ရန်ကုန်မြို့လယ်ခေါင်၊ ဆူးလေဘုရားလမ်းပေါ် ရှန်ဂရီလာဟိုတယ်( ယခင် Trader ဟိုတယ်) ရှေ့တွင် ဇူလိုင်လ ၂၈ ရက် နေ့ ညပိုင်းတွင် လမ်းပြောင်းပြန် ရမ်းကားမောင်းနှင်လာသည့် ပရိုဘောက်မော်တော်ယဉ်တစီးက လူ ၇ ဦးကို တိုက်မိ ပြီး ၃ ဦးသေဆုံးကာ ရဲ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၂၈ ရက်နေ့ ည ၁၀ နာရီခန့်က ပန်းဘဲတန်းမြို့နယ် ၊ မဟာဗန္ဓုလလမ်းပေါ် ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းကြား တွင် ရပ်ထားသည့် မော်တော်ကားတစီးကို စမ်းချောင်းမြို့နယ်တွင် နေထိုင်သော ဦးမောင်မောင် မောင်းနှင်လာသော 2D-6213 ပရိုဘောက် အမျိုးအစား မော်တော်ယဉ်က ပွတ်တိုက်မိပြီး ထွက်ပြေးမောင်းနှင်သွားကြောင်း၊ အဆိုပါ မော်တော် ယာဉ် သည် ဆူးလေဘုရားလမ်းမသို့ လမ်းပြောင်းပြန် ဝင်ရောက်ပြီး ဆာကူရာ တာဝါအနီးရှိ လမ်းလယ်ကျွန်းပေါ်သို့ တက် ကာ လူ ၇ ဦးကို အရှိန်ဖြင့် ဝင်တိုက်မိခဲ့ကြောင်း၊ ထို့ပြင် ရဲတဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ အဲဒီနေရာမှာ ရောက်နေတဲ့ ကျနော်တို့ လှည့်ကင်း ရှိတယ်။ ကားကို ရပ်ဆိုပြီး တားတဲ့အခါမှာ မရပ်ပေးဘဲ ဆက်မောင်း တော့ ဒုတပ်ကြပ်သက်ပိုင်စိုးက သူ့ကို တိုက်မိမှာဆိုးလို့ ကားဘော်နက်ပေါ်ကို ခုန်တက်ပြီး ပါသွားတယ်။ နောက်ပြီး ပလက်ဖောင်း ပေါ်ကို ကားတက်သွားတဲ့အခါကျတော့ ကျနော့် ရဲဝန်ထမ်း ပြုတ်ကျသွားတယ် ” ဟု ပန်းဘဲတန်းမြို့နယ် မြို့မ ရဲစခန်းမှရဲအုပ် အောင်နိုင်မြင့်က ပြောပြသည်။
ကားတိုက်ခံရသော လူ ၇ ဦး အနက် ၅ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ခဲ့ရာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့မှာ ယဉ်တိုက်မိသော ဒဏ်ရာဖြင့် ကွယ်လွန်သွားခဲ့ပြီး အမျိုးသမီး၁ ဦးမှာလည်း စိုးရိမ်ရသော အခြေ အနေ တွင် ရှိနေကြောင်း၊ ကားပေါ်မှ ပြုတ်ကျသဖြင့် ဒုတပ်ကြပ် သက်ပိုင်စိုးမှာ လက်ဖျံ ၊ တံတောင် ဘယ်ညာ နှစ်ဖက်စလုံး စုတ်ပြတ်ဒဏ်ရာ ၊ ဒူးပြဲ ၊ ခါးနာ စသည် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးခွင့်ပေးထားရကြောင်း သိရသည်။
ရန်ကုန်မြို့လည်ခေါင်တွင် ယဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ထွက်ပြေး တိမ်းရှောင်ရန် ကြိုးစားသူ ဦးမောင်မောင်အား ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၄ (က) လူသေစေအောင် မောင်းနှင်မှု ၊ ပုဒ်မ ၃၃၈ အပြင်းအထန် ဒဏ်ရာရစေမှု ၊ ပုဒ်မ ၃၃၇
သာမန် ဒဏ်ရာ ရစေမှု ၊ ၂၀၂(က) ထွက်ပြေး တိမ်းရှောင်မှု အပါအဝင် ယဉ်တိုက်မှု တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ထွန်းနိုင်ဇော်က ပြောဆိုသည်။
ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားစဉ်က ယင်းပရိုဘောက် ကားပေါ်တွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦး လိုက်ပါစီးနင်း ကြပြီး ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အဖမ်းမခံဘဲ ထွက်ပြေးကြကြောင်း၊ ရဲနှင့် ပြည်သူတချို့က လိုက်လံဖမ်းဆီးရာ အမျိုးသမီး ၂ ဦးကိုသမ္မတရုပ်ရှင်ရုံအနီးတွင် ဖမ်းမိခဲ့ကြောင်း၊ ထိုအမျိုးသမီး ၂ ဦးကို စစ်ဆေးမေးမြန်းချက်အရ ယာဉ်မောင်း ဖြစ်သူ ဦးမောင်မောင်ဆိုသူဖြစ်ကြောင်း သိရှိရသဖြင့် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၄ နာရီတွင် စမ်းချောင်း မြို့နယ်တွင် လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
“ယာဉ်မောင်း တရားခံ ဖြစ်တဲ့ ကိုမောင်မောင်ကိုတော့ ဖမ်းမိထားတယ်။ ဒီနေ့ ကျောက်တံတားမှာပဲ ရမန်ယူမှာပါ ” ဟု ကျောက်တံတား မြို့နယ် ရဲစခန်းမှဒုရဲအုပ် ထွန်းနိုင်ဇော်က ပြောသည်။