Politics

ထိုင်း အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး လွှတ်တော် အကြီးအကဲနှင့် ဝန်ကြီးချုပ် တာဝန်ယူရန်ရှိ

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ အာဏာသိမ်း စစ်အစိုးရ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကောင်စီ(NCPO) အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ သည် လာမည့် ထိုင်းလွှတ်တော်တွင် အကြီးအကဲ တာဝန်နှင့် ဖြစ်ပေါ်လာမည့် ထိုင်းအစိုးရသစ်၏ ဝန်ကြီးချုပ် တာဝန်ယူမည်ဟု မျှော်လင့်ရကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသည်။

ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာက ဝန်ကြီးချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌ တာဝန် ၂ ခုကိုယူချိန်တွင် ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Anupong Paojinda သည်လည်း လာမည့်အစိုးရသစ်တွင် ကာကွယ်ရေး ဝန်ကြီးနှင့် ဒု ဝန်ကြီးချုပ် ဖြစ်လာမည်ဟု သတင်းရင်းမြစ်တခုကို ကိုးကားပြီး ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းက ဖော်ပြသည်။

ယခင် လေတပ်ဦးစီးချုပ် Itthiporn Supawong ကလည်း ဒု ကာကွယ်ရေးဝန်ကြီး ဖြစ်လာမည်ဟု မျှော်လင့်ရ သကဲ့သို့ လက် ရှိ လေတပ်ဦးစီးချုပ် Prajin Jantong သည်လည်း ဒု ဝန်ကြီးချုပ်၊ ပို့ဆောင်ရေး ဝန်ကြီး တာဝန်ယူသူ ဖြစ်လာမည်ဟု ဘန်ကောက်ပို့စ်၏ သတင်းရင်းမြစ်က ဆိုထားသည်။

ဗိုလ်ချုပ်ကြီး Gen Tanasak Patimapragorn သည်လည်း နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာရန်ရှိပြီး လက်ရှိ NCPO ၏ တရားရေး တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီး Paiboon Khumchaya က ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းရေးမှူးဖြစ်လာဖွယ်ရှိသည်ဟု ဆိုသည်။

လက်ရှိ ကြည်းတပ် ဒုဦးစီးချုပ် ဗိုလ်ချုပ်ကြီး Udomdech Sitabutr သည်လည်း ဗိုလ်ချုပ်ကြီးပရာယု ကို ဆက်ခံမည့် ထိုင်း ဘုရင့် တပ်မတော် ဦးစီးချုပ်ဖြစ်လာမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

ခန့်မှန်းပြောဆိုချက်များ အရ ဗိုလ်ချုပ်ကြီး ပရာယုက ပြည်ထဲရေး ဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး Tanasak ကို ခန့် အပ်နိုင် ကြောင်း သိရသည်။

NCPO အကြီးအကဲ ဗိုလ်ချုပ်ကြီးပရာယုက ထိုင်း အမျိုးသား လွှတ်တော်သစ်(NLA) ကို ယခုလကုန်ပိုင်းတွင်း စတင် ခေါ်ယူနိုင် မည်ဟု တနင်္လာနေ့က ပြောဆိုခဲ့သည်။

အသစ် ပေါ်ထွက်လာမည့် ထိုင်းလွှတ်တော် NLA တွင် အဖွဲ့ဝင် ၂၀၀ ဖြင့် ဗိုလ်ချုပ်ကြီး ပရာယုက လျာထားပြီး ထိုင်း ဘုရင်၏ အတည်ပြု လက်မှတ်ထိုးရန် ယခု သီတင်းပတ်တွင် ဖြစ်နိုင်သည်ဟု သိရသည်။

ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ ဦးဆောင်သည့် NCPO သည် ပြီးခဲ့သည့် မေလ ၂၂ ရက်က ယခင် ဝန်ကြီးချုပ်ဟောင်း မစ္စ ယင့်လတ် ရှင်နာဝါထရာ အစိုးရ ထံမှ အာဏာသိမ်းယူကြောင်း ကြေညာခဲ့သည်။

ထိုသို့ အာသိမ်းယူမှုကို ကုလသမဂ္ဂ နှင့် နိုင်ငံတကာ က စိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။

Loading