မြန်မာ့နိုင်ငံရေး တိုးတက်မှ နှစ်နိုင်ငံဆက်ဆံရေး ရှေ့တိုးမည်ဟု အမေရိကန် ပြော
This article has been converted from Zawgyi One to Unicode
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်နော့စကီးက မကြာသေးခင်က မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်မလှည့်ပဲ ရှေ့ကိုပဲ သွားမယ်လို့ မျှော်လင့်ကြောင်းနဲ့ မြန်မာ-အမေရိကန် ဆက်ဆံရေးဟာလည်း ရှေ့ကိုပဲ ဦးတည်မယ်လို့ မျှော်လင့်မိကြောင်း၊ ဒါပေမယ့် ဒီလိုဖြစ်ဖို့အတွက် မြန်မာပြည်ထဲမှာ အခြေအနေတွေ တိုးတက်သလား၊ ဆုတ်ယုတ်သလား ဆိုတာက အဓိကကျကြောင်း ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးအောင်ဇော် နဲ့ သီးသန့် အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ ဇွန်လအကုန်ပိုင်းမှာ မြန်မာနိုင်ငံကို တပတ်လာရောက်ခဲ့ပြီး အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အဖွဲ့တွေနဲ့ လူမှုအခြေပြု လှုပ်ရှားသူများ၊ ဘာသာရေးခေါင်းဆောင်များနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့အရေးကို နှစ်ပေါင်းများစွာ လေ့လာဆည်းပူးခဲ့တဲ့ Tom Malinowski ဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး (ဗိုလ်ချုပ်ကြီးဟောင်း) နဲ့လည်း တွေ့ဆုံခဲ့တာကို သူ့အင်တာဗျူးမှာ ရှင်းပြထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို သူ ပြောခဲ့တာကတော့ လာမယ့်နှစ်မှာ ပြုလုပ်မယ့် မဲထည့်ရွေးကောက်ပွဲကို ဒီတိုင်းပြည်ရဲ့ ခေတ်သစ်နိုင်ငံရေးသမိုင်းမှာ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေနဲ့ပတ်သက်ပြီး တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်တာတွေ၊ သတင်းထောက်တွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဆက်လက်ပြီး ဖမ်းဆီးနေတာတွေကို စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
အမေရိကန် အစိုးရအနေနဲ့ကတော့ အားလုံးပါဝင်ပြီး ထင်သာ မြင်သာ ရှိတဲ့ ရွေးကောက်တင်မြောက်ပွဲ ပုံစံနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို တကယ်ထင်ဟပ်တဲ့ ရွေးချယ်မှုမျိုးကို အားပေးကူညီမယ်လို့ ပြောခဲ့ပါတယ်။ “ကျနော်တို့ မြင်ချင်တာကတော့ ဒီ process လုပ်ငန်းစဉ်ဟာ ဒီနေ့ပဲ စရမှာ ဖြစ်ပြီး ရွေးကောက်ပွဲ လုပ်မယ့်နေ့ကျမှ စရမှာ မဟုတ်ဘူး ဆိုတာပဲ ဖြစ်ပါတယ်”လို့ တွမ်မာလင့်နော့စကီးက ပြောဆိုခဲ့ပါတယ်။
တွမ်မာလင်နော့စကီးဟာ မြန်မာ့တပ်မတော်ရဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းတပ်မတော် ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပြီး မြန်မာနဲ့ အမေရိကန် တပ်မတော် နှစ်ခုအကြား ဆက်ဆံရေး ပုံမှန်အတိုင်း ပြန်လည်တိုးမြှင့်ဖို့ လိုအပ်တယ်လို့ သူ့ရဲ့ ပထမဆုံး တရားဝင် ခရီးစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဧရာဝတီနဲ့ အင်တာဗျူးမှာလဲ တွမ်မာလင်နော့စကီးဟာ အမေရိကန်ဘက်က ဒီကိစ္စကို မျှော်လင့်ထားတာက “အများကြီး မကြီးကျယ်ပါဘူး။ ၂၀၁၃ နဲ့ ၂၀၁၄ မှာ ကျနော်တို့ရဲ့ ကာကွယ်ရေးဌာနက မြန်မာ့တပ်မတော် အရာရှိတွေနဲ့ မြေစမ်း ခရမ်းပျိုး မိတ်ဆက်အစီအစဉ် သုံးခုကို လုပ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံ အမြင် ဖလှယ်တဲ့ ပွဲတွေဟာ လူ့အခွင့်အရေး ဥပဒေ၊ လက်နက်ကိုင် ပဋိပက္ခ ဥပဒေ ထုံးထမ်းစဉ်လာတွေကို အဓိက ထားပါတယ်။ ဒီလို အမြင်ဖလှယ်တဲ့ dialogue တွေလုပ်ရတဲ့ အကြောင်းရင်းကလည်း အရည်အချင်း ပြည့်ဝတဲ့ professional တပ်မတော် ဖြစ်ရေးနဲ့ အမေရိကန်ဘက်က အတွေးအမြင်သစ်တွေကို မိတ်ဆက်ပေးဖို့ပဲ ဖြစ်ပါတယ်”လို့ ဧရာဝတီကို ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက ကြွယ်ဝချမ်းသာတဲ့ ခရိုနီကြီးတွေကိုလဲ တွေ့ဆုံခဲ့တဲ့ တွမ်မာလင့်နော့စကီးက SDN လို့ခေါ်တဲ့ U.S. Specially Designated National စာရင်းကနေ ပယ်ဖျောက်ချင်တယ်ဆိုရင် သိထားရမယ့် ပထမဆုံး အချက်ကတော့ ဒါဟာ နိုင်ငံရေးမဟုတ်ပဲ United States Treasury Department က ကိုင်တွယ်စီမံခန့်ခွဲ ဆုံးဖြတ်တာ ဖြစ်ပြီး ဒီစာရင်းက ပယ်ဖို့အတွက် တင်ပြသူတွေဟာ သူတို့ရဲ့ အဓိကကျတဲ့ လုပ်ပုံကိုင်ပုံ ဆောင်ရွက်ပုံ တွေဟာ အရင်ပုံစံမျိုး မဟုတ်ပဲ လုံးဝကို ခဝါချပြီး အမှားကို မြင်လို့ အမှန်ကို ပြင်တဲ့ ပုံစံမျိုး ဖြစ်ဖို့လိုတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ကြောင်း အကျယ်တဝင့် သူ့ရဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာပြည်ရဲ့ ခရီးစဉ်မှာ သူမျက်မြင်တွေ့ခဲ့ရတဲ့ အချက်တခုကတော့ မြန်မာပြည်သူတွေဟာ အမေရိကန် နိုင်ငံကို မြန်မာ့အပြောင်းအလဲမှာ အရေးပါတဲ့ ကဏ္ဍတခုကနေ ပါဝင်စေချင်နေတာပဲ ဖြစ်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
တွမ်မာလင့်နော့စကီး နဲ့ ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော် တို့ရဲ့ အင်တာဗျူး အပြည့်အစုံကို မကြာမီ ဖော်ပြပါမယ်။