နေပြည်တော် အမြန်လမ်း အရေးပေါ် ဝန်ဆောင်မှု စတင်ပြုလုပ်နေ
This article has been converted from Zawgyi One to Unicode
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး တလျှောက် အရေးပေါ်ကိစ္စများဖြစ်ပွားပါက ဝန်ဆောင်မှုပေးသည့် အစီအစဉ် ကို အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီ ၂ ခု ပူးပေါင်း လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
အမြန်လမ်းမကြီးတလျှောက် မတော်တဆမှုများ အပါအဝင် ကားပျက်ခြင်း စသည့် အရေးပေါ်ကိစ္စများ ကြုံတွေ့လာပါက ဖုန်းနံပါတ် “၁၈၈၀” သို့ အလွယ်တကူ ဆက်သွယ် အကြောင်းကြားရုံဖြင့် ဖြစ်ပွားရာ နေရာသို့ ၅ မိနစ်အတွင်း အရောက်သွား၍ အကူအညီ ပေးမည့် အစီအစဉ်ဖြစ်သည်ဟု အမြန်လမ်း ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောသည်။
ယင်းအစီအစဉ်ကို ယနေ့စတင်နေပြီဖြစ်ပြီး အမြန်လမ်းအဖွဲ့အစည်းများ အပါအဝင် BlueOcean Operation Management ကုမ္ပဏီ နှင့် Forever Group တို့ ပူးပေါင်းလုပ် ဆောင် ကြမည် ဖြစ်ကြောင်း ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခြင်း ဖြစ်သည်။
“တည်ဆောက်မှုပိုင်းကိုချည်း စဉ်းစားခဲ့ကြပြီး Operation ပိုင်းကို မစဉ်းစားမိခဲ့ကြဘူး၊ အခုလုပ်မယ့် အရေးပေါ်ဖုန်းနံပါတ် အစီ အစဉ် က ပထမဆုံးခြေလှမ်းလို့ ပြောလို့ရတယ်၊ သိပ်မကြာခင်မှာ အဝေးပြေးကားတွေကို စောင့်ကြည့်နိုင်မယ့် စနစ်တခု လုပ်ဖို့ လည်း ရှိလာမယ်”ဟုလည်း သူက ရှင်းပြသည်။
ယနေ့ စတင်နေပြီဖြစ်သည့် အရေးပေါ်ခေါ်ဆိုမှု နံပါတ် ၁၈၈၀ သို့ ဆက်သွယ်လာပါက ဝန်ဆောင်မှု နေရာမှ ခေါ်ဆိုသူ၏ အမည် ကို မေးမြန်းထားပြီး ဆက်သွယ်လာသည့် ဖုန်းနံပါတ်ကို မှတ်သားထားမည် ဖြစ်သည်ဟု ဆိုသည်။
ထို့နောက် ဖြစ်ပွားသည့် ကိစ္စ ခေါင်းစဉ်အလိုက် ဝန်ဆောင်မှုပေးသည့် ဖုန်းနံပါတ်နေရာမှ တဆင့် သက်ဆိုင်ရာ ရဲ ဌာန၊ လူနာတင် ယာဉ်၊ အရေးပေါ်အခြေအနေ ကွပ်ကဲမှုအဖွဲ့ စသည်တို့ကို တာဝန်ခံ ခေါ်ဆိုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ကိစ္စကြုံလာတဲ့သူက ဖုန်း တခါ ခေါ်ဆိုပေးရင် လုံလောက်ပြီ၊ နောက်ပိုင်းက ရဲ၊ လူနာတင်ယာဉ် စတဲ့ခေါ်ဆိုမှု ကိစ္စ၊ ချိတ်ဆက်ဖို့တွေကို တာဝန်ယူသွားဖို့က ၁၈၈၀ က လုပ်မယ်၊ အားလုံး ချိတ်ဆက်ပြီးရင် ဖုန်းခေါ်ဆိုခဲ့သူကို စိတ်မပူဖို့အတွက်နဲ့ အမြန်ဆုံးလာနေပြီဖြစ်ကြောင်း ပြန်အကြောင်း ကြားပေးမယ်”ဟု အရေးပေါ် ဖုန်းနံပါတ် ခေါ်ဆိုမှုကို ဝန်ဆောင်မှုပေးမည့် BlueOcean Operation Management မှ ဒါရိုက်တာ ဦးတင်ကိုကိုဝင်း က ပြောသည်။
အရေးပေါ် မတော်တဆ ထိခိုက်မှုများအပြင် ကား တစုံတရာဖြစ်ခြင်း၊ လမ်းတွင် စက်ပျက်သွားခြင်းများ အတွက်လည်း သက်ဆိုင် ရာ ကားပြင်ဆင်မှု လုပ်ငန်းများသို့ ချိတ်ဆက်ပေးမည် ဖြစ်သည်ဟု ဆိုသည်။
အရေးပေါ်ခေါ်ဆိုမှု နံပါတ် ၁၈၈၀ ဝန်ဆောင်မှု စခန်းများကို မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားမှုများသည့် ပဲခူးတိုင်း ဒေသကြီး တလျှောက်တွင် အများဆုံး ထားရှိသွားမည်ဖြစ်ပြီး လတ်တလော စခန်း ၅ ခု ရှိကြောင်း၊ စခန်း ၁၀ ခုအထိ တိုးချဲ့ ဝန်ဆောင်မှု ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အရေးပေါ် ကိစ္စများ ဖြစ်ပွားလာပါက ၅ မိနစ်အတွင်း ဖြစ်ပွားရာနေရာသို့ရောက်ရှိနိုင်ရန် အဖွဲ့အစည်းအချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှုများ ပြုထားသကဲ့သို့ သက်ဆိုင်ရာ ဒေသအလိုက် ဆေးရုံကြီးများတွင်လည်း ၂၄ နာရီ အသင့် အနေအထား ဆောင်ရွက် ထားကြောင်း အမြန်လမ်း ဝန်ဆောင်မှု ပြုလုပ်သည့် အဖွဲ့များက ပြောသည်။
ယခုစနစ်တွင် အမြန်လမ်း ရဲတပ်ဖွဲ့၊ အမြန်လမ်း ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ဆေးရုံများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ လူမှုှု အဖွဲ့အစည်းများနှင့် အမြန်လမ်း အရေးပေါ် အခြေအနေ ကွပ်ကဲမှုဌာန တို့ နှင့် ချိတ်ဆက် ဆောင်ရွက် သွားမည်ဟုလည်း ဆိုသည်။
အမြန်လမ်းပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအဖွဲ့၏ အဆိုအရ နေ့စဉ် ယာဉ်ပေါင်း ၁၀၀၀၀ ကျော် ဖြတ်သန်း သွားလာနေသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် နံနက် ၂ နာရီ မှ ၅ နာရီ ကြားနှင့် နေ့လယ် ၂ နာရီမှ ၅ နာရီ အကြားတွင် မတော်တဆမှု အများဆုံး ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။