အမျိုသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ပုဇွန်တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်(PR) ကျင့်သုံးရေးအတွက်ရည်ရွယ်သော အဆိုတရပ်ကို တင်သွင်းလိုက်ရာ PR စနစ် ကျင့်သုံးရေး အဆိုကြောင့် ပြည်သူ့လွှတ်တော်တွင် PR စနစ် ထောက်ခံသူနှင့် ကန့်ကွက်သူများအကြား အချေတင် အငြင်းပွားမှုများပေါ်ပေါက်လျက်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
NDF လွှတ်တော်အမတ် ဦးအောင်ဇင်က မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိသည့် ရွေးကောက်ပွဲစနစ်တခု ဖော်ဆောင် ရေး အဆိုတရပ်ဟု အမည်ခံထားသည့် PR စနစ် ပြောင်းလဲကျင့်သုံးရေး ရည်ရွယ်သော အဆိုကို ပြည်သူ့လွှတ်တော်တွင် ဇူလိုင်လ ၂၄ ရက်နေ့က တင်သွင်းခဲ့ရာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၃၀ ကျော်က လွှတ်တော်မတက်ဘဲ ကန့်ကွက် ဆန္ဒပြခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်အမတ် ၄၂ ဦးက ကန့်ကွက်သော်လည်း ပြည်ထာင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြသဖြင့် လက်ခံ ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရှိရသည်။
အမျိုးသားလွှတ်တော်တွင် PR စနစ် ကျင့်သုံးရေးအဆို တင်သွင်းခဲ့စဉ်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ က အချိုးကျ ကိုယ်စားပြု(PR)စနစ် မကျင့်သုံးသင့်ကြောင်း မူ ယခုအချိန်ကာလတွင် မကျင့်သုံးသင့်သေးဟု ပြောဆို ကန့် ကွက် ခဲ့သော်လည်း ပြည်သူ့လွှတ်တော်တွင်မူ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက PR စနစ်ကျင့်သုံးရေး ရည်ရွယ် သော အဆိုကိုမူ တစုံတရာ ကန့်ကွက်ခြင်းမရှိကြောင်း သိရှိရသည်။
ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ယင်းအဆိုနှင့် ပတ်သက်၍ ထောက်ခံသူ ၅ ဦးနှင့် ကန့်ကွက်သူ ၅ ဦးတို့ ဆွေးနွေးခဲ့ကြပြီး တဦးလျှင် အချိန် ၆ မိနစ်စီ ရရှိခဲ့ကြောင်း၊ ယင်းအဆိုကို ဆွေးနွေးမည့်သူ ကိုယ်စားလှယ် စုစုပေါင်း ၅၀ ခန့်အထိ ရှိပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း သိရှိရသည်။
PR စနစ်ကို ထောက်ခံဆွေးနွေးခဲ့သူ ဒေါ်ဒွဲဘူက “ ဦးအောင်ဇင် တင်ပြတာက ဒီ PR စနစ်ကို ပြည်နယ်တွေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ မသုံးသေးဘူး။ တိုင်း ၇ ခုမှာပဲ ကျင့်သုံးမယ် ဆိုတော့ ထောက်ခံလိုက်တယ်။ ဒါဆိုရင် တိုင်း တွေမှာ ရှိတဲ့ တိုင်းရင်းသားတွေ အခွင့်အလမ်း ပိုရမှာပေါ့ ။ ပြီးတော့ အမျိုးသမီး ပါဝင်မှုလည်း များလာမယ်။ စနစ်တခုရဲ့ ကောင်းကျိုးဆိုးကျိုးကိုလည်း လေ့လာလို့ ရတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကမူ PR စနစ်ကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန်ပင် လက်မခံသင့်ကြောင်း ပြောဆိုခဲ့ပြီး PR စနစ် ကျင့်သုံးရေး ရည်ရွယ်သော အဆိုကြောင့် နိုင်ငံတော်၏ အရေးကြီးဆုံးမူ ဖြစ်သော ဒို့တာဝန် အရေး ၃ ပါးတွင် ပါဝင်သည့် ပြည်ထောင်စု မပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွှတ်မှု မပြိုကွဲရေး ဆိုသော အချက်များကို ထိခိုက်နိုင်သည်ဟု ပြောဆိုသည်။
“ဒီအဆို တင်ပြလို့ဆိုပြီး တိုင်းရင်းသား ၃၀ ကျော် လွှတ်တော်လာမတက်ဘူး။ ဦးဘရှိန်တယောက်ပဲ သူတို့ကိုယ်စား ကန့်ကွက် ဆွေးနွေးဖို့ လွှတ်တော်ကို ရောက်လာတယ်။ နဂိုက NLD အနေနဲ့က ဒီအဆိုဆွေးနွေးမှာကို ကန့်ကွက်ဖို့
မရှိဘူး။ ဒါပေမယ့် တိုင်းရင်းသား အမတ် ဦးဘရှိန်က တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ကိစ္စတွေကိုပါ ထည့် ပြောလာ တော့ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထကန့်ကွက်ရတဲ့ သဘောထိ ဖြစ်သွားတယ် ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အများစုနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က PR စနစ်ကျင့်သုံးရေး အဆိုကို ပြည်သူ့လွှတ်တော်တွင် ကန့်ကွက် ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “ကျနော်တို့ ရခိုင်လို ဒေသမှာ မွတ်စလင်က သုံးပုံ တပုံလောက်ရှိတော့ ဒီလူတွေ လွှတ်တော်ထဲဝင်လာရင် ကျနော်တို့ ြ့ပည်နယ်အစိုးရရဲ့ ကိစ္စတွေမှာ
နည်းနည်း ရှုပ်ထွေးလာနိုင်တယ်။ ဒီ PR စနစ် ဖြစ်လာရင် ကြံ့ခိုင်ရေးက စစ်တပ်ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီး ကျနော်တို့ ပြည်နယ်မှာ အစိုးရထပ်ဖွဲ့ဦးမှာ ” ဟု ဦးဖေသန်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးရေး အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးလျက်ရှိပြီး ယင်းစနစ် ကျင့်သုံး နိုင်ရေးနှင့် လေ့လာသုံးသပ်ချက်များ ပြန်လည်တင်ပြရန် အမျိုးသား လွှတ်တော်တွင် ကော်မရှင်တရပ် ဖွဲ့စည်း ဆောင်ရွက် လျက်ကြောင်း သိရှိရသည်။