အပစ်အခတ် ရပ်စဲရေး ခိုင်မာစေရန် အတွက် တပ်ပိုင်းဆိုင်ရာ နေရာချထားရေးနှင့် ပတ်သက်ပြီး နှစ်ဖက်စစ်တပ်များ လိုက်နာ ရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် စောင့်ကြည့်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းရန် စီစဉ်နေကြောင်း သိရသည်။
ယင်းလုပ်ငန်း ကော်မတီကို အောက်ခြေတပ်များရှိ တပ်ရင်းမှူး၊ တပ်မမှူးများဖြင့် ပါဝင်ဖွဲ့စည်းရန် စီစဉ်ထားသည် ဟု သိရပြီး တပ်အရွှေ့အပြောင်း၊ လှုပ်ရှားသွားလာရေး စသည့် အချက်များကို တနိုင်ငံလုံး အတိုင်းအတာဖြင့် အသေးစိတ် ဆွေးနွေးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT)မှ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း က ပြောသည်။
“တပ်ပိုင်းဆိုင်ရာ ကိစ္စက ဒါက နည်းပညာ ကိစ္စတွေပါ။ အဲဒီအခြေခံမူကို ယူပြီးတော့ နှစ်ဖက်က ပြည်နယ်အလိုက် တပ်သား အလိုက် လေ့လာဆွေးနွေးရမှာ ဆိုတော့ ကျနော်တို့ အမြင်က အစိုးရရယ်၊ တိုင်းရင်းသားတွေရယ်၊ အရပ်ဘက် အဖွဲ့ အစည်း တွေရယ်၊ ပြီးတော့ နိုင်ငံတကာကလည်း ပါဝင် ပတ်သက်သင့်တယ်လို့ တင်ပြထားတယ်။ ပြည်ထောင်စု အဆင့်၊ ပြည်နယ် အဆင့်၊ ဒေသ အဆင့် ဖွဲ့စည်းဖို့ တင်ပြထားတာ ရှိတယ်”ဟု ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ဆိုသည်။
စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စောင့်ကြည့်ရေး လုပ်ငန်းကော်မတီတွင် တိုင်းရင်းသား အဖွဲ့တိုင်းမှ ပါဝင်ရန် စီစဉ်ထားပြီး ကချင်ပြည် နယ် လိုင်ဇာမြို့၌ ကျင်းပနေသော ယခု တတိယအကြိမ် ညီလာခံ အတွင်း ကော်မတီကို အပြီးသတ် ဖွဲ့စည်းသွားရန် စီစဉ်ထား သည် ဟုလည်း ၎င်းက ပြောဆိုသည်။
ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက“တပ်နေရာ ချထားရေးက နှစ်ဖက် တကယ်လုပ်တဲ့ တပ်မှူး တပ်သားတွေ ပါတဲ့ လုပ်ငန်း ကော်မတီက အဓိက ညှိကြရပါမယ်။ အဲဒီ လုပ်ငန်းကော်မတီက အခုကတည်းက ဆွေးနွေးတိုင်ပင်ထားရင် အားလုံး ပါဝင်အောင် လုပ်မယ်။ KNU ၊ KIA ၊ KNPP ၊ CNF အဖွဲ့တွေပါတဲ့ ယာယီ အရင် ဖွဲ့ထားမယ်။ ကျန်တဲ့ အဖွဲ့တွေလည်း ပါဝင်ဖို့ ဆွေးနွေးတင်ပြ တယ်။ ဒီတော့ တဖွဲ့ကနေ တယောက်စီ ပါဖို့ လုပ်ထားတယ်”ဟု ပြောသည်။
စစ်တပ်နေရာ ချထားရေး လုပ်ငန်းစဉ်ကို နည်းလမ်းနှစ်ခုဖြင့် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ခြင်းအပြင် တဖွဲ့ခြင်းစီ အလိုက် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။
ယင်းသို့ စီစဉ်မှုနှင့် ပတ်သက်ပြီး ပလောင်(တအာင်း) လွတ်မြောက်ရေး တပ်မတော်(TNLA) ဥက္ကဌ တားအိုက်ဖုန်းက“ဒါကတော့ အခုလက်ရှိမှာ ကျနော်တို့နဲ့ KIA ပဲ ပြည်နယ်အဆင့်လည်း မရှိသလို ပြည်ထောင်စု အဆင့်လည်း မရှိဘူး။ ဒီတော့ ကျနော် တို့ ဘက်က အစိုးရဘက်နဲ့ သေချာဆွေးနွေးမှ ရှေ့ဆက်နိုင်မယ်။ တနိုင်ငံလုံးကို လုပ်ဖို့ဆို ဒေသ မလွှမ်းခြုံနိုင်ရင် မရနိုင်ဘူး။ အပစ် အခတ် ရပ်ဖို့လည်း မဖြစ်နိုင်ဘူး။ ကျနော်တို့ဘက်က တချို့အပိုင်းက ပြောဖို့ ခက်နေတယ်။ သူတို့ဘက်ကို တပ် ရုပ်သိမ်းဖို့ အကျေအလည် ညှိနှိုင်းရမယ်”ဟု ပြောသည်။
NCCT အဖွဲ့ဝင် ခွန်ဥက္ကာ ကလည်း လက်ရှိတွင် ဒေသဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် တဖွဲ့ခြင်းဆီမှ အစိုးရတပ်များ နှင့် တပ်နေရာချထားမှု အသေးစိတ် ဆွေးနွေးမှုပြီးမှသာ တနိုင်ငံလုံးဆိုင်ရာ တပ်နေရာ ချထားရေး အပိုင်းကို ဆက်လက် လုပ်ကိုင်သွားမည်ဟု ပြောဆိုသည်။
ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက“အကုန်လုံးကို တပြိုင်နက်လုပ်ဖို့ အတွက် ကော်မတီတွေဖွဲ့ဖို့ စဉ်းစားတာပါ။ တခုစောင့် တခုစောင့်နဲ့ အချိန်ကြာလို့ မဖြစ်ဘူး။ ဒီအတွက် တပြိုင်နက် လုပ်နိုင်အောင် ကော်မတီဖွဲ့ လုပ်ဆောင်တာ ဖြစ်တယ်”ဟု ပြောသည်။
လက်ရှိတွင် တိုင်းရင်းသားများဘက်မှ ကာကွယ်ရေး ပြုပြင် ပြောင်းလဲရေး၊ ထောက်လှမ်းရေးပိုင်း ပြုပြင် ပြောင်းလဲရေး၊ ရဲတပ်ဖွဲ့ ပြုပြင် ပြောင်းလဲရေး၊ တရားစီရင်ရေးနှင့် ပြစ်ဒဏ်ပေးမှု ပြုပြင် ပြောင်းလဲရေး၊ အရပ်ဘက် စီမံခန့်ခွဲမှု အားကောင်းရေး သင့်လျော်သည့် အဖွဲ့အစည်းများ၊ လုပ်ငန်းစဉ်များ ရှိရေး၊ မှန်ကန်သော ဘဏ္ဍာငွေ သုံးစွဲမှု ဖြစ်ရေး စသည့်တို့ ပါဝင်ဆွေးနွေးလျက် ရှိကြောင်း သိရ သည်။
ထို့အပြင် လွှတ်တော်နှင့် အရပ်ဘက် အဖွဲ့အစည်းများက လုံခြုံရေး ကဏ္ဍကို စနစ်တကျ စောင့်ကြည့်နိုင်မှု အားကောင်းရေး သာ မက လုံခြုံရေး အဖွဲ့အစည်းများက ဒီမိုကရေစီ နည်းကျ တာဝန်ယူနိုင်ရေးကို အခြေခံသည့် လုံခြုံရေး ပြုပြင် ပြောင်းလဲမှုကို လုပ်ဆောင်ရန် လက်ခံထားသည်ဟု သိရပြီး အဆိုပါ အချက်ကို နိုင်ငံရေး ဆွေးနွေးမှု ပြီးမှသာ တိုင်းရင်းသားများက လုပ်ဆောင်လိုကြသည်ဟု ပြောဆိုလျက် ရှိသည်။
ဇူလိုင် ၂၈ ရက်တွင် ကျင်းပသည့် တတိယနေ့ ညီလာခံကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ်၏ အထူး ကိုယ်စားလှယ် မစ္စတာ နမ်ဘီယာ ၊ တရုတ်နိုင်ငံ အာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ ဝမ်ယင်ဖန်း ၏ ကိုယ်စား ၎င်း၏ လက်ထောက် မစ္စတာTand Ying (ဦးထွန်းရင်) တို့ တက်ရောက်ကြပြီး NCCT အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)တို့မှ ကိုယ် စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။
ယခု တတိယ အကြိမ်မြောက် တိုင်းရင်းသား ညီလာခံကို ဇူလိုင်လ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပနေခြင်း ဖြစ်ပြီး မူလက ဇူလိုင် ၂၄ ရက်တွင် စတင်ရန် စီစဉ်ထားသော်လည်း ညီလာခံအား ဦးဆောင်မည့် ဦးဆောင်ကော်မတီကို တရက်ကြာ ဆွေးနွေး ဖွဲ့စည်း နေ ရသည့် အတွက် တရက် နောက်ဆုတ်ကျင်းပခြင်း ဖြစ်သည်။