သတင်း

ထိုင်းနှင့် တရုတ် ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ်မည်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ တောင်ပိုင်းကို ဆက်သွယ် ပြေးဆွဲမည့် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်း ၂ ခု အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကောင်စီ(NCPO) အစိုးရက အတည်ပြုလိုက်ပြီ ဖြစ်သည်။

အဆိုပါ စီမံကိန်း ၂ ခုသည် စုစုပေါင်း ထိုင်း ဘတ်ငွေ ၇၄၁.၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၄ ဘီလီယံ) ကျော် ကုန်ကျနိုင်ပြီး ထိုင်း နိုင်ငံ ရရောင်းမြို့မှ နောင်ခိုင်၊ ထိုမှ တဆင့် တရုတ်နိုင်ငံသို့ ပြေးဆွဲမည့် မြန်နှုန်းမြင့် ရထားလမ်း ဖြစ်ကြောင်း၊ ထို စီမံကိန်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ က အဆိုပြုထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်း နိုင်ငံတွင်း တချို့နေရာများတွင် ၁ နာရီလျှင် ကီလိုမီတာ ၂ဝဝ နှုန်း မှ ၁၆ဝ ကီလိုမီတာနှုန်း အထိ လျှော့ချမောင်းနှင်မည်ဖြစ် သည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ယနေ့ ဖော်ပြထားသည်။

၂ လမ်းသွား မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းမှာ ၁ ကီလိုမီတာ ကို အနည်းဆုံး ဘတ်ငွေ သန်းပေါင်း ၃၅ဝ- ၄ဝဝ မှ အများဆုံး ဘတ်ငွေ သန်းပေါင်း ၅ဝဝ- ၆ဝဝ ခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်း တွက်ချက်ထားသည်ဟု ဆိုသည်။

ထိုင်း နိုင်ငံတွင်း ပထမ လမ်းပိုင်းအတွက် ရထားလမ်း စုစုပေါင်း အရှည် ၇၃၇ ကီလိုမီတာ ရှိသောကြောင့် စုစုပေါင်း ကုန်ကျငွေ ဘတ် ၃၉၂ ဒသမ ၄ ဘီလီယံ ကုန်ကျနိုင်ပြီး ဒုတိယ လမ်းပိုင်း အတွက် ၆၅၅ ကီလိုမီတာ ရှိ၍ ကုန်ကျငွေ ၃၄၈ ဒသမ ၈ ဘီလီယံ ကုန်ကျမည်ဟုလည်း ခန့်မှန်ထားသည်။

ထိုင်း နိုင်ငံအတွင်း ရထားလမ်းပိုင်းများကို လာမည့်နှစ်တွင် စတင် ဖောက်လုပ်မည်ဖြစ်ပြီး ၂ဝ၂၁ ခုနှစ်တွင် အပြီးသတ်မည်ဟု သိရ သည်။

အဆိုပါ ရထားလမ်း စီမံကိန်းကို တရုတ်နိုင်ငံက ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင့်လတ် အစိုးရလက်ထက်ကတည်းက ကမ်းလှမ်း ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံက ဒေသတွင်း နိုင်ငံများအပေါ် စီးပွားရေးအရ လွှမ်းမိုးလာနိုင်ရေး အတွက် မြန်နှုန်းမြင့် ရထားလမ်း စီမံ ကိန်းများဖြင့် စီမံလာခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

Loading