ရေထဲတွင် နှစ်ပေါင်း ရာချီ နစ်မြုပ်နေသည် ဆိုသော မွန် ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ပြီး ယင်းခေါင်းလောင်းကြီးကို သြဂုတ်လအတွင်း ကုန်းပေါ်သို့ ဆယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
ဓမ္မစေတီ ခေါင်းလောင်း တူးဖော်ခွင့် ရရှိထားသူ ဦးစံလင်းက ၁၉၉၇ ခုနှစ်မှ စတင်၍ ခေါင်းလောင်းကြီးကို ရှာဖွေခဲ့ပြီး ၇ ကြိမ်ခန့် အထိ ခေါင်းလောင်း ရရှိရေး ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ် သြဂုတ်လ ၁၁ ရက်တွင် ရေအောက် ၂၇ ပေ၊ မြေကြီးအောက် ၂၅ ပေ စုစုပေါင်း ပေ ၅၂ ပေတွင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို တွေ့ရှိခဲ့ပြီး ဖြစ်သည်ဟု ယမန်နေ့တွင် ကျင်းပ သည့် ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ရန် ဝါခေါင်လဆန်း ၁၂ ရက်(သြဂုတ် ၇ ရက်)တွင် စတင်ရန် စီစဉ်ထားပြီး တနေ့လျှင် ကုန်ကျစရိတ် ကျပ် သိန်း ၆၀ ခန့်ဖြင့် ၄၅ ရက် အထိ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၊ ခေါင်းလောင်းကြီး တူးဖော်ရာတွင် ကုန်ကျစရိတ် မြန်မာ ကျပ်ငွေ သိန်း ၂၀၀၀ ခန့် အထိ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
“ခေါင်းလောင်းကြီးကို တူးဖို့ ၇ ရက် သားသမီးတွေရဲ့ အလှူငွေနဲ့ တူးမှ အောင်မြင်မယ်လို့ ပြောတယ်။ အခု ခေါင်းလောင်းက ရေ ထဲ မှာဆိုတော့ နဂါး အကူအညီနဲ့ တူးမှာ။ နဂါး အကူအညီ မပါဘဲနဲ့ ဘာမှ လုပ်လို့မရဘူး။ နဂါးနဲ့ အပြိုင် ဆွဲရမှာ။ နဂါးကလည်း ပြန်ဆွဲမှာ။ လောကီ အသိဉာဏ်နဲ့ လုပ်လို့မရဘူး။ ကျနော်တို့ လောကီပညာနဲ့ လုပ်နေရင် ဒီခေါင်းလောင်းကြီး ပေါ်လာစရာအကြောင်း မရှိတော့ဘူး”ဟုလည်း ဦးစံလင်းက ပြောဆိုသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီးမှာ မြစ် ၃ စင်း ဆုံရာ နေရာတွင် တည်ရှိနေပြီး ခေါင်းလောင်းတော်ကြီးကွင်းမှာ အောက်သို့ ၄၅ ဒီဂရီ စောင်းပြီး အဝမှာ အပေါ်ဘက်တွင် ရှိနေကြောင်း ၊ ခေါင်းလောင်းကြီးမှာ ရွှေ ၊ ကြေး ၊ ငွေ ၊ ဘော် စသည့် သတ္တု ၄ မျိုး ဓာတ်ပြုမှုကြောင့် ခေါင်းလောင်းကြီး တခုလုံး ဖုံးအုပ်လျက် ရှိပြီး ခေါင်းလောင်းကြီး၏ ကွင်း (ပုဇွန်တုပ်ကွေး) မရှိတော့သဖြင့် ကြိုးချည်ရန်ပင် မရှိတော့ဟု ဦးစံလင်းက ဆက်ပြောပြသည်။
“သဘောၤကို ရက် ၂၀ စာ ငှားထားတယ်။ ၁၀ ရက်နဲ့ ပြီးမယ်ဆိုရင် ၁၀ ရက်တည်းနဲ့ အပြီး ဖြတ်မယ်။ မြန်မြန်တွေ့ရင် ကုန်ကျစရိတ် ပိုသက်သာမှာပေါ့”ဟု ဦးစံလင်းက ဆိုသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး သုတေသန စူးစမ်းရှာဖွေခြင်း လုပ်ငန်းကို မြန်မာ့နည်း၊ မြန်မာ့ဟန် သီလ ၊ သမာဓိ ၊ ပညာ၊ ကတိသစ္စာဖြင့် ရှာဖွေရမည် ဖြစ်ကြောင်း၊ ယင်းခေါင်းလောင်းကြီးမှာ ဂျပန်ခေတ်တွင် နစ်မြုပ်ခဲ့သည့် ပေ ၁၁၀ ခန့် အရှည်ရှိသည့် သဘောၤတစီး အောက်တွင် ရောက်ရှိနေသောကြောင့် ယင်းသံသဘောၤကို ဖယ်ရှားပြီးမှသာ ခေါင်းလောင်းကြီးကို ဆယ်ယူ နိုင်လိမ့်မည်ဟု ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူရာတွင် ပါဝင်မည့် ပဲခူးမြို့ ရွှေအုန်းပင် ထမင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်ကလည်း ပြောသည်။
“ကျနော်က ဓမ္မစေတီမင်းနဲ့ ပတ်သက်ပြီး ဒီခေါင်းလောင်းကြီးကို အရမ်း စိတ်ဝင်စားခဲ့တယ်။ ကျနော်ဘုရား ၁၄ ဆူ တည်ပြီးပြီ။ ဒီ ခေါင်းလောင်းကြီးကို ဆယ်နိုင်ရင် ဘုရားအဆူ ၁၀၀၀ တည်တာနဲ့ ညီမျှတယ်။ အဲဒါကြောင့် ခေါင်းလောင်း ဆယ်ယူဖို့ လောလော ဆယ် ၅၂ သိန်း လှူမယ်။ ပြီးရင် ကျနော့်မှာ ဓမ္မမိတ်ဆွေတွေ အများကြီး ရှိတယ်”ဟု ၎င်းက မီဒီယာများကို ပြောပြသည်။
မွန် ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ရာတွင် လူ ၈၀ ခန့် ပါဝင်မည် ဖြစ်ပြီး အမျိုးသမီးများ လိုက်ပါ၍ မရကြောင်း ၊ လှေပေါ်တွင် ဘုရားတဆူ တင်ဆောင်ကာ ဘုရားဝေယျာဝစ္စ ပြုလုပ်ရန် လူ ၅ ဦး လိုက်ပါမည် ဖြစ်ပြီး ယင်းလူ ၅ ဦးက ခေါင်းလောင်းကြီး တူးဖော် နေစဉ် အတွင်း ၂၄ နာရီ ပတ်လုံး ဆီမီး မပြတ်စေရန် လုပ်ဆောင်သွားရမည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရက်သတ္တပတ် ၂ ပတ် အတွင်း ကုန်းပေါ်သို့ ဆယ်ယူမည် ဖြစ်ပြီး၊ ဆယ်ယူပြီးချိန်၌ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်တွင် ၃ လခန့် ထားရှိမည်ဟု ဦးစံလင်းက ဆိုသည်။
နှစ်ပေါင်း ၄၀၀ ကျော်ကြာ ရေထဲတွင် နစ်မြုပ်နေသည့် မွန် ဓမ္မစေတီ ခေါင်းလောင်းကို ရှာဖွေဆယ်ယူရန် လူပုဂ္ဂိုလ် တဦး တယောက် ၏ ဦးဆောင်မှုဖြင့် မဟုတ်ဘဲ နိုင်ငံတော် အစိုးရ၏ တိုက်ရိုက် ဦးဆောင်မှုဖြင့် ဆယ်ယူရန် မွန် အမျိုးသားများ ဦးဆောင် သည့် မွန် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့က ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်က သဘောထားတရပ် ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ပြည်ထောင်စု အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ကော့သောင်းမြို့မှ ဦးစံလင်းကို ဓမ္မစေတီ ခေါင်းလောင်းအား ရက်အကန့်အသတ်မရှိ တူးဖော်ရှာဖွေခွင့်ပြုချက်ကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၄ ရက်က ခွင့်ပြုပေးခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ခေါင်းလောင်းကြီး၏ အမည်မှာ ၁၄၇၁ ခုနှစ်မှ ၁၄၉၂ ခုနှစ်အတွင်း ဟံသာဝတီ မွန်ဘုရင့်နိုင်ငံကို အုပ်စိုးခဲ့သည့် ဓမ္မစေတီမင်း၏ အမည်ကို အစွဲပြုထား ခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်သည့် ဓမ္မစေတီ မင်းက မြန်မာနိုင်ငံ၏ တန်ခိုးအကြီးဆုံး စေတီတော် ဖြစ်သော ရွှေတိဂုံစေတီတော်သို့ လှူဒါန်းရန် ထိုခေါင်းလောင်းကြီးကို သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။ ကြေး၊ ရွှေ၊ ငွေနှင့် သံဖြူ စုစုပေါင်း တန် ၂၉၀ ကျော် အသုံးပြုထားပြီး ကမ္ဘာပေါ်တွင် အလေးချိန် အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သော ၁၁၆ မက်ထရစ်တန် ရှိသည့် ၂၀၀၀ ပြည့်နှစ်က သွန်းလုပ် သော တရုတ်နိုင်ငံ မှ ကံကောင်းခြင်း ခေါင်းလောင်း (Bell of Good Luck) ၏ အလေးချိန် ၂ ဆ ရှိကြောင်း သိရသည်။