ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မတာကျေးရွာအနီး တရုတ်နယ်စပ်တွင် ဇူလိုင် ၂၉ ရက်က အစိုးရ စစ်တပ် မှ တပ်မတော်သား၂ ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသူများကို ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် နမ့်ခမ်းမြို့ဈေးမှ နောင်မတာ ကျေးရွာသို့ အပြန်လမ်းရှိ ကြံခင်း စိုက်ပျိုးထားသည့် နေရာ ၌ တွေ့ရှိရသည်ဟု ဒေသခံများက ဆိုသည်။
ယခု သေဆုံးသူ ၂ ဦးသည် ဒေသ အခြေစိုက် အစိုးရ စစ်တပ် တပ်မ ၈၈ လက်အောက်ခံ တပ်မှ အရာရှိများ ဖြစ်သည်ဟုလည်း ဒေသခံများက ယူဆနေကြသည်။
နောင်မတာ ကျေးရွာ အခြေစိုက် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းက ယင်း သေဆုံးမှုအတွက် ရွာလူကြီး ၅ ဦးကို ခေါ်ယူ စစ် ဆေး ပြီး ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဒေသခံများက ဆက်ပြောသည်။
အခင်း ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး နောင်မတာကျေးရွာ အခြေစိုက် တပ်က ဇူလိုင် ၂၉ ရက် ည ၁၀ နာရီ ဝန်းကျင်တွင် ရွာလူကြီးများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တရားခံ ဖော်မထုတ်နိုင်ပါက ရွာကိုပါ မီးရှို့မည်ဟု ခြိမ်းခြောက်မှု ပြုလုပ်၍ ယနေ့ နံနက် ၆ နာရီတွင် ထပ်မံခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း နမ့်ခမ်း ဒေသခံ တဦး ဖြစ်သည့် စိုင်းအွမ်မှိုင်းက ပြောပြသည်။
“တပ်သားတွေက နောင်မတာကျေးရွာ လမ်းခွဲမှာ အသတ်ခံရတာပါ။ ရွာက လူတွေတောင် မသိဘူး။ အခုတော့ ရွာက လူတွေ ခေါ်ယူ စစ်ဆေးတာ၊ ပြီးတော့ ရိုက်တာ”ဟု စိုင်းအွမ်မှိုင်းက ဧရာဝတီသို့ ပြောသည်။
တရားခံ ပေါ်ပေါက်မှု မရှိပါက ရွာကို မီးရှို့မည်ဆို၍ ဒေသခံများက စိုးရိမ်နေကြကြောင်း နမ့်ခမ်းမြို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဦးစောလှ ကလည်း ဧရာဝတီသို့ ပြောသည်။
“ရွာလူကြီးတွေကို စစ်ဆေးတာ မကျေနပ်လို့ ရိုက်တာ။ သေဆုံးသွားတဲ့ နှစ်ယောက်ကတော့ သေနတ်နဲ့ သုံးချက် ပစ်တာခံရပြီး ဓား နဲ့ပါ ခုတ်ခံထားရပါတယ်။ ဘယ်သူ့လက်ချက်လည်း ဆိုတာတော့ စစ်ဆေးနေတုန်းပါပဲ”ဟု ဦးစောလှက ဆိုသည်။
ရွာလူကြီး ၅ ဦးကို ရိုက်နှက်စစ်ဆေးသည့် ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ တပ်မမှုးများနှင့် ပြည်နယ် ဝန်ကြီးများကို တင်ပြထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
နမ့်ခမ်း ဒေသခံ စိုင်းအောင် ဆိုသူက “စစ်တပ်က အသတ်ခံရတာကို ဒေသခံတွေ ခေါ်ယူစစ်ဆေးတာ မပြောလိုပါဘူး။ ဒါပေမယ့် ဒေသခံတွေကို တရားခံ မပေါ်ရင် ရွာကို မီးရှို့မယ်၊ ဒေသခံတွေကို ရိုက်ပြီး စစ်ဆေးတာတွေ မလုပ်သင့်ဘူး။ နမ့်ခမ်း ဒေသခံ ကောင် လေး တယောက် ဆုံးတုန်းကတောင် ဒီလို ခေါ်ယူစစ်ဆေးမှုမျိုး မလုပ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ထိုကိစ္စအပေါ် နမ့်ခမ်း နိုင်ငံရေး ပါတီများက လွှတ်တော်ကို စာတင်ခြင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို တင်ပြခြင်းဖြင့် ပြီးဆုံးသွား
သည့် ကိစ္စမဖြစ်သင့်ကြောင်း၊ လက်ရှိ နမ့်ခမ်းဒေသခံ ပြည်သူများသည် အပြင်ထွက် ရမည်ကို ကြောက်နေကြပြီး ကလေးငယ်များ အတွက် ပညာရေး ထိခိုက်လာနိုင်ကြောင်း၊ ပြည်သူများ၏ စီးပွားရေးလည်း ထိခိုက်လာနိုင်ကြောင်း စိုင်းအောင်က ဆက်ပြောသည်။
အစိုးရ တပ်မတော်သား နှစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နမ့်ခမ်းမြို့ ရဲစခန်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။
ပြီးခဲ့သည့် မေလ ၂၉ ရက်ကလည်း မူဆယ်မြို့နှင့် နမ့်ခမ်းမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းတွင် ပစ်ခတ်မှု တခုကြောင့် နမ်စမ့်ကျေးရွာ ဒေသခံ နှစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ယင်းဒေသသည် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပန်းဆေး ပြည်သူ့စစ်၊ မြို့မ ပြည်သူ့စစ်နှင့် ဝါလိုင်း ပြည်သူ့စစ်တို့ လှုပ်ရှားနေသည့် ဒေသများ ဖြစ်ကြောင်း သိရသည်။