လတ်တလော ပြီးဆုံးသွား ခဲ့ပြီဖြစ်သော ကချင်ပြည်နယ် လိုင်ဇာမြို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ညီလာခံတွင် ကရင် အမျိုးသား အဖွဲ့ချုပ် ဥက္ကဋ္ဌ မူတူးဆေးဖော က မြန်မာ အစိုးရနှင့် ဆွေးနွေးဆောင်ရွက် လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့တိုးလုပ်ဆောင် ကြရန် နှိုးဆော်ခဲ့ပြီး ကွယ်လွန်လေပြီးသော တောင်အာဖရိက ခေါင်းဆောင်ကြီး မန်ဒဲလား၏ စကားကို ကိုးကားကာ ရန်သူမှ လုပ်ဖော် ကိုင်ဘက်များ ဖြစ်ရန် လုပ်ဖို့လိုကြောင်း ပြောဆိုသည်မှာ ယနေ့နိုင်ငံရေး အခင်းအကျင်း အတွက် အလွန်သင့်လျော် လှပေသည်။
ယင်းသို့စကားမျိုး သမ္မတဦးသိန်းစိန်ကလည်း အုပ်ချုပ်ရေးသစ် စတင်ချိန်ကာလကလည်း ပြောဆိုဖူးသည်။ ကွဲပြားခြားနားမှုများကို သည်းခံပြီး ဘုံရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီစနစ် ပြန်ထူထောင်ရေးနှင့် တိုင်းပြည်စီးပွား ပြန်ခေါင်းမော့စေရေး အတူလက်တွဲလုပ်ဆောင်သွားမည်ဟူ၏။ အမှန်တကယ်လည်း ပြည်တွင်းပြည်ပရှိ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူများ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ပါဝင်လုပ်ကိုင်လာနိုင်ကြပြီး နိုင်ငံခြားအစိုးရများနှင့် ရင်းနှီးမြှုပ်နှံလိုသူများ မြန်မာပြည်သို့ ဥဒဟို ဝင်ထွက်လာခဲ့ကြသည်။
သို့သော် ဘာသာရေး အကြမ်းဖက်မှု၊ မီဒီယာ ဖိနှိပ်မှု၊ မြေသိမ်းမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အလွန်နှေးကွေးနေမှုများအား တိတိကျကျ တာဝန်ခံ ဖြေရှင်းခြင်း မရှိဘဲ ယင်းသို့ ပြုပြင်ပြောင်းလဲရေး အရှိန်သေသွားရသည့်အပေါ် အုပ်ချုပ်ရေးအဖွဲ့သစ်အား နိုင်ငံရေးဖိအားများ ပေးလာခဲ့ကြသည်။ ရလဒ်မှာ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးဆောင်ရွက်ရမည့်အစား ယခင် ပျော့ပြောင်းမှုများ ပြန်လည်မာကျောလာပြီး အစိုးရကို ရန်သူမှ လုပ်ဖော်ကိုင်ဘက်အဖြစ် သတ်မှတ်လုပ်ကိုင်ခဲ့ကြသူများ အနေကြပ်လာခဲ့ကြသည်။ တချို့ ပြည်ပသို့ ပြန်လည်နှင်ထုတ်ခြင်း ခံလာကြရပြီး တချို့လည်း ပြည်တွင်းတွင် မနေပျော်ဘဲ ဖြစ်လာနေသည်။
လွှတ်တော်များအတွင်း အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ လုပ်ပုံကိုင်ပုံများကလည်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေခြင်းဟု ဆိုနေသည့်အပေါ် သံသယဖြစ်နေစေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်လိုမှု၊ ခေတ်နှင့် လိုက်လျောညီထွေ မဖြစ်သည့် ဥပဒေဟောင်းများကို ပြုပြင်ခြင်း မရှိခြင်း၊ တိုက်ရိုက်ရွေးကောက်တင်မြှောက်သည့် စနစ်နှင့်ပင် နေသားမကျဖြစ်နေသေးချိန်တွင် အချိုးကျတင်မြှောက်သော စနစ်ကို ကျင့်သုံးရန် ဆွေးနွေးလာခြင်းနှင့် အကျိုးမဖြစ်သည့် အသေးအဖွဲများဖြင့်သာ အချိန်ကုန်နေခဲ့သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ စတင်ဝင်ရောက်စနှင့်မတူ လွှတ်တော်အပေါ် မျှော်လင့်စိတ်လှုပ်ရှားခဲ့မှုများ ယခုအခါ လျော့ပါးသွားပြီဖြစ်သည်။
ခါးသီးဖွယ်အမှန်တရားမှာ မြန်မာနိုင်ငံသည် ပြောင်းလဲလာပြီဟု ဆိုနေကြသော်လည်း ဘယ်ကိုမျှ မရောက်သေးခြင်းပင် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့၏ ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း ထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာပြည်သည် တဦးချင်းပျမ်းမျှဝင်ငွေ အာရှတွင် အာဖဂန်နစ်စတန်ပြီးလျှင် အဆင်းရဲဆုံးဖြစ်ပြီး အာဆီယံနိုင်ငံများအတွင်း အဆင်းရဲဆုံးနိုင်ငံဖြစ်နေပြီကို မျက်မှောက်ပြုသင့်သည်။ ဆင်းရဲမွဲတေသည်ဟု မြန်မာတို့ ထင်မှတ်ခဲ့ကြသော ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများသည်ပင် မြန်မာထက် ပိုကြွယ်ဝသွားနေပြီဖြစ်သည်။ နာမည်ကျော် အမေရိကန်မဂ္ဂဇင်း Foreign Policy ၏ ကမ္ဘာပေါ်ရှိ တည်ငြိမ်မှု အကင်းမဲ့ဆုံး နိုင်ငံများစာရင်းတွင် အာဖရိကမှ လိုင်ဘေးရီးယားနှင့်အတူ မြန်မာနိုင်ငံကို ထိပ်ဆုံးစာရင်းတွင် ထားသည်။
အကောင်းဆုံးအဖြေမှာ နိုင်ငံရေးခေါင်းဆောင်များ တိုင်းပြည်ရေရှည်အကျိုးကို ကြည့်ရန်သာ ရှိသည်။ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား၊ တအုပ်စု တပါတီအကျိုးစီးပွားကို နောက်တန်းသို့ ပို့ရန် အရေးတကြီး လိုအပ်နေသည်။ သွားရမည့်ခရီးကား ဝေးသေး၏။ ခြေသာလျင် ယာဉ်ရှိကုန်၏။ ခရီးပေါက်မည်၊ မပေါက်မည်မှာ ဦးဆောင်နွားလားများ ဖြောင့်ဖြောင့်သွားမှ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်မည့် အနေအထားပင်တည်း။