခြေခံ Justice and Development Party သည် မဲအရေအတွက် အနည်းစုဖြင့် ကိုယ်စားလှယ် အမြောက်အများ ရွေးချယ်ခံရပြီး တခြားသော
ပါတီအများစုမှာ အနိမ့်ဆုံး လိုအပ်ချက် မဲ ၁၀ ရာခိုင်နှုန်း မရရှိသဖြင့် ကိုယ်စားလှယ်တနေရာမှ အရွေးချယ်ခြင်း မခံရဘဲ ၄၆ ရာခိုင်နှုန်းသော မဲများမှာ အလဟဿ ဖြစ်ကုန်သည်။

ရွေးကောက်ပွဲနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များသည်လည်း အရေးကြီးသည်။ ရေးဆွဲသူများ၏ လိုအင်ဆန္ဒနှင့် ကိုက်ညီအောင် ရွေးကောက်ပွဲစနစ်များကို သေချာပြင်ဆင် ရေးဆွဲရန် လိုသည်။ ရေးဆွဲသူများ အနေဖြင့်လည်း ၎င်းတို့၏ အကျိုးစီးပွားနှင့် ညီညွတ်သော ရလဒ်မျိုးသာ ထွက်ပေါ်လာစေရန် သာဆန္ဒရှိကြသည်။ သို့သော် ပြောလိုသည်မှာ ရွေးကောက်ပွဲစနစ်များ၏ ထိရောက်မှုကို လေ့လာရာတွင်နှင့် ရည်မှန်းချက်များအတိုင်း ဖြစ်မြောက်အောင် ရွေးကောက်ပွဲစနစ်များကို ရေးဆွဲရာတွင် တခြားနည်းစနစ်များလည် ရှိနေပါသေးသည်။ ရွေးကောက်ပွဲစနစ်များအား ရေးဆွဲသူများက မည်သို့ပင် ရေးဆွဲစေကာမူ မျှော်မှန်းမထားနိုင်သော တခြားသက်ရောက်မှုများကြေင့် ရလဒ်များ ပြောင်းသွားတတ်သည်။

လေ့လာဆန်းစစ် သုံးသပ်မှုများတွင် အဓိကအားဖြင့် ရွေးကောက်ပွဲစနစ်၏ မည်သည့် ရည်မှန်းချက်ပန်းတိုင်အား အားကောင်းစေရန် ဆောင်ရွက်မည်၊ မည်သည့် ရည်မှန်းချက်ကို အဓိကထား ရွေးချယ်မည်နည်း၊ တခြားသော ဖြစ်နိုင်ချေ မည်သည့် အကျိုးဆက်များ ရရှိမည်နည်း စသည်တို့ကိုသာ အာရုံကြလေ့ရှိပါသည်။ သို့သော် အထက်ပါမေးခွန်းများကို ရွေးကောက်ပွဲစနစ်၏ အကျိုးဆက်ဖြစ်သည့် ပါတီစနစ်များနှင့် လူမှုရေးကွဲပြားမှုများအား နက်နက်ရှိုင်းရှိုင်း မလေ့လာပါက
မည်သူမျှ မှန်မှန်ကန်ကန် တိတိကျကျ ဖြေဆိုနိုင်မည် မထင်ချေ။ စနစ်တကျ သုံးသပ်ကာ ရွေးချယ်ထားသော ရွေးကောက်ပွဲစနစ် ဖြစ်လင့်ကစား အခြေအနေ အမျိုးမျိုးကြောင့် ရွေးကောက်ပွဲရလဒ်မှာ အမျိုးမျိုးပြောင်း လဲသွားနိုင်သည်။ အခြေအနေတခုမှာ နယ်နိမိတ်နှင့် မဲဆန္ဒနယ်အကျယ်အဝန်းပင် ဖြစ်သည်။ မဲဆန္ဒရှင်များအကြား သဘောထားကွဲပြားမှု ကြီးမားသော မဲဆန္ဒနယ်များသည် အချိုးမညီသော ရလဒ်ထွက်ပေါ်စေသည့် အဓိက အရင်းအမြစ်ပင်ဖြစ်သည်။ ရွေးကောက်ပွဲစနစ်ကြောင့် တိုင်းရင်းသားများအကြား ပူးပေါင်းဆောင်ရွက်မှု မြင့်မားစေသည့် လက္ခဏာရှိစေကာမူ တိုင်းရင်းသားလူမျိုးတခုကို အလေးပေး ရေးဆွဲထားသည့် မဲဆန္ဒနယ်နမိတ်က အဆိုပါ လက္ခဏာများကို အားနည်း ပျက်ပြယ်သွားစေနိုင်သည်။ လက်ရှိအာဏာရသူအား အလေးသာစေရန် ရေးဆွဲထားသည့် မဲဆန္ဒ နယ်နိမိတ်မျိုးတွင် ရွေးကောက်ပွဲစနစ်သည် နိုင်ငံရေးအပြောင်းအလဲအား သယ်ဆောင်လာမည် မဟုတ်ချေ။ ထိုကြောင့် သင့်တော်သော ရွေးကောက်ပွဲစနစ်ကို ရွေးချယ်အသုံးပြုရုံသာမက အစိုးရက ရေးဆွဲထားသော မဲဆန္ဒ နယ်နမိတ်များသည် ဘက်လိုက်မှုကင်းမဲ့သော၊ ရည်ရွယ်ချက် ပြည့်ဝ မှန်ကန်ကောင်းမွန်သော၊ လွပ်လပ်ကာ အမှီအခို ကင်းသော ပိုင်းခြားသတ်မှတ်ချက်မျိုးဖြစ်ရန် လိုအပ်သည်။

တိုင်းရင်းသား လူမျိုးစုငယ်များအကြားနှင့် ဘာသာရေးအုပ်စုများ အကြား အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို ရည်ရွယ်သည့် ရွေးကောက်ပွဲစနစ်အား ရွေးချယ်ထားသည် ဆိုပါက ရွေးကောက်ပွဲနယ်နိမိတ် သတ်မှတ်ခြင်းကို အထူးဂရုပြု သတ်မှတ်ရန် လိုအပ်သည်။ Alternative Vote စနစ် ဖြစ်စေ Coombs နည်းစနစ် ဖြစ်စေ လက်ဘနွန်နည်းစနစ် ဖြစ်စေ မည်သည့်နည်းစနစ်ကို အသုံးပြုသည်ဖြစ်စေ မဲဆန္ဒနယ်များအား သတ်မှတ်ရာတွင် ထိုနယ်မြေသည် လူမျိုးပေါင်းစုံ ပါဝင်နေသော နယ်မြေဖြစ်ရန် လိုအပ်သည်။

ထိုအတူ နိုင်ဂျီးရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲ စနစ်မျိုးအား အသုံးပြုမည်ဆိုပါက အသေးစိတ် ဂရုပြုရန် လိုအပ်သည်။ ၁၉၇၈ ခုနှစ်တွင် အသုံးပြုခဲ့သော နိုင်ဂျီးရီးယား ရွေးကောက်ပွဲစနစ်သည် ကိုယ်စားလှယ်တဦး အနိုင်ရရန် မဲအများဆုံး ရရှိရမည့်အပြင် အနည်းဆုံး ပြည်နယ်အရေအတွက် ၃ ပုံ ၂ ပုံတွင် နောက်ထပ် ၂၅ ရာခိုင်နှုန်း ထပ်မံရရှိရန် လိုအပ်သည်။ ထိုစနစ်အရ အနိုင်ရသော ကိုယ်စားလှယ်အနေဖြင့် ကျယ်ပြန့်သော ထောက်ခံမဲကို ရရှိလျှင်ပင် ထိုဒေသဆိုင်ရာ ထောက်ခံမဲ မရရှိသဖြင့် အနိုင်ရသည့် ကိုယ်စားလှယ်တဦးမှ မရှိဘဲလည်း ဖြစ်နိုင်ပါသည် ။ ထိုကြောင့် ထိုကဲ့သို့ အခြေအနေမျိုးဖြစ်လာပါက သမ္မတတဦးအား ပြတ်ပြတ်သားသား ရွေးချယ်နိုင်မည့် အသက်ကယ် နည်းလမ်းမျိုးအား ရေးဆွဲထားရန် လိုအပ်သည်။ အင်ဒိုနီးရှား အခြေခံဥပဒေ ရေးဆွဲသူများကလည်း ရွေးကောက်ပွဲတွင် အနိုင်ရရန်
အနိမ့်ဆုံးမဲလိုအပ်ချက် ၅၀ ရာခိုင်နှုန်းနှင့် တမဲ လိုအပ်သည့်အပြင် ဒေသဆိုင်ရာ ထောက်ခံမှုလိုအပ်သဖြင့် ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်သူများပါက အလွယ်တကူအနိုင်ရရန် ခက်ခဲလှပါသည်။ သို့ဖြစ်ပါ၍ ရွေးကောက်ပွဲ အနိုင်ရရန် အနိမ့်ဆုံး လိုအပ်သည့် မဲအရေအတွက် ရာခိုင်နှုန်းအား မြင့်ထားခြင်းသည် ရွေးကောက်ပွဲစနစ်များမှ ရရှိလာမည့် အကျိုးရလဒ်ကို ထိခိုက်စေသည်။ ရွေးကောက်ပွဲစနစ်အား ရွေးချယ်ရာတွင် လုပ်ထုံးလုပ်နည်း စနစ်တခုတည်းအား အဓိကထား အာရုံစိုက်ထားရုံနှင့် မလုံလောက်ဘဲ လက်တွေ့ အသုံးချရာတွင်လည်း အသေးစိတ် ဂရုပြု သတိထားမှသာလျှင်
စိတ်ကြိုက်ရွေးချယ်လိုက်သည့် ရွေးကောက်ပွဲစနစ်၏ အကျိုးကျေးဇူးအား အပြည့်အဝ ရရှိမည်ဖြစ်သည်။

စိတ်ကြိုက်ရွေးချယ်လိုက်သည့် ရွေးကောက်ပွဲစနစ်ဟု ဆိုရာတွင်လည်း မဲဆန္ဒရှင်အားလုံးက ကြိုက်နှစ်သက်သည်တော့ မဟုတ်ချေ။ လက်ရှိရွေးကောက်ပွဲစနစ်မှ အကျိုးအမြတ် ရရှိသူများအနေဖြင့် ထိုရွေးကောက်ပွဲအား ကြိုက်နှစ်သက် လက်ခံမည်ဖြစ်သော်လည်း အကျိုးအမြတ် မခံစားရသူများအဖို့ ၎င်းတို့အကျိုးကို ပိုမိုဖြည့်ဆည်းနိုင်သည့် တခြားသော စနစ်မျိုးကို ပို၍ နှစ်သက်မည်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ၁၉၉၄ ခုနှစ်၌ ၎င်း၏ ရွေးကောက်ပွဲစနစ်အား ပြောင်းလဲရာ အတိုက်အခံ နိုင်ငံရေးသမား အများစုမှာ ပြိုင်ဘက်ပါတီကြီး နှစ်ပါတီသာ ရှင်သန်စေမည့် အများစုအနိုင်ရစနစ်အား ကြိုက်နှစ်သက် ကြသော်လည်း တခြားသောသူများက ပါတီငယ်များအား ရှင်သန်ရပ်တည်ခွင့်ရစေမည့် အချိုးကျ ကိုယ်စားပြုစနစ်ကို ကြိုက်နှစ်သက်ကြသည်။ ထိုကြောင့် နောက်ဆုံးတွင် ဂျပန်နိုင်ငံ၌ နှစ်မျိုးရောစပ်ထားသည့် စနစ်ကိုသာ ကျင့်သုံးခဲ့သည်။

ထို့ကြောင့် ရွေးကောက်ပွဲစနစ်တမျိုးအား ရွေးချယ်တိုင်းတွင် အကြိုက်နှင့် မျှော်မှန်းမထားသော သက်ရောက်မှု နှစ်ခု အမြဲတစေ ဒွန်တွဲကာ ပဋိပက္ခဖြစ်နေလေ့ရှိသည်။ ထို့အပြင် ရွေးကောက်ပွဲစနစ် အသစ်တမျိုးအား ရွေးချယ်ခြင်းသည် လက်တွေ့ အခြေအနေပေါ်တွင် မူတည်နေသည်။ ဥပဒေတခုအား ပြဌာန်းအတည်ပြုရန် ဥပဒေပြု အမတ်အများစု၏ ထောက်ခံမှုကို လိုအပ်သည်ဖြစ်၍ တချို့သော သီးခြားအကျိုးစီးပွားများ ရှိနေသည့် လွှတ်တော်အမတ် အနည်းငယ်ကို စည်းရုံးရန် လိုလာသည်။ ထိုသူအနည်းငယ်ကို အကြိုက်ပေး စည်းရုံးရသည်ဖြစ်၍ သူတို့၏ အချိုးမညီသော လွှမ်းမိုးမှုများ ရှိလာနိုင်ပြီး ပြုပြင်ပြောင်းလဲမှုများ တိမ်းစောင်းသွားပါသည်။ သို့ဖြစ်ပါ၍ ရွေးကောက်ပွဲစနစ်အား မရွေးချယ်မီ မိမိ၏ ရည်မှန်းချက်ပန်းတိုင်အား ကနဦးကတည်းက မည်သို့ပင် ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်စေကာမူ ပြည့်စုံကောင်းမွန်ပြည့် ဝသော ရွေးကောက်စနစ်အဖြစ် ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရန်မှာ ခက်ခဲလှပါသည်။

(ဒေါ်နယ် အယ်လ် ဟောရောဝှစ် (Donald L. Horowitz) သည် Duke University မှ ဥပဒေနှင့် နိုင်ငံရေး သိပ္ပံ ပါမောက္ခဖြစ်ပြီး The Deadly Ethnic Riot (2001) စာအုပ်ကို ရေးသားသူလည်းဖြစ်သည်။ ယခုစာတမ်းသည် Universiti Kebangsaan Malaysia ရှိ Institute for Malaysian and International Studies ၏ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ အတွက် ပြုစုထားသော စာတမ်းအား အခြေခံ၍ ရေးသားထားခြင်း ဖြစ်သည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading