မြန်မာနိုင်ငံတွင် မသန်စွမ်းသူများနှင့် သန်စွမ်းသူများအတွက် ကျရှုံးမှုများနှင့် ရင်ဆိုင်ရလျှင် ဘဝကို စိတ်ဓာတ် ခိုင်မာစွာ ရင်ဆိုင်ဖြတ်သန်း နိုင်စေမည့် ခွန်အားများကို ပေးနိုင်ခဲ့သူ အမျိုးသမီးတဦး ရှိသည်။ သူ့အမည်က မစုပုံချစ် ဖြစ်သည်။
ဘယ်ခြေတဘက်က လွဲလျှင် ကျန်သည့် ကိုယ်လက်အင်္ဂါများ စုံလင်စွာ မပါရှိဘဲ မွေးဖွားကြီးပြင်းလာခဲ့သည့် သူသည် အကောင်း ပကတိအတိုင်း ပါလာသည့် တဘက်တည်းသော ခြေထောက်ကို အသုံးပြုကာ သူ့နေ့စဉ်ဘဝကို အကောင်းဆုံး နှင့် အအောင်မြင်ဆုံးဖြစ်အောင် ဖန်တီးနိုင်ခဲ့သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး ၄ ဘာသာဖြင့် အောင်မြင် ခဲ့ပြီး ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ) မှ B.Tech (IT) , B.E (IT) ဘွဲ့ကို ရရှိခဲ့သည်။
အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်သော မစုပုံချစ်သည် သတင်းနှင့် နည်းပညာ အင်ဂျင်နီယာ မဟာတန်း ပထမနှစ်ကို တက်ရောက်နေစဉ် ၂၀၁၃ ခုနှစ်တွင် သြစတြေးလျ နိုင်ငံ၊ ဆစ်ဒနီမြို့ရှိ University of New South Wales က ပေးအပ်သည့် ပညာသင်ဆုကို ရရှိခဲ့ပြီး မူဝါဒပိုင်း ဆိုင်ရာ မဟာတန်းကို တနှစ်ခွဲအကြာ သွားရောက် သင်ယူ လေ့လာခဲ့သည်။
အာရှနှင့် အနောက်နိုင်ငံများမှ ကျောင်းသားများ တက်ရောက်သည့် အဆိုပါတက္ကသိုလ်မှ Master of Policy Studies ဘွဲ့ကို ရရှိခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် မစုပုံချစ်နှင့် ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် မြတ်စုမွန်က ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။
မေး။ ။ စုပုံချစ် ကျောင်းသွားတက်ဖြစ်တဲ့ အကြောင်းအရာလေး အရင်ပြောပြပါဦး။
ဖြေ။ ။ ၂၀၁၂ မှာ ကျမက ဒီကျောင်းမှာတက်ဖို့ စကော်လာ ရတယ်။ ၂၀၁၃ ဖေဖော်ဝါရီမှာ ကျောင်းတက်ဖို့ သြစတေးလျကို ထွက်သွားတယ်။ ၂၀၁၄ ဇူလိုင်မှာ ပြန်ရောက်တယ်။ တက်တာကတော့ အရင်ဆုံး အင်္ဂလိပ်စာ တက်တယ်။ ပြီးတော့ Master of Policy Studies ကို တနှစ်ခွဲ တက်တယ်။ အဲဒါကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာရှိတဲ့ The University of New South Wales မှာ တက်ခဲ့တယ်။
မေး။ ။ အဲဒီမှာ ဘယ်လို သင်ခန်းစာတွေ သင်ခဲ့ရတယ်၊ ကိုယ့်နိုင်ငံအတွက် အထောက်အပံ့ ဖြစ်စေနိုင်တဲ့ ဘယ်လို ပညာမျိုးတွေ ပြန်သယ် ယူလာနိုင်ခဲ့တယ် ဆိုတာလည်း ပြောပြပါဦး။
ဖြေ။ ။ ကျမက အဓိကတော့ ပေါ်လစီတွေ ဘယ်လို လည်ပတ်တယ်ဆိုတာ သိချင်တယ်။ ကျမတို့ မသန်စွမ်းတွေ အတွက် ဥပဒေတွေက မထွက်သေးဘူး။ မသန်စွမ်းတွေအတွက် ဘယ်လိုပေါ်လစီတွေချပြမယ်၊ ဘယ်လို အခွင့်အရေး တွေ ရနိုင်မယ်ဆိုတာမျိုး … ပေါ်လစီဆိုတာ နိုင်ငံတခုမှာ အရမ်းအရေးကြီးတယ်။ အဲဒီဟာတွေကို သိချင်လို့ ကျမ သွား တက်တာ။ သူတို့သင်တာကတော့ General Policy ပေါ့။ ပေါ်လစီတခုကို ဘယ်လိုတည်ဆောက်တယ်၊ ပေါ်လစီတခု ထွက်ဖို့အတွက် ဘာတွေလုပ်ရတယ်ပေါ့။ ဥပမာ- လယ်ယာမြေ သိမ်းခံရတယ်ဆိုရင် ဒီကိစ္စအတွက် ကမ်ပိန်းတွေလုပ်ပြီး ပေါ်လစီတခုကို အစိုးရဆီက ရအောင်တောင်းတာမျိုးပေါ့။
ဒီမှာကတော့ အဲဒီလိုမဟုတ်ဘူး။ တခါတခါကျတော့ သူတို့နဲ့ ကျမတို့နဲ့က အမြင်မတူဘူး။ ကျမတို့ဆီမှာက အခုမှ ဒီမိုကရေစီ စခါစ၊ ပြောင်းလဲရေး ကာလဆိုတော့ သူတို့အမြင်နဲ့ ကျမတို့အမြင်နဲ့ တော်တော်ကွဲတယ်။ ဒီဘက်က အမြင်တွေ ပြောပြတော့လည်း သူတို့တော်တော်နဲ့ နားမလည်ဘူး။ တခါတခါ ဆွေးနွေးရတဲ့ အခါ ဒီဘိတ်သဘောမျိုး ဖြစ်ပြီး သူ့အမြင် ကိုယ့်အမြင် ဆွေးနွေးကြ၊ ဘယ်လို အကောင်းဆုံး ဖြစ်အောင် လုပ်ကြမလဲဆိုတာ စဉ်းစားကြတာပေါ့။
အဲဒီမေဂျာကို တက်တာက နိုင်ငံသားထဲကဆိုရင် ပေါ်လစီအဖွဲ့အစည်းတွေမှာ ပြန်လုပ်မယ့်သူတွေ များတယ်။ ဒီနှစ်မှာ ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက လူတွေတိုးလာတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့ ညွှန်မှူးတွေ လာတက်တာ များတယ်။
မေး။ ။ အဲဒီမှာ သွားတက်တဲ့အခါ ဘယ်နိုင်ငံတွေက လူတွေလာတက်ကြလဲ။ ဘယ်လိုလူမျိုးတွေ တက်ကြတာလဲ။
ဖြေ။ ။ NGO တွေမှာ လုပ်တဲ့လူတွေလည်း လာတက်တယ်။ ဟိုမှာက Policy Organization တွေရှိတယ်။ အဲဒီနေရာ တွေမှာ ဝင်လုပ်မယ့်လူတွေ ပါတယ်။ နိုင်ငံတွေကတော့ အစုံပဲ။ ဗီယက်နမ် ပါတယ်၊ ဘင်္ဂလားဒေ့ရှ် ပါတယ်။ အန္ဒိယ ပါတယ်။ အစုံပဲ။ မေဂျာကသာ အတူတူမဖြစ်တာ။ နိုင်ငံကတော့ စုံတယ်။ ကျမဆိုရင် Community Development အပိုင်းတွေယူတယ်၊ Educational Policy တွေယူတယ်။ အာရှနိုင်ငံတွေလည်း ပါတယ်။ ဟိုဘက်ကဆိုရင် အမေရိကား ပါတယ်၊ ဟော်လန်တို့၊ ဖင်လန်တို့ ဘက်ကလည်းပါတယ်။
မေး။ ။ မြန်မာပြည်မှာ ကျောင်းတက်ခဲ့တုန်းက ကိုယ့်ရဲ့ မသန်စွမ်းမှုကြောင့် အများကြီး အခက်အခဲ ရှိခဲ့တယ်လေ။ အခု သြစတေးလျှကို ကျောင်းသွားတက်တဲ့ အခါမှာရော ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရလဲ။ တခြား မသန်စွမ်းသူတွေရော ပါသေးလား။
ဖြေ။ ။ အဲဒီနှစ်မှာ တက်တာကတော့ သမီးတယောက်ပဲ မသန်စွမ်းသူ ပါတယ်။ အတန်းထဲမှာ မသန်စွမ်း တယောက်ပဲ ပါတော့ အားလုံးက ဝိုင်းပြီး ဂရုစိုက်ကြတယ်။ ပြီးတော့ ကျောင်းမှာကလည်း မသန်စွမ်း ကျောင်းသားတွေအတွက် တခါတည်း အထောက်အကူပြု ဌာနရှိပြီးသား။ အဲဒီဌာနက နေပြီးတော့ ဘာလိုအပ်သလဲ၊ ဒီမသန်စွမ်းက အမြင်အာရုံ ဆိုရင် မျက်မမြင် လက်စမ်းစာတွေ လုပ်ပေးတာမျိုး၊ သူကိုယ်တိုင် လိုက်မမှတ်နိုင်ဘူးဆိုရင် လူတယောက်က လိုက်မှတ် ပေးတာမျိုး၊ ဒါမှမဟုတ် ကျောင်းသားက အချိန်ပို လိုချင်သလား အဲဒါမျိုး တခါတည်းသူတို့က အကုန်လုံး လုပ်ပေးပြီးသား။ သင်ခန်းစာတွေကို ရီကော်ဒါနဲ့ အသံလိုက်ဖမ်းမလား၊ ကွန်ပျူတာနဲ့ တခါတည်း ရိုက်မလား၊ အဲဒီလိုမျိုး လုပ်ပေးပြီးသား။
အကုန်လုံး သူတို့စီစဉ်ပေးထားတယ်။ လိုလေသေး မရှိဘူး။ ဒီကျောင်းသားတယောက် ဘာလိုတယ်ဆိုတာ သူတို့ဆီမှာ မှတ်ပုံတင်ထားရတဲ့ သဘောပေါ့။ Assignment တွေဆိုရင်လည်း အချိန်တပတ် ပိုပေးတယ်။ ဒါပေမယ့် ကျမကတော့ ပုံမှန် စာသင်ချိန်အတိုင်း တက်ခဲ့တယ်။
မေး။ ။ စုပုံချစ် အနေနဲ့ရော ဘယ်လို အကူအညီမျိုး ယူခဲ့ရလဲ။
ဖြေ။ ။ ကျမ အတွက်ကျတော့ စာလိုက်ရေးဖို့ အဆင်မပြေဘူးလေ။ ကွန်ပျူတာနဲ့ စာရိုက်ဖို့လည်း အဆင်မပြေတော့ သူတို့ဆီက ရီကော်ဒါတောင်းပြီး အသံဖမ်းထားတာနဲ့ သင်ခန်းစာ ပို့ချချက်တွေကို ပြန်နားထောင်တယ်။ ဟိုမှာကတော့ ကိုယ် စာကြိုးစားရတာပဲ ရှိတယ်။ ကျန်တာကတော့ ပြည့်စုံပြီးသားပေါ့။ အားလုံးပေးထားတယ်။ ကျောင်းထဲဝင်တာနဲ့ အင်တာနက် ဝိုင်ဖိုင်ပေးထားတယ်။ စာအုပ်တွေအကုန် ထားပေးထားတယ်။ လိုတာမှန်သမျှ သူတို့အကုန် လုပ်ပေးပြီး သား။ သမီးတို့ဘက်က စာလုပ်ပေးဖို့ပဲ ရှိတယ်။
ဒီမှာကတော့ အကုန်လုံး ဘာမှမပြည့်စုံဘူးပေါ့။ ကျောင်းသွားဖို့ကအစ ထောင့်ပေါင်းစုံက လိုက်ပူနေရတာပေါ့။ ဒီမှာဆိုရင် ဥပမာ ပြောရရင် စာမေးပွဲဖြေမယ့်ရက်တွေဆိုရင် ကျောင်းကားက လာပါ့မလားဆိုတာ ပူနေရတယ်။ ဒီမှာကျတော့ ကျောင်းကားက ၅ မိနစ် တစီးထွက်တော့ အဆင်ပြေတယ်။ ကျောင်းကိုသွားတဲ့ ကားက လူအပြည့်လည်း မဟုတ်ဘူး။ ပြီးတော့ ဘတ်စ်ကားတွေမှာ ဘီးတပ် ကုလားထိုင်တွေပါတဲ့ ကားတွေနဲ့ ဆိုတော့ ကျောင်းကို အချိန်မီ ရောက်ပါ့မလား ဆိုပြီး ပူစရာ မလိုဘူး။ ကိုယ့်စာပဲ ကိုယ်ဂရုစိုက်ရတယ်။ စာတခုပဲ ကိုယ့်ခေါင်းထဲ ထည့်စရာလိုတာပေါ့။ ကျန်တာအားလုံး စိတ်ပူစရာ မလိုဘူး။
တကယ်လို့ စာကြည့်တိုက်မှာ စာအုပ်ငှားချင်တယ်။ ကျမက မသွားချင်ဘူးဆိုရင် အွန်လိုင်းကနေ ဒီစာအုပ်၊ ဒီစာအုပ်တွေ လိုချင်တယ်လို့ Request လုပ်လိုက်ရင်၊ ဒီစာအုပ်လေးကို ငါ့အိမ်နားအရောက် ပို့ပေးပါဆိုရင် သူတို့က အိမ်နားအထိ လာပို့ပေးတယ်။
မေး။ ။ အဲဒီမှာ သင်ခဲ့ရတဲ့ ပညာရပ်တွေကို ကိုယ့်နိုင်ငံအတွက် ဘယ်လို ပြန်အသုံးချဖို့ရှိလဲ။
ဖြေ။ ။ အခုက ကျမ ပြန်ရောက်တာ ၂ ရက်၊ ၃ ရက်ပဲရှိသေးတယ်။ ပြီးတော့ ဝေးသွားတာလည်း ၁ နှစ်ခွဲ ဆိုတော့ အဲဒီ ၁ နှစ်ခွဲကာလက အပြောင်းအလဲဖြစ်နေတော့ အခုဖြစ်နေတာတွေကို ကျမ မှီအောင် ပြန်လိုက်ရဦးမယ်။ အဲဒီတော့ အချိန်တော့ ယူဦးမှာပေါ့။ ကျမ လုပ်ခွင့်ရမယ်ဆိုရင် ဘယ်နေရာကဖြစ်ဖြစ် ကူညီချင်ပါတယ်။ ကူလည်း ကူညီမှာပါ။ အခုလည်း ကျမကို ပြောထားတဲ့ သူတွေရှိတယ်။ ကျမကို လုပ်ခွင့်ပေးမယ်ဆိုရင် အားလုံးကို ဝိုင်းလုပ်ပေးချင်ပါတယ်။
နောက်ဆုံး လုပ်ခဲ့တာကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုတဲ့ အချက်က မသန်စွမ်း အမျိုးသမီးတွေအပေါ် ဘယ်လိုမျိုး သက်ရောက်မှု ဖြစ်သလဲဆိုတာ ကျောင်းအတွက် စာတမ်းလုပ်ခဲ့တာ ရှိတယ်။ အဲဒါနဲ့ ဂုဏ်ထူးရခဲ့တယ်။ ကိုယ်လည်း စိတ်ဝင်စားတော့လေ။
မသန်စွမ်းတွေအတွက် မူဝါဒတွေဆွဲတဲ့ အပိုင်းတွေမှာ အလုပ်လုပ်ချင်တယ်။ ဟိုရက်က မသန်စွမ်းမှုနဲ့ဆိုင်တဲ့ ညီလာခံ လုပ်တယ်။ ကျမ အရမ်းဝမ်းသာတယ်။ ဒါပေမယ့် ကျမက အသက်ငယ်တော့ အဲဒီ မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ ကော်မတီမှာ တရားဝင်ပါခွင့် မရှိခဲ့ဘူး။ အသက်က ၂၅ မပြည့်သေးဘူး ဆိုတော့ အသက် ကန့်သတ်ချက်ကြောင့် ဝင်မပါခဲ့ရဘူး။ အဲဒီမှာ တရားဝင်ပါခွင့် မရပေမယ့် သူတို့အနေနဲ့ ကျမကို လက်တွဲပြီး ဝိုင်းလုပ်ခွင့်ပေးမယ်ဆိုရင် လက်တွဲပြီး လုပ်မှာပါ။
မေး။ ။ စုပုံချစ် ဒီက မသွားခင်တုန်းက သင်ယူခဲ့တဲ့ ဘာသာရပ်နဲ့ အခု ယူလာတဲ့ မေဂျာက မတူဘူးဆိုတော့ ဒါတွေကို ဘယ်လို အသုံးချပြီး ရှေ့ဆက်သွားဖို့ရှိလဲ။
ဖြေ။ ။ တခြားစီဖြစ်တယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမယ့် ပေါ်လစီတခုဖြစ်ဖို့ ဆိုတာကလည်း အိုင်တီနဲ့ လုပ်ကြတယ်၊ အွန်လိုင်းအခြေပြု လှုပ်ရှားမှုတွေကလည်း တအားများတယ်လေ။ ဒီတော့ အိုင်တီနဲ့ ဆက်စပ်တယ်လို့ ပြောလို့ ရပါတယ်။ လုံးဝကြီး မဆက်စပ်ဘူးလို့တော့ ပြောလို့မရဘူးပေါ့။
ဒီမှာတော့ မာစတာ ပြန်တက်ဦးမယ်။ ပြီးတော့ အပြင်ကနေပြီးတော့ NGO တွေမှာ လုပ်ပေးစရာရှိတာတွေ လုပ်မယ်ပေါ့။ ကျမ ထင်တာတော့ အားလုံးက ဆက်စပ်နေတာပဲလို့ ထင်တယ်။ အဲဒီနှစ်ခုလုံးကို အကောင်းဆုံး လုပ်သွားဖို့ မျှော်လင့် ထားတယ်။
မေး။ ။ စုပုံချစ်ဆိုတာ မသန်စွမ်းသူတွေ ကြားထဲမှာရော၊ သန်စွမ်းတဲ့ လူတွေကြားထဲမှာပါ အတုယူစရာ စံပြဖြစ်ခဲ့တော့ အခုလို ကိုယ့်တိုင်းပြည်မှာလည်း ထူးချွန်ခဲ့တဲ့ အပြင်၊ သူများနိုင်ငံမှာလည်း ပညာတွေ သွားသင်ခဲ့ရတဲ့ အောင်မြင်မှု တွေနဲ့ ပတ်သက်ပြီး အဲဒီလူမျိုးတွေအတွက် ဘယ်လို အားပေးစကား ပြောချင်သလဲ။
ဖြေ။ ။ အဓိကကတော့ ရည်မှန်းချက် ရှိမယ်ဆိုရင်တော့ အားလုံးက အောင်မြင်ပါတယ်။ ကျမက ငယ်ငယ်လေးထဲက နိုင်ငံခြားမှာ ကျောင်းတက်ချင်တယ်။ မတက်နိုင်ပေမယ့် သွားဖို့အတွက် ဦးတည်ပြီး အမြဲတမ်းကြိုးစားနေတယ်။ အခုလို သွားခွင့်ရတဲ့ အချိန်မှာ တခါတည်း တန်းသွားပြီး ဘွဲ့ယူလာနိုင်တာ ပေါ့နော်။ အဓိကတော့ မျှော်လင့်ချက်နဲ့ ရည်မှန်းချက် ထားတာ အကောင်းဆုံးပဲ။ မျှော်လင့်ချက် မရှိရင် အသက်ရှင်နေရတာ အဓိပ္ပာယ်မရှိ သလိုပဲလေ။ အဲဒါကြောင့် အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ အခွင့်အရေး တချိန်မဟုတ်တချိန် ရောက်လာမှာပဲ။ အခွင့်အရေးက ရောက်လာပြီးတော့ ကိုယ့်မှာ တခုမှ မရှိဘဲ လက်လွှတ်လိုက်ရတာမျိုး မဟုတ်ဘဲ ရောက်လာတဲ့ အချိန်မှာ တခါတည်း လက်ဆုပ်လက်ကိုင် ရပြီးတော့ အောင်မြင်မှုကို ယူပါလို့ ပြောချင်ပါတယ်။ ။