PR စနစ် ကျင့်သုံးရေး အဆို ပြည်သူ့ လွှတ်တော်တွင် အတည်ပြု ပြီး ကော်မရှင် ဖွဲ့စည်းမည်
This article has been converted from Zawgyi One to Unicode
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများက ပြင်းထန်စွာ ကန့်ကွက်နေသော အချိုးကျကိုယ်စားပြု စနစ် (PR) ကျင့်သုံးရေးအဆို ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်ပြီး မကြာမီ ကော်မရှင် (သို့မဟုတ်) ကော်မတီတရပ် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) မှ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ပြည်သူ့ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲများတွင် PRစနစ် ကျင့်သုံးရေး အဆိုကို ဇူလိုင်လ ၂၄ ရက်နေ့တွင် တင်သွင်းပြီး နောက် ဇူလိုင်လ ၂၉ ရက်နေ့တွင် လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
NDF ပါတီမှ လွှတ်တော်အမတ် ဦးအောင်ဇင်၏ အဆိုကို ကန့်ကွက်ဆွေးနွေးသူ ၁၈ ဦး ၊ ထောက်ခံ ဆွေးနွေးသူ ၁၈ ဦးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၃ ဦးတို့က ကြားနေ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
“အတည်ပြု လိုက်တယ်ပဲ ပြောရမှာ။ PR စနစ်ကို အကောင်အထည်ဖော်ဖို့ ကော်မတီတရပ် ၊ ကော်မရှင်တရပ် ဖွဲ့စည်းဖို့ ဒီနေ့ ပြည်သူ့ လွှတ်တော်က သဘောတူလိုက်တယ်။ PR စနစ်ရယ်လို့ မဟုတ်ဘူး။ ရွေးကောက်ပွဲမှာ PR စနစ် အပါအဝင် ဘယ်စနစ်ကို ကျင့်သုံးသင့်လဲဆိုတာ လုပ်မှာပေါ့ ။ ပြောရရင်တော့ အတူတူပါပဲ ။ ဒီ PR စနစ်ကို လုပ်မှာပဲ ။ PR စနစ် ကျင့်သုံး ရန် သင့် ၊ မသင့် အတွက် ကော်မတီဖွဲ့တာ မဟုတ်ဘူး။ ကျင့်သုံးဖို့ အတွက် ဘယ်လိုလုပ်မလဲဆိုတာ နည်းလမ်း ရှာနေတာ ” ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
ဇူလိုင်လ ၂၉ ရက်နေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် PR စနစ် ကျင့်သုံးရေး လွှတ်တော်မှ ကော်မရှင် ၊ ကော်မတီ ဖွဲ့စည်းပြီး လေ့လာသုံးသပ်ရန် လွှတ်တော်၏ သဘောထားကို ရယူရန် ပြင်ဆင်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို မေးခွန်း ထုတ် ခဲ့ကြောင်း၊ ဦးရွှေမန်း ကလည်း မိမိကိုယ်တိုင်လည်း PR စနစ်ကို မကြိုက်နှစ်သက်ဟု ထုတ်ဖော် ပြောဆို ခဲ့ကြောင်း သိရှိရသည်။
“ပထမတုန်းက ကျနော်တို့ ကန့်ကွက်ခဲ့ပါတယ်။ နောက်ပိုင်းကျတော့ ကော်မတီဆိုပြီး ပြောင်းလိုက်တယ်။ အဲဒါကို မဲခွဲဖို့ လုပ်တဲ့အခါကျတော့ ကျနော်တို့ အကုန်လုံး ဇဝေဇဝါတွေ ဖြစ်ကုန်တယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က ထပြီးတော့ ပြောတယ်။ အခု ကော်မရှင် လုပ်ဖို့ဟာကို မဲခွဲတာလား။ PR စနစ်ကို ကျင့်သုံးဖို့အတွက် မဲခွဲတာလားဆိုတော့ ဦးရွှေမန်း ကိုယ်တိုင်က PR စနစ်ကို ကျင့်သုံးဖို့အတွက်ဆိုရင် ကျနော်ကိုယ်တိုင် မထောက်ခံပါဘူးတဲ့။ အခုက PR စနစ်ကို အကောင် အထည်ဖော်ဖို့အတွက် သင့်လျော်တဲ့ ကော်မရှင်တခု ၊ လေ့လာဖို့ ကော်မရှင်တခု ဖွဲ့ဖို့အတွက်ပဲ မဲခွဲတာပါလို့ ပြောတယ် ” ဟု ဦးဖေသန်းကပြောသည်။
ယင်း PR စနစ် ကျင့်သုံးရေးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး အချို့တိုင်းရင်းသား လွှတ်တော်အမတ်များမှာ လွှတ်တော်သို့ မတက်ဘဲဆန္ဒပြခဲ့ ကြကြောင်း သိရှိရသည်။
“လွှတ်တော်မှာ ဒီနေ့ လုပ်သွားတဲ့ ပုံစံက သိပ်မရှင်းဘူး။ နိုင်ငံရေး ကစားသွားတာ။ ဦးအောင်ဇင်ပြောတဲ့ အဆိုကို အတည် ပြုတဲ့ သဘောမျိုး ပြောသွားတယ်။ ဦးအောင်ဇင်ရဲ့ အဆိုထဲမှာတော့ နောက်ဆုံး အပိုဒ်မှာ ကော်မတီ၊ ကော်မရှင် တရပ် ဖွဲ့စည်းဖို့ ပါတယ်။ အဲဒါကို တန်းပြီး အတည်မပြုဘဲ ကော်မရှင်ဆိုတာ တဆင့်ခံပြီး အတည်ပြုလိုက်တာပဲ ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းကမူ ရွေးကောက်ပွဲများတွင် PR စနစ်ကျင့်သုံးမည်ဆိုပါက ရွေးကောက်ပွဲကို သပိတ် မှောက် သော နိုင်ငံရေးပါတီများပေါ်ပေါက်လာနိုင်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် မမျှော်လင့်ထားသော နိုင်ငံရေး ရှုပ်ထွေးမှု များ များစွာဖြစ်ပေါ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။