အကောင်အထည်ဖော်ရန် ကျန်ရှိနေသော ရန်ကုန် သီလဝါ အထူးစီးပွားရေးဇုန် မြေဧရိယာ ဟက်တာ ၂၀၀၀ အတွင်း ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်သည့် EIA အစီရင်ခံစာသည် အောက်တိုဘာလ အတွင်း အကြမ်း ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။
ယင်း EIA အစီရင်ခံစာကို Myanmar E Guard Environmental Services နှင့် ဂျပန်နိုင်ငံမှ Environmental Resources Management အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်နေပြီး ထွက်ရှိလာမည့် အစီရင်ခံစာကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနသို့ တင်ပြသွားမည်ဟု ဆိုသည်။
E Guard Environmental Services မှ မန်နေဂျင်း ဒါရိုက်တာ ဦးအေးသီဟက “ကျနော်တို့ ပြီးခဲ့တဲ့နှစ် ကတည်းက လုပ်နေတာပါ။ အချိန်တော့ ယူရပါတယ်။ လာမယ့် အောက်တိုဘာ လလောက်မှာ အကြမ်းထွက်ပါမယ်။ အစီရင်ခံစာကိုတော့ ပတ်ဝန်းကျင် ထိန်း သိမ်းရေး ဦးစီးဌာနကို ပို့ရမှာပါ”ဟု ပြောသည်။
သဘာ၀ ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက အဆိုပါ အစီရင် ခံ စာကို ပြန်လည် စိစစ်ပြီးမှ ဆန်းစစ်ချက်များ ထပ်မံ လုပ်သင့် မလုပ်သင့်ကို ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးလွင်ကလည်း“အသေအချာ အချိန်ယူ စိစစ်ပြီးပြီ ဆိုရင် သက်ဆိုင် သူတွေ အားလုံးသိအောင် ထုတ်ပြန်သွားမှာပါ”ဟု ပြောသည်။
လက်ရှိ လုပ်ဆောင်နေသော သီလဝါ ဒုတိယ လုပ်ကွက် မြေဟက်တာ ၂၀၀၀ အတွက် EIA အစီရင်ခံစာ ကုန်ကျစရိတ်ကို ဂျပန်နိုင်ငံ အစိုးရမှ တာဝန်ယူ အကုန်အကျခံ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါ်သန်းသန်းသွယ်ကလည်း ပြောပြသည်။
စီမံကိန်း အကောင်အထည်ဖော်မှုတွင် ဂျပန်-မြန်မာ အစိုးရ နှစ်ဖက်စလုံး ပါဝင်သည့် အပြင် ဂျပန်-မြန်မာ ပုဂ္ဂလိက ကုမ္ပဏီ နှစ်ခု လည်း ပါဝင် လုပ်ဆောင်နေသည်ဟု ဆိုသည်။
သီလဝါ စီမံကိန်း၏ ပထမလုပ်ကွက် ဖြစ်သည့် မြေဟက်တာ ၄၀၀ တွင် လက်ရှိ အကောင်အထည်ဖော်မှုများ လုပ်ဆောင် လျက် ရှိပြီး ဒေသခံများကို ပြောင်းရွှေ့ နေရာချထားပေးရာတွင် အဆင်မပြေမှုများ ရှိနေကြောင်း သိရသည်။
ပြောင်းရွှေ့ နေရာချပေးမှုများ၌ လျော်ကြေးပေးမှုကို ဒေသခံများမှ သဘောမတူသူများ ရှိနေသည်။ ကနဦးလုပ်ကွက် ဟက်တာ ၄၀၀ အတွင်း ပါဝင်သည့် ဒေသခံများကို နေရာ ရွှေ့ပြောင်းပေးရာတွင် မြေလျော်ကြေး အဖြစ် မပေးဘဲ သီးနှံလျော်ကြေး အဖြစ် သာ လယ် ၁ ဧကလျှင် ကျပ် ၁၅ သိန်းပေးပြီး အိမ်ပြန်လည် တည်ဆောက်ရေး အတွက် ကျပ် ၂၅ သိန်းစီ ပေးခဲ့သည်။
ယင်းဖြစ်ရပ်များနှင့် ပတ်သက်ပြီး ဂျပန် အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) သို့ ဒေသခံများက တိုင်ကြား မှုများ ရှိလာသဖြင့် JICA က စေလွှတ်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့က လက်ရှိတွင် စစ်ဆေးမှုများ လုပ်ဆောင်နေသည်။
Myanmar E Guard Environmental Services သည် ပြည်တွင်း အခြေစိုက် NGO အဖွဲ့အစည်း တခုဖြစ်ပြီး Environmental Resources Management သည် ဂျပန်နိုင်ငံ အခြေစိုက် သဘာ၀ ပတ်ဝန်းကျင် အရင်းအမြစ်များ စီမံခန့်ခွဲရေး အဖွဲ့အစည်းတခု ဖြစ် သည်။