အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF) က အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်မှာ ဆန္ဒမဲအချိုးကျ ကိုယ်စား ပြုစနစ် (PR) ရွေးကောက်ပွဲတွေမှာ ကျင့်သုံးရေးအဆို တင်ပြအောင်မြင်ခဲ့ပြီးတဲ့နောက် ပြည်သူ့လွှတ်တော်မှာပါ PR စနစ် ကျင့်သုံးရေး NDF ပါတီက တင်ပြလာတာမို့ PR စနစ်ထောက်ခံသူတွေ အမတ်တွေနဲ့ ကန့်ကွက်သူ တွေ အမတ်တွေကြားမှာ အချေအတင် အငြင်းပွားမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှား မှုတွေကြောင့် နိုင်ငံရေး အကျပ်အတည်းဖြစ်နေတဲ့ မြန်မာ့နိုင်ငံ ရေးမှာ PR စနစ်တွေကြောင့် ပိုမို ရှုပ်ထွေးမယ့် နိုင်ငံရေး အခြေအနေတွေကို ဦးတည် လာပါတယ်။ NDF ပါတီ က အမျိုးသားလွှတ်တော် မှာ PR စနစ် တင်သွင်းလိုက်တဲ့အခါ လွှတ်တော် အမတ်တွေကြားမှာ ချက်ချင်း ဆိုသလို PR ထောက်ခံသူနဲ့ ကန့်ကွက်သူဆိုပြီး နိုင်ငံရေးအုပ်စု ၂ ခုကြီး ကွဲသွားပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားလွှတ်တော်အမတ် PR စနစ်ကို အပြင်းအထန် ကန့်ကွက်ကြပြီး ပြည်သူ့လွှတ်တော်မှာ PR စနစ် တင်သွင်းဆွေးနွေးလာချိန်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင် အမျိုးသားပါတီ၊ ဖလုံစ ဝေါ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တို့လို တိုင်းရင်းသားပါတီတွေက လွှတ်တော်အမတ် ၃၈ ဦးက လွှတ်တော်မတက်ဘဲ ခွင့်ယူသပိတ်မှောက် လိုက်ကြပါတယ်။
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ကချင်ပြည်နယ်မှ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီတို့က PR စနစ်ကိုထောက်ခံကြပြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေကတော့ PR စနစ် ကျင့်သုံးတဲ့ နေရာမှာ ပြည်သူအားလုံးရဲ့ ထောက်ခံမှုလိုတယ်လို့ ပြောဆိုပြီး အဆိုကို ကန့်ကွက်ခြင်း မရှိဘဲ ထောက်ခံကြပါတယ်။
NLD မပါဝင်တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ရေးအနေနဲ့ ၂၀၁၅ ရွေးကောက် ပွဲမှာ အရှုံးနဲ့ကြုံတွေ့မှာကို မလို လားတာမို့ PR စနစ်ကို ကျင့်သုံးနိုင်မယ်ဆိုရင် NLD အပြတ်အသတ် အနိုင်ရ မှာကို တားဆီးနိုင်မယ်လို့ ကြိုတင်တွက်ချက်ထားပုံပေါ်ပါတယ်။ ဒါကြောင့် PR စနစ် မဖြစ်ဖြစ်အောင် အသက် သွင်းမယ့် ဦးဆောင်ပါတီအဖြစ် ကြံ့ခိုင်ရေးပါတီက ရပ်တည် သွားမယ့်သဘောထား ပြောင်းလဲမယ့်ပုံမပေါ် ပါဘူး။
PR စနစ် တင်သွင်းသူတွေနဲ့ ထောက်ခံသူတွေ က တဖက် ၊ ကန့်ကွက်သူတွေက တဖက် အချေအတင် အငြင်းပွားနေရာကနေ နိုင်ငံရေး အုပ်စု ၂ ခု ကွဲထွက်နေတာမို့ ပြေလည်အောင် မဖြေရှင်းနိုင်ရင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျပ်အတည်းကြီးတခုကိုသေချာပေါက် ဦးတည်နေပါတယ်။
အမျိုးသားလွှတ်တော်မှာတော့ အခုဆိုရင် PR စနစ် ကျင့်သုံးနိုင်ရေးအတွက် PR ကော်မရှင်တရပ် ဖွဲ့စည်း ပြီးတော့ ဆက်လက်ဆောင်ရွက်နေပါပြီ။ PR စနစ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့ အဓိကရည်ရွယ် ချက်ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိမှာကို မလိုလားတာကြောင့်ဖြစ်ပြီး ဒီစနစ် ကို မြန်မာ့နိုင်ငံရေး လောကထဲကို ဆွဲသွင်းလာတဲ့ သူကတော့ NLD ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကွယ်လွန်သူ ဒေါက်တာ သန်းငြိမ်းပဲ ဖြစ်ပါတယ်။ ဒေါက်တာ သန်းငြိမ်းက ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ကခွဲထွက်ခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး NLD အသိုင်းအဝိုင်းရဲ့ အမေ့ခံ နိုင်ငံရေး သမား တဦးဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒါကြောင့် PR စနစ်မှာ NLD အနိုင်မရရေးဆိုတဲ့ ရည်ရွယ်ချက်ရှိနေ တာကတော့ လုံးဝ ငြင်းလို့မရတဲ့ အချက်ဖြစ်ပါတယ်။
ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ လွှတ်တော်အမတ် ဦးဘရှိန်က PR စနစ် ကျင့်သုံးမယ်ဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြိုကွဲမယ်လို့ သတိပေးပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဌေးနိုင်က PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် ပြည်သူတွေ ဒီစနစ်အကြောင်း သေသေချာချာ သိရှိအောင်ပြုလုပ်ပြီး ပြည်သူ့ဆန္ဒခံယူပြီးမှ လုပ်သင့် ကြောင်း၊ တိုင်းရင်းသား ပြည်သူများ အားလုံး လက်ခံမှသာ လုပ်ဆောင်သင့်တယ်လို့ ဇူလိုင်လ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်း အဝေးမှာ တင်ပြပြောဆိုပါတယ်။
PR စနစ်ဆိုတာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲ ရေးနဲ့ တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ အကျိုး စီးပွားကို ဖော်ဆောင်နိုင်ခြင်း မရှိဘဲ ပါတီတချို့ အတွက်သာ အကျိုးရှိနိုင်တဲ့အတွက် PR စနစ်ကို အခုလောလောဆယ် ရွေးကောက်ပွဲမှာ ပြောင်းလဲ ကျင့်သုံးဖို့ မသင့်သေးကြောင်း၊ PR စနစ်မှာ လွန်စွာ ရှုပ်ထွေးနေသည့်အပြင် ရွေးကောက်ပွဲမှာ နေရာ အားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတဲ့ အား နည်းတဲ့ တိုင်းရင်းသား ပါတီတွေ အတွက် မမျှတ ကြောင်း ၊ မဲအချိုးကျ ခွဲဝေယူရမည့်စနစ်မှာ တန်းစီ စနစ်ဖြစ်သောကြောင့် တိုင်းရင်းသား တွေအနေနဲ့ နောက်ဆုံးမှာ တန်းစီရမှာဖြစ်တယ်လို့ တိုင်းရင်းသား တွေက ထောက်ပြကြပါတယ်။
ဒီမိုကရေစီ မရင့်ကျက်သေးတဲ့ ၂၀၁၄ ခုနှစ်မှာ PR စနစ်ကို အသည်းအသန်ကြိုးပမ်းနေရတဲ့ အကြောင်းအရင်း က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရှုံးမယ်လို့ထင်တဲ့ပါတီတွေက မရှုံးဖို့ပါပဲလို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
“အခု နိုင်ငံရေး အခြေအနေကို ကြည့်ပြီး ထလုပ်တာ။ ပြည်ခိုင်ဖြိုး ပါတီက ၂၀၁၅ မှာတော့ ငါတို့ပါတီက အခြေအနေ မကောင်းနိုင်ဘူး။ ၉၀ ခုနှစ်က တစည ရင်ဆိုင်ခဲ့ရတဲ့ ကံကြမ္မာမျိုး ငါတို့ ရင်ဆိုင်ရနိုင်တယ်ဆိုပြီး သုံးသပ်လာတယ်။ ဒီအခြေ အနေကို သဘောပေါက်လာတဲ့အခါမှာ ဒီ PR လုပ်မှဖြစ်မှာဆိုပြီး ထလုပ်တာပဲ။ ဒီလိုမှမလုပ်ရင် သူတို့အခွင့်အရေးမရတော့မှာဆိုပြီး လုပ်တာ။ ဒီနေ့ လွှတ်တော်မှာ PR ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာ ဆိုတော့ ကျနော်တို့က ဒါကိုဆန္ဒပြတဲ့အနေနဲ့ မသွား တာပါ။ PR ကိစ္စ ဆွေးနွေးတဲ့နေ့တိုင်း မတက်ဖို့ ဆုံးဖြတ်ထားကြတယ်” လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက သီပေါမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးရဲထွန်းက ရှင်းပြတယ်။
PR စနစ် ကျင့်သုံးမယ်ဆိုတဲ့ အဆိုကြောင့် လွှတ်တော်နဲ့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ ရိုက်ခတ်မှု ကြီးကြီးမား မားရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲကို သပိတ် မှောက်မယ့် နိုင်ငံရေးပါတီတွေထွက်ပေါ်ပြီး နောက် တကြိမ် အာဏာရှင်စနစ် ပေါ်ထွန်းလာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိနေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပုသိမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က “ဒီ PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် လူမျိုးစွဲ၊ ဝါဒစွဲ၊ အစွန်း ရောက်ပါတီတွေက အချိုးကျစနစ်နဲ့ မဲရလာနိုင်တယ်။ အဲဒီလို ဖြစ်လာရင် တိုင်းပြည်ရဲ့ ကံကြမ္မာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်သွားလိမ့်မယ်။ ဂျာမနီနိုင်ငံမှာ PR စနစ် ကျင့်သုံးခဲ့လို့ နာဇီတွေ နေရာရလာပြီး အာဏာရှင် ဟစ်တလာ တက်လာ တာကို ကျနော် ဥပမာပေး ထောက်ပြခဲ့တယ်။ ဂျာမန် ဒီမိုကရေစီ ပျက်စီးရခြင်းဟာ PR စနစ်ကြောင့်လို့ ပြောစမှတ်တွင်သွားတယ်။ အခုဒီက ဒီမိုကရေစီ စနစ်က အပင်ပေါက်လေးပဲရှိသေးတယ်။ သင်းသတ်တဲ့ ပုံစံမျိုးတော့ အဖြစ်မခံနိုင်ဘူး” လို့ ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။
PR စနစ်ကျင့်သုံးမယ်ဆိုတဲ့အဆို အောင်မြင် သွားခဲ့ရင်တော့ မြန်မာ့နိုင်ငံရေးအတွက် ရလဒ် မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပြီး အုပ်စုကွဲ နိုင်ငံရေးစနစ်ကြားမှာ ဒီမိုကရေစီ အညွန့်ကျိုးမယ့် အခြေအနေ ဆိုက်ရောက်နိုင်ပါတယ်။
PR စနစ်ရဲ့ အကျိုးဆက် တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ အစိုးရစစ်တပ်ကြား ငြိမ်းချမ်းရေး သဘောတူ ညီချက် အပေါ်လည်း ဆိုးကျိုးသက်ရောက်နိုင်တာမို့ အာဏာရကြံ့ခိုင်ရေးပါတီနဲ့ လွှတ်တော်က PR စနစ် ကျင့်သုံးဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ၂၀၁၅ ရွေး ကောက်ပွဲ ပိုမိုရှုပ်ထွေးစေမှာဖြစ်ပြီး ဒီမိုကရေစီ ရှင်သန်ရေးကို အားနည်းသွားစေမှာ အသေအချာ ဖြစ်ပါတယ်။