သတင်း

မီဒီယာ လှုံ့ဆော်မှုကြောင့် အဓိကရုဏ်းဖြစ်ဟု သမ္မတပြောဆိုမှု မီဒီယာများ အပြင်းအထန် ကန့်ကွက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဘာသာရေး ၊ လူမျိုးရေး ပဋိပက္ခများသည် ပြည်တွင်းပြည်ပ မီဒီယာတချို့ကြောင့်လှုံ့ဆော် သတင်းဖော်ပြမှုကြောင့် ဖြစ်ပွားရသည်ဆိုသော  ဖြစ်ပွားနေရသည်ဟု သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းထံ သဝဏ်လွှာ ပေးပို့လိုက်ရာ သမ္မတဦးသိန်းစိန်၏ မီဒီယာများအပေါ် ပြစ်တင် ပြောဆို ချက်ကို  သတင်း မီဒီယာအသိုင်းအဝိုင်းက အပြင်းအထန် ကန့်ကွက်ကြကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်ထံ မီဒီယာများနှင့် အစိုးရကြား တင်းမာမှု ဖြေလျော့ ရန် သဝဏ်လွှာ တစောင်ပေးပို့ခဲ့ရာ သမ္မတဦးသိန်းစိန်က ပြည်တွင်းပြည်ပ မီဒီယာအချို့၏ မသင့်လျော်သော၊ အမုန်းပွား စေနိုင်သော ၊ ကျင့်ဝတ်နှင့် မညီသော လှုံ့ဆော်မှုများကြောင့် မိမိတို့ နိုင်ငံတွင် လူအုပ်စုချင်း ၊ အကြမ်းဖက် သတ်ဖြတ်မှု များ နှင့် မီးရှို့သည့် ဖြစ်ရပ်များ ကြုံတွေ့ခဲ့ရသည်ပြီး ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာ ကျဆင်းရခြင်းမှာ မီဒီယာများကြောင့် ဖြစ်သည် ဟု တုံ့ပြန်ပြောဆိုထားသည်။

သမ္မတ၏ မီဒီယာများအပေါ် ပြစ်တင်ပြောဆိုမှုနှင့်ပတ်သက်၍ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ဧရာဝတီ သတင်း ဌာနက ဆက်သွယ် မေးမြန်းကြည့်ရာ “သဝဏ်လွှာထဲမှာ ပါတဲ့အတိုင်းပါပဲ ။ အခုလောလောဆယ် ပြောနိုင်တာ အဲ လောက်ပဲ” ဟု ဆိုသည်။

လက်ရှိ အခြေအနေသည် အစိုးရနှင့် မီဒီယာကြားတွင် နားလည်မှု လွဲမှားလျက်ရှိပြီး ထိုကဲ့သို့ နားလည်မှု လွဲမှားအောင် လုပ်ဆောင်ပေးနေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ရှိနေကြောင်း ၊ ပဋိပက္ခများတွင် မီဒီယာများသည် ဖြစ်ပျက် နေသည့် အကြောင်းအရာများကို မှန်ကန်အောင် တင်ပြနေကြောင်း ၊ အစိုးရသည် တရားဝင် ရပ်တည်နေသော Main Stream မီဒီယာ များနှင့် ဆိုရှယ် မီဒီယာများကြား ကွာဟချက်ကို မသိကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ ဦးသီဟစောက ပြောသည်။

“မီဒီယာတွေက လှုံ့ဆော်နေတယ်။ တာဝန်မဲ့တယ်ဆိုတဲ့ စကားမျိုး မပြောစေချင်ဘူး။ ခွဲခြားပြီး မြင်ဖို့လိုတယ် ။ ပြည်သူ တွေ သတင်းသိပိုင်ခွင့်အတွက် ဝန်ဆောင်မှုပေးနေတာ သတင်းသမားပဲ။ ကျနော်တို့က ပြည်သူကို အလုပ်အကျွေး ပြုနေ တာလို့ အစိုးရက မြင်စေချင်တယ်” ဟု ဦးသီဟစောက ယနေ့ ရန်ကုန်မြို့၊ ယုဇနဟိုတယ်တွင် ကျင်းပသည့် မီဒီယာ ဖိုရမ် တွင် ပြောဆိုသည်။

မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ) အတွင်းရေးမှူးဦးကျော်မင်းဆွေကမူ “ ပြည်တွင်း ၊ ပြည်ပဆိုတာ ဘယ်မီဒီယာ လည်း အတိအကျပြောပါ။ ဘယ်ဂျာနယ် ၊ ဘယ်ပုံနှိပ်ထုတ်ဝေမှုကို အစိုးရကပြောတာလဲ။ ပဋိပက္ခဖြစ်အောင် ၊ မီးရှို့အောင် လုပ်တာ မီဒီယာလို့ ပြောတာဟာ သမ္မတက မီဒီယာကို စိန်ခေါ်သလို ဖြစ်နေတယ် ” ဟု မီဒီယာဖိုရမ်တွင် သမ္မတ ဦးသိန်းစိန် ကို မေးခွန်းထုတ်သည်။

မြန်မာပြည်၏ သတင်းလွတ်လပ်မှု အဆင့်သည် အရှေ့တောင် အာရှတွင် အမြင့်ဆုံး ရောက်ရှိနေသည်ဟု သမ္မတ ဦးသိန်းစိန် က ပြောဆိုခဲ့ရာ ယင်းပြောဆိုချက်သည် လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယ ဥက္ကဋ္ဌ သတင်းစာဆရာ ဖိုးသောကြာ(ခေတ်+မိုး)က မီဒီယာဖိုရမ်တွင် ပြောကြားသည်။

“သတင်းစာလွတ်လပ်ခွင့် တကယ်အပြည်အ၀ ရခဲ့တာ ပါလီမန်အစိုးရ ဦးနုခေတ်ကပါ။ အဲဒီတုန်းက သတင်းလွတ်လပ်ခွင့် သည် အာရှမှာ တတိယအဆင့် ရှိပါတယ်။ ပထမက ဂျပန် ၊ ဒုတိယက မလေးရှားနဲ့ တတိယက မြန်မာပါ ။ အခုဖြစ်ပျက် နေတဲ့ Unity ကိစ္စ ၊ မွန်းတည့်နေ ၊ မလွင်နဲ့ ကိုဇော်ဖေ ကိစ္စတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီပြဿနာတွေဟာ ကျနော်တို့ ကိုယ်တိုင် ခံစားနေရသလိုပဲ သဘောထားဖို့ လိုပါတယ်” ဟု ဦးဖိုးသောကြာက ပြောသည်။

သူရ ဦးရွေမန်းက သမ္မတဦးသိန်းစိန်ထံ ပေးပို့ခဲ့သော သဝဏ်လွှာတွင် သတင်းမီဒီယာများသည် လက်ရှိအခြေအနေတွင် အတွေ့အကြုံ နုနယ်ပြီး လုပ်ကိုင် ဆောင်ရွက်လိုစိတ် ပြင်းထန်သည့်အတွက် တချို့ကိစ္စများတွင် လွန်ကဲသော ရေးသား ပြောဆိုမှုများ ရှိနေကြောင်း၊ အစိုးရ အနေဖြင့် စိတ်ရှည်သည်းခံ၍ ဥပဒေနှင့်အညီ ကြိုးစား ဆောင်ရွက် လျက်ရှိ သည်ကို လည်း သိရှိပါကြောင်း၊  သတင်း မီဒီယာတချို့၏ လက်ရှိဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် စာနယ်ဇင်း မီဒီယာများ အသီးသီး၏ တင်ပြလာမှုများကို လွှတ်တော်က အလေးထား ဂရုစိုက် ဆောင်ရွက်ရန် လိုအပ် သကဲ့သို့ အစိုးရကလည်း စဉ်းစားဆောင်ရွက်ပေးမည်ဟု ယုံကြည်ကြောင်း၊ ထို့သို့ ဆောင်ရွက်ပေးမှုကို ဖော်ပြ ပေးခြင်း အားဖြင့် စိုးရိမ်စိတ်များ ပြေပျောက်ပြီး အထင်အမြင် လွဲမှားမှုများ လျော့နည်း ပပျောက်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များ ချောမွေ့နိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading