လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်း ခြံစည်းရိုး ခတ်ထားသည့် လယ်မြေထဲသို့ နွားကျောင်းရန်သွားသည့် ဒေသခံများနှင့် လုံခြုံရေးရဲများတို့ ဇူလိုင် ၂၆ ရက်နေ့က အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားသည့် ဒေသခံများသည် လျော်ကြေးငွေ မယူသေးသည့် အဆိုပါ ခြံစည်းရိုးခတ်ထားသည့် လယ်ဧက ၂၀၀ ကျော်ပိုင်ရှင်များဖြစ်ကြသည်။
လက်ပံတောင်းတောင် စီမံကိန်းအတွင်း လျော်ကြေးငွေ မယူသေးသည့် လယ်ဧက ၂၀၀ ကျော် ပိုင်ရှင် ဒေသခံ ၈၀ ကျော်က စီမံကိန်း ဆက်ဆံရေး ရုံးအတွင်း တရားဝင် နွားကျောင်းရန်နှင့် လယ်ယာ ထွန်ယက်ခွင့်ကို စီမံကိန်း တာဝန်ရှိသူ များထံ ဇူလိုင်၂၃ ရက်တွင် တောင်းဆိုခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ဒေသခံများ၏ တောင်းဆိုချက်ကို စီမံကိန်း တာဝန်ရှိသူများက အကြောင်းပြန်ခဲ့ခြင်း မရှိသည့် အတွက် ဇူလိုင်၂၆ ရက်နေ့တွင် ဝင်ရောက် နွားကျောင်းခဲ့ရာမှ ဒေသခံများနှင့် လုံခြုံရေးရဲများ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားကာ နှစ်ဘက်စလုံး ဒဏ်ရာရရှိခဲ့သည်ဟု မိုးကြိုးပြင်ကျေးရွာ ဒေသခံ မဝါက ဧရာဝတီကို ပြောသည်။
“လုံခြုံရေး ရဲတွေက ကျမတို့ကို လေးခွတွေနဲ့ အရင်ပစ်တာပါ။ သူတို့ဘက်က ထိခိုက်မှု ရှိသလို၊ ကျမတို့ဘက်ကလည်း ဒဏ်ရာရတဲ့ သူတွေ ရှိပါတယ်။ မိုးရာသီဖြစ်တဲ့ အတွက် အခုလို ထွန်ယက် စိုက်ပျိုးရတာ ဖြစ်ပါတယ်” ဟု မဝါက ဆိုသည်။
ဇူလိုင် ၂၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် နွားကျောင်းရန် ရောက်လာသည့် ဒေသခံများကို လုံခြုံရေးရဲများက ကြေးနီ စီမံကိန်း အတွင်းသို့ မဝင်ရောက်နိုင်ရန် တားဆီးပြီး ဒေသခံများက လုံခြုံရေး တပ်ဖွဲ့ဝင်များကို လေးခွ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် လုံခြုံရေးရဲ ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မုံရွာ ပြည်သူ့ဆေးရုံနှင့် ဆားလင်းကြီး ဆေးရုံသို့ ပို့ဆောင် ကုသလျှက် ရှိကြောင်း၊ ဒေသခံများအား ဆားလင်းကြီး မြို့မရဲစခန်းက ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သိရသည်ဟု ဖော်ပြထားသည်။
ယင်းသို့ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် ဒေသခံ ပြည်သူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး ပြင်းထန်သည့် ဒဏ်ရာရရှိသူ ၆ ဦးခန့် ရှိကြောင်း၊ လျော်ကြေးငွေ မယူသည့် ပြည်သူများ အတွက် နွားကျောင်းရန်၊ ထွန်ယက်စိုက်ပျိုးရန် အတွက် တရားဝင် စာတင် တောင်းဆိုသည်ကို စဉ်းစားပေးသင့်ကြောင်း ဆည်တဲကျေးရွာမှ ဦးပဉ္ဇင်း ဦးအာလောကက ဧရာဝတီကို ပြောသည်။
“ဒေသခံတွေ တောင်းဆိုတာကို ဘာမှ အကြောင်းမကြားတဲ့ အတွက် ဝင်ရောက်ပြီး ထွန်ယက်ဖို့၊ နွားကျောင်းဖို့ လုပ်တာပါ။ ရဲတွေက သေနတ်တွေ ပစ်ပြီး ဒေသခံတွေကို ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ အခုတော့ ငြိမ်သွားပါပြီ” ဟု ၎င်းက ဆိုသည်။
ခြံစည်းရိုးကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် စတင် ခတ်ခဲ့သော်လည်း ယမန်နှစ်က နွားကျောင်းခြင်း၊ လယ်ယာထွန်းခြင်းများ ပြုလုပ်ခွင့် ရခဲ့ကြောင်း၊ ယခုနှစ်တွင်မူ ပြုလုပ်ခွင့်မရသဖြင့် အငြင်းပွားမှု ဖြစ်ပွားခဲ့ရကြောင်း၊ နွားကျောင်းရန် တောင်းဆိုခဲ့သော်လည်း လုံခြုံရေး ရဲများက ခွင့်မပြုခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ယခုနှစ် မေလ ၁၈ ရက်က အဆိုပါ ပုဒ်မ ၁၄၄ ထုတ်ထားသည့် နယ်မြေအတွင်း တရုတ်နိုင်ငံသား နှစ်ဦး လာရောက် မြေတိုင်းမှုကြောင့် ဒေသခံများက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း၊ မေလ ၂၃ ရက်တွင် နယ်စပ်ရေးရာ ဝန်ကြီး ဦးကြည်နိုင်က လာရောက်ပြီး လယ်ယာများတွင် ဒေသခံများအား ထွန်ယက်စိုက်ပျိုးခြင်း၊ နွားကျောင်းခြင်းကို ခွင့်ပြုပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းသည် မြန်မာ စီးပွားရေး ဦးပိုင် ကုမ္ပဏီ လီမိတက်၊ တရုတ် အစိုးရနှင့် တရုတ်နိုင်ငံ ကုမ္ပဏီတခု ဖြစ်သည့် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော စီမံကိန်း ဖြစ်သည်။