ကချင်ပြည်နယ် လိုင်ဇာမြို့၌ ကျင်းပနေဆဲ တိုင်းရင်းသား ညီလာခံအတွင်း ဆွေးနွေးပွဲ၌ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီး နောက် ကြားကာလ အစီအစဉ်များတွင် အာဏာခွဲဝေမှု မပါသည့် လူမှုစီးပွား ဆိုင်ရာ ခွဲဝေမှုကို ထည့်သွင်းထားရန် စီစဉ်နေကြောင်း သိရသည်။
ယင်းအစီအစဉ်ကို နိုင်ငံရေး ဆွေးနွေးမှု မပြီးခင် ဆောင်ရွက်မည် ဖြစ်ကြောင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) အဖွဲ့ဝင် ခွန်ဥက္ကာ က ပြောသည်။
“ကြားကာလ အစီအစဉ် ဆိုတာက အပစ်ရပ် လက်မှတ်ထိုးပြီး ပြည်ထောင်စု ညီလာခံ မပြီးခင် အထိကို ဆိုလိုတာပါ။ ဒါက ကူးပြောင်း ရေးကာလ အပြောင်းအလဲ မဟုတ်ဘူး။ မရောထွေးစေချင်ဘူး။ ဒါကို ဘာလို့ထည့်လဲ ဆိုရင် ၉၀၊ ၉၁ တုန်းက အပစ်ရပ်ပြီးတဲ့ အဖွဲ့တွေမှာ ဒီအစီအစဉ်တွေ မပါတော့ အဖွဲ့တွေ ပျောက်သွားတယ်။ အဓိက ကတော့ ကြားကာလမှာ အဖွဲ့တွေ အနေနဲ့ မသေ အောင် နေနိုင်ဖို့ပဲ။ ဒါကို ထိုက်ထိုက်တန်တန် လုပ်ဖို့ လိုတယ်။ ဒီအတွက် ထည့်ထားခြင်း ဖြစ်တယ်”ဟု ၎င်းက ဧရာဝတီကို ပြောပြ သည်။
ကြားကာလ အစီအစဉ် မည်မျှ ကြာရှည်မည်ကို သိနိုင်ခြင်း မရှိသည့်အတွက် အချိန်အတိုင်းအတာ သတ်မှတ် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပြင် အဆိုပါ အစီစဉ်များ၌ ပြည်သူများ ပါဝင်နိုင်ရန် စီစဉ်ဆောင်ရွက်ရန် လိုအပ်သည်ဟု NCCT အဖွဲ့ဝင် ကရင် အမျိုးသား အစည်းအရုံး(KNU) အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သည့် ဖဒိုကွယ်ထူးဝင်း ကလည်း ပြောသည်။
“ဒေသခံတွေရဲ့ သဘောထား လုပ်ပိုင်ခွင့် အပေါ်ကို ကျနော်တို့ ကြည့်ရမယ်။ နယ်မြေတွေ သေချာခွဲရမယ်။ ဒါကို အဓိပ္ပာယ် ခွဲခြားရမယ်။ ရှုပ်ထွေးနေတာက အပစ်အခတ် ရပ်စဲရေး ဆက်စပ် နယ်မြေတွေပါပဲ။ ညှိနှိုင်းမှုတွေက မြေနေရာ အပါအဝင် အကျိုးခံစားခွင့်တွေပါ ပါမှာပါ။ အကျိုးသက်ရောက်မှုကတော့ အမျိုးမျိုး ရှိမှာ”ဟုလည်း ၎င်းက ဆိုသည်။
အစိုးရဘက်မှ တင်ပြဆွေးနွေးမှုတွင် ကြားကာလ အစီစဉ်ပိုင်းကို အချက် ၃ ချက်ဖြင့် တင်ပြဆွေးနွေးမှုများ ရှိကြောင်း သိရ သည်။
“ဒါက သမ္မတဘက်က ပြောတာလို့တော့ အစိုးရဘက်က ပြောတယ်။ ကြားကာလ အစီအစဉ်ကို မထည့်ဘဲ ရမလား။ လက်ရှိအတိုင်းပဲ ရှိနေလို့ ရမလား မေးတယ်။ ဒီတော့ လက်ရှိအတိုင်းဆို ဘယ်လိုမျိုးလဲဆိုတာ တိတိကျကျ ကျနော်တို့ သိချင်ပါတယ်။ စာနဲ့ပေနဲ့ပေါ့၊ ကျနော်တို့ဘက်က လက်ခံနိုင်တဲ့ အခြေအနေကို ဆွေးနွေးပြီး တင်ကြတော့ အခု ထိပ်သီး အစည်း အဝေးက အတည်ပြုပေးလိုက်ပါတယ်”ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ပြောသည်။
ပြင်ဆင်မှု အပိုင်းတွင် အစိုးရက သီးခြားသော် လည်းကောင်း၊ အစိုးရနှင့် ပေါင်းစည်း၍ သော်လည်းကောင်း လုပ်ဆောင်နိုင် မည့် အခြေခံအချက်များကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
“ဒါက အာဏာခွဲဝေမှု ပုံစံ မဟုတ်ဘူး။ ပထမပိုင်းမှာ ကျနော်တို့ဘက်က အာဏာခွဲဝေမှု ပုံစံမျိုး မဖြစ်အောင် ကျနော်တို့ လုပ်ဆောင်တာပါ။ တိုင်းရင်းသားတွေ အနေနဲ့ မိမိတို့ ဒေသမှာ လုပ်ပိုင်ခွင့်တွေက တိုင်းရင်းသား ဒေသတွေမှာ ရှိတယ်။ ပြည် သူလူထုအတွက် နိုင်ငံရေးတင် မကဘူး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေးပိုင်းတွေပါ ရှိတယ်။ ဘက်ပေါင်းစုံ လုပ်ရမှာ ရှိတယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတာတွေကို တိုင်းရင်းသားတွေက တတ်နိုင်သရွေ့ လုပ်ခဲ့တာ ရှိတယ်။ ဒါတွေကို ကြားကာလမှာ လုပ်ပိုင်ခွင့် ဆက်ထားချင်တယ်။ အကောက်ခွန် ကောက်ယူပိုင်ခွင့်က အစပေါ့။ အဲဒါတွေ ပါတယ်”ဟု ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း က ပြောသည်။
လက်ရှိ ကရင် ဒေသအတွင်း ကြုံတွေ့နေမှုများနှင့် ပတ်သက်ပြီး ဖဒိုကွယ်ထူးဝင်း က“အခုချိန်မှာ ဒေသခွဲဝေမှုကို ကျနော်တို့ တိတိကျကျ လုပ်ဖို့လိုတယ်။ အစိုးရဘက်မှာ သာမက ကျနော်တို့ဘက်မှာပါ ဒါက စိုးရိမ်နေရတာတွေ ရှိတယ်။ သမ္မတကြီးနဲ့ တွေ့ဆုံချိန်မှာ ကျနော်တို့ ဒီအပိုင်းကို ဘာမှ ပြောဆိုတာ မရှိဘူး။ ကျနော်တို့ ဒေသမှာတော့ ဒေသပိုင်းဆိုင်ရာမှာ ခွဲဝေမှု တိ တိ ကျကျရှိဖို့ လိုနေပြီ။ ခွဲဝေမှုတွေက ဒေသခံတွေရဲ့လျော်ကြေးတွေ နစ်နာမှုတွေရှိတော့ ကျနော်တို့ ဒီအချိန်မှာ ဒါကို သေချာဆွေးနွေးသင့်တယ်” ဟု ပြောသည်။
၁၉၉၀ တွင် ကချင် ဒေသ၌ အပစ်အခတ် ရပ်စဲပြီးနောက် ဒေသတွင်း လုပ်ပိုင်ခွင့်များကို ကချင် တိုင်းရင်းသားများ ခံစားခွင့် မရ ရှိခဲ့ကြောင်း၊ ကချင်တပ်မတော် နေထိုင်ရာ ကန့်သတ်နယ်မြေ တခုအတွင်းမှာသာ လုပ်ပိုင်ခွင့် ရှိခဲ့ပြီး ဒေသတခုလုံးကို မလွှမ်းခြုံနိုင်ခဲ့သဖြင့် ထိခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း ကလည်း ပြောဆိုသည်။
“ကချင်ဒေသက အကောင်းဆုံး ဥပမာပါ။ ဒီတော့ ကြားကာလ အစီအစဉ်က အရေးကြီးလာတယ်။ အကြီးစား စက်မှုလုပ်ငန်း တွေ ထူထောင်တာတွေက တိုက်ရိုက် ထိခိုက်တာတွေ ရှိပါတယ်။ စက်မှုလုပ်ငန်း အကြီးကြီးတွေ၊ ကုန်သွယ်မှုတွေကို လုပ် မယ် ဆိုရင် ကျနော်တို့နဲ့ ညှိနှိုင်း လုပ်စေချင်တယ်။ တိုင်းရင်းသားဒေသ လိုအပ်ချက်တွေ ဖြစ်ပေါ်မှုတွေကို အဲဒီ တိုင်းရင်းသား တွေက အသိဆုံးပါ။ ကျနော်တို့က အစိုးရဆီက အာဏာခွဲဝေတာ မဟုတ်ဘူး။ ပူးပေါင်းလုပ်ဖို့ ပြောတာ”ဟု ၎င်းက ဆိုသည်။
ကြားကာလ အစီအစဉ်များကို အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှု၌ တင်ပြသွားမည် ဖြစ်ပြီး တိုင်းရင်းသားများနှင့် NCCT အဖွဲ့ တွေ့ဆုံဆွေးနွေးမှုတွင် ယင်းအစီအစဉ်ကို အတည်ပြု ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
အထက်ပါ ဆွေးနွေးမှုအပြင် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာ ခံအဖြစ် သတ်မှတ်ပေးရေးနှင့် ညှိနှိုင်းလုပ်ဆောင်မှုများတွင် နိုင်ငံရေး မူဝါဒ၊ ရပ်တည်ချက်များမှ လွဲပြီး ကျန်အချက်များ ဖြစ်သည့် စကားလုံး အသုံးအနှုန်းနှင့် နည်းစနစ်ပိုင်း ဆောင်ရွက်မှုများတွင် NCCT မှ တာဝန်ယူ ဆောင်ရွက်ရေးတို့ကို ချမှတ် လုပ်ဆောင်နိုင်ခဲ့သည်ဟုလည်း ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ပြောသည်။
ယခု တတိယ အကြိမ်မြောက် NCCT နှင့် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂၅ ရက်မှ ၂၉ ရက် အထိ ၄ ရက် ဆွေးနွေးကြောင်း၊ ဇူလိုင် ၃၀၊ ၃၁ ရက်တွင် NCCT နှင့် အဖွဲ့ဝင် မဟုတ်သည့် တိုင်းရင်းသား အဖွဲ့များ၊ ရှမ်းပြည် ပြန်လည် ထူ ထောင် ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)တို့နှင့် တွေ့ဆုံပြီး အစိုးရနှင့် NCCT တို့ ဆွေးနွေးနေသည့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (ဒုတိယ မူကြမ်း) ပါ တပ်ပိုင်း ဆိုင်ရာ အချက်များကို ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။