စစ်မှုထမ်းဟောင်း အဖွဲ့က လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းနှင့် အိမ်မဲမြို့နယ်မှ လယ်သမား ၁၉ ဦး ငါးခိုးမှုဖြင့် စွပ်စွဲ ဖမ်းဆီး ခံထားရကြောင်း သိရသည်။
ထို လယ်သမားများသည် စပါးစိုက်ပျိုးရန် လယ်ထဲသို့ ရေမောင်းသွင်းသည်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်မှုထမ်း ဟောင်း အဖွဲ့ထံမှ လယ်ယာမြေများ အငှားယူ လုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးလှအောင် ဆိုသူက ငါးခိုးသည်ဟု စွပ်စွဲ တိုင်ကြားရာ ရဲ တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ လတ်တလော၌ ပန်းတနော်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း လယ် သမားများအား လိုက်ပါ ကူညီပေးနေသည့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေး အဖွဲ့ဝင် ကိုဇော်ဇော်က ဧရာဝတီ သို့ ပြောသည်။
“လယ်သမားတွေက ပြီးခဲ့တဲ့ နွေစပါးစိုက်တုန်းက စပါးစိုက်ဖို့ ချောင်းထဲက ရေကို စက်နဲ့ မောင်းတင်တာ။ အဲဒါကို ငါးခိုးတယ် ဆိုပြီး စခန်းမှာ အမှုဖွင့်တာ။ လယ်သမားတွေလည်း မသိဘူး။ ဒီကိစ္စကို ထွေအုပ်၊ မြေစာရင်းနဲ့ တရားရေး ဌာနတွေနဲ့ ညှိနှိုင်း ပေးမယ် ဆိုပြီး လိမ်ခေါ်ပြီးတော့ မြို့ရောက်တော့ အကုန် လက်ထိပ်ခတ်ပြီး ဖမ်းလိုက်တာ။ တနေ့က ပထမဆုံး အကြိမ် ရုံးထုတ် တာ”ဟု ၎င်းက ပြောပြသည်။
ဇူလိုင် ၂၄ ရက်က ကျောင်းကုန်းမြို့နယ် ကုန်းရှမ်းကျေးရွာနှင့် အိမ်မဲမြို့နယ် ဆင်တိုးကျေးရွာမှ လယ်သမား ဦးဆိုင်ကင်းနှင့် ၁၈ ဦး ကို ငါးခိုးမှုဖြင့် ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ပန်းတနော်မြို့နယ် မြို့မရဲစခန်း၌ ချုပ်နှောင်ထားသည်ဟုလည်း ဆိုသည်။
လယ်သမားများအား ပုဒ်မ ၄၄၇(ပိုင်နက် ကျူးလွန်မှု)၊ ၃၇၉(ခိုးမှု)၊ ၁၄၃ (လူအုပ်စုဖြင့် ပိုင်နက် ကျူးလွန်မှု) ပုဒ်မများဖြင့် အမှု ဖွင့် တရားစွဲဆိုထားပြီး လာမည့် သြဂုတ်လ ၅ ရက်တွင် ပန်းတနော်မြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်မည် ဖြစ်ကြောင်း သိရသည်။
လယ်သမားများ၏ ရှေ့နေ ဦးအေးသိန်းက “လယ်သမားတွေကို တပ်ထားတဲ့ ပုဒ်မတွေထဲမှာ ၄၄၇ ဆိုတဲ့ ပိုင်နက် ကျူးလွန်မှုနဲ့ ပုဒ်မ ၃၇၉ နဲ့ တွဲထားတာက သဘာဝမကျဘူး ဖြစ်နေတယ်။ ခိုးတယ်ဆိုတာက အိမ်ထဲကို ဝင်ခိုးချင်လည်း ခိုးမှာပဲလေ။ အဲဒါကို ပိုင်နက် ကျူးလွန်မှုနဲ့ ထပ်တွဲထားတာက မဖြစ်သင့်ဘူး။ ဥပဒေကြောင်းအရ လယ်သမားတွေအတွက် ဆောင်ရွက် ပေးသွားမှာပါ”ဟု ဧရာဝတီကို ပြောသည်။
ဖမ်းဆီးခံနေရသည့် လယ်သမားများမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်မှုထမ်းဟောင်း အဖွဲ့၏ လယ်ယာမြေ သိမ်း ဆည်း ခြင်း ခံခဲ့ရသူများ ဖြစ်သည်ဟုလည်း ဆိုသည်။
ပန်းတနော်မြို့နယ် မိုးကုတ် ဒီးဒုတ်ကွင်း၊ ကွင်းအမှတ် ၅၉၇ (ခ) ရှိ လယ်ယာမြေဧက ၂၀၀ ခန့်ကို စစ်မှုထမ်းဟောင်း အဖွဲ့က ၂၀၀၀ ပြည့်နှစ်တွင် သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း၊ မြေသိမ်းခံခဲ့ရပြီးနောက် စစ်မှုထမ်းဟောင်း အဖွဲ့က မည်သည့်စိုက်ပျိုးမှုမှ မလုပ်ဘဲ လယ်သမားများကို ၁ ဧက ၁၀ တင်းနှုန်းဖြင့် သီးစားပြန်လည်ချထားပေးခဲ့ရာ လယ်သမားများ က သီးစားရယူ လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ၂၀၁၂ ခုက စတင်ပြီး သီးစားခ မပေးဘဲ လယ်သမားများက လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့ တရားစွဲဆို ခံရမှုများ ကြုံတွေ့ရခြင်း ဖြစ်သည်ဟု လယ်သမားများက ပြောသည်။
အိမ်မဲမြို့နယ် ဆင်တိုးကျေးရွာမှ လယ်သမား တဦးဖြစ်သည့် ဒေါ်နွဲ့က“လယ်တွေကို စစ်မှုထမ်းဟောင်းက သိမ်းသွားပြီးတော့ လယ်သမားတွေ ဆီကို ၁ ဧက ၁၀ တင်း သီးစား ပြန်ချတယ်။ လယ်သမားက ကိုယ့်လယ်ကိုပဲ သီးစားခပေး ပြန်လုပ်ရတယ်။ ၂၀၁၂ ခုနှစ် က စပြီးတော့ နိုင်ငံတော်က လယ်တွေ ပြန်ပေးတဲ့ အချိန်မှာ ကျမတို့က စစ်မှုထမ်းဟောင်းကို သီးစားခတွေ မပေးတော့ဘူး။ အဲဒီနောက်ပိုင်း စစ်မှုထမ်းဟောင်းဆီက အငှားယူပြီး လုပ်နေတယ် ဆိုတဲ့ ဦးလှအောင်က တရားစွဲတာ။ ၂၀၁၃ တုန်းက ပထမ တကြိမ် တရားစွဲပြီးပြီ။ ဒါက ဒုတိယအကြိမ် တရားစွဲတာ”ဟု ပြောဆိုသည်။
၂၀၁၁ ခုနှစ်က သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီး နောက်ပိုင်း ပန်းတနော်မြို့နယ်တွင် အင်းသားကြီးများနှင့် ငါးကန် လုပ်ငန်းရှင်များ၏ စွပ်စွဲဖမ်းဆီးမှုကြောင့် ရေလုပ်သားနှင့် လယ်သမား ၁၀၀ ကျော် ဖမ်းဆီး ထောင်ချ ခံခဲ့ရကြောင်း ပန်းတနော် မြို့နယ်ရှိ တောင်သူလယ်သမားနှင့် ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂ အဖွဲ့၏ စာရင်းများအရ သိရသည်။