ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့နယ်ထဲမှာ နယ်စပ်ဖြတ်ကျော် သယ်ဆောင်လာတဲ့ ကျပ် ၂၂၆၂၄ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံးတွေနဲ့ လက်နက်ခဲယမ်းတွေကို မနေ့က ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့နယ် ပန်ကော်ရွာအနီးမှာ ဇူလိုင် ၂၈ ရက်နေ့မနက်ပိုင်းက ဘိန်းဖြူ ဘလောက်တုံးတွေနဲ့ လက်နက်ခဲယမ်းတွေကို သယ်ဆောင်လာတဲ့ VIGO အဖြူရောင် ကားတစီးကို မူးယစ်တပ်ဖွဲ့စု ၃၀ က ပူးပေါင်း ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်မြို့နယ် မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့က ပြောပါတယ်။
“အခု ဖမ်းမိတဲ့ ပမာဏဟာ ဒီနှစ်ထဲမှာ အများဆုံးပဲ။ ကျန်တဲ့ အခြေအနေ အလုံးစုံကိုတော့ စစ်ဆေးနေတုန်းပဲ”လို့ တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့ရုံး ဦးစီးမှူး ရဲအုပ် အောင်ကျော်စိုးက ဧရာဝတီကို ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ ဘိန်းဖြူတွေနဲ့ လက်နက်တွေ သယ်ဆောင်လာတဲ့ အဆိုပါ VIGO ကားအဖြူရောင်ဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် ပူနားကို ကျေးရွာဘက်က လာတာ ဖြစ်တယ်လို့ တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူး ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
VIGO ကားထဲမှာ ကာလတန်ဖိုးကျပ် ၂၂၆၂၄ သိန်းရှိ ဘိန်းဖြူ ဘလောက်တုံး ၄၀၄ တုံး (အလေးချိန် ၁၄၁.၄ ကီလို) နဲ့အတူ ယာဉ်မောင်း အားဘီ နဲ့ ဘိန်းဖြူတွေကို သယ်ဆောင်လာတဲ့ အားဖာ တို့ နှစ်ဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဘိန်းများနဲ့ အတူ M 22 သေနတ် ၂ လက်၊ ကျည်အိမ် ၈ ခု၊ M 16 သေနတ် ၂ လက်၊ ကျည်အိမ် ၁၂ ခု၊ ကျည် ၂၅၆ တောင့်၊ ၉ မမ ပစ္စတို ၂ လက်၊ ကျည် ၃၃ တောင့်၊ ကျည်အိမ် ၃ ခု၊ လက်ပစ်ဗုံး ၃ လုံး၊ စကားပြောစက် ၃ လုံး၊ လက်ကိုင်ဖုန်း ၃ လုံးနဲ့ ထိုင်းဘတ်ငွေ ၃၁၀၀၀ (ကျန် ၁၀ သိန်းခန့်) တို့ကိုပါ ဖမ်းဆီး ရမိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်ကလည်း တာချီလိတ်မြို့ကို ဦးတည် မောင်းနှင်လာတဲ့ VIGO အမျိုးအစား အဖြူရောင်ကားကို တားဆီး စစ်ဆေးခဲ့ရာမှ မူးယစ်ကုန်သည်တွေနဲ့ အတူ စုစုပေါင်း ကာလတန်ဖိုးငွေ ကျပ်သိန်း ၂၂၉၆ သိန်း ရှိတဲ့ ဘိန်းဖြူ ဘလောက်တုံးတွေနဲ့ လက်နက်တွေ ဖမ်းမိခဲ့ပါသေးတယ်။
ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်ပြီး ကာယကံရှင်တွေကို တာချီလိတ် မြို့မ ရဲစခန်းက မယ(ပ)၁၀၇/၂၀၁၄၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၀(က)/၂၁ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ယခုနှစ် ဇူလိုင်လ ၁၄ ရက်က စတင်ပြီး တာချီလိတ်ခရိုင် အတွင်း မြို့နယ် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့ အပါအဝင် မူးယစ်တပ်ဖွဲ့စု ၃၀ မှ ပူးပေါင်း တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ပိတ်ဆို့ရှာဖွေရေး စီမံချက် ချမှတ်ဆောင်ရွက်ရာမှာ ဇူလိုင် ၂၈ ရက် အထိ မူးယစ်ဆေးဝါး အမှုပေါင်း ၈ မှု ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) က အရှေ့တောင်အာရှမှာ ဘိန်းနဲ့ ပတ်သက်တဲ့ ကွင်းဆင်း လေ့လာ ချက်အရ မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ် အတွင်း ဘိန်း ၈၇၀ မက်ထရစ်တန် ထုတ်လုပ်ထားတယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန် ပြီးရင် ဒုတိယ အကြီးဆုံး ဘိန်းစိုက်ပျိုးတဲ့ နိုင်ငံအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန် လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
UNODC ရဲ့ ၂၀၁၃ အစီရင်ခံစာ တွေ့ရှိချက်က ၂၀၁၂ ခုနှစ် ထုတ်လုပ်မှုထက်စာရင် ၂၆ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှု ရပ်တန့်ရေး ကြိုးပမ်းမှုတွေဟာ လုံးဝ အောင်မြင်ခြင်း မရှိတာက ဆင်းရဲသား တောင်သူ လယ်သမားတွေဟာ စားဝတ်နေရေး အတွက် အခြားနည်းလမ်း မရှိတာကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါရှိ ပါတယ်။