ထိုင်းနိုင်ငံ အမျိုးသားဘာသာနေ့ အထိမ်းအမှတ် ထိုင်းတနိုင်ငံလုံး မူလတန်းအဆင့် ထိုင်းစာ လက်ရေးလှပြိုင်ပွဲမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းကျောင်းသားလေး မောင်ရာဇာ က ပထမဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ခရိုင်ကိုယ်စားပြု ကျောင်းသူ၊ ကျောင်းသား ၁၈၀ နီးပါးပါဝင် ယှဉ်ပြိုင်ကြတဲ့ ဒီပြိုင်ပွဲကို ဇူလိုင်လ ၂၉ ရက်နေ့က ဘန်ကောက်မြို့မှာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မောင်ရာဇာ အနေနဲ့ ကျောင်းတွင်းပြိုင်ပွဲ၊ မြို့နယ်၊ ခရိုင် အဆင့်တွေ အပါအဝင် နောက်ဆုံး အဆင့်ထိ ပြိုင်ဘက်တွေကို အဆင့်ဆင့် ကျော်ဖြတ်ပြီး ပထမဆုကို ဆွတ်းခူး ရရှိခဲ့တာဖြစ်ပါတယ်။
အသက် ၁၂ နှစ်အရွယ် မောင်ရာဇာဟာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့၊ ဖုတ်ဖရာ့မြို့နယ် အလွန်းမေဌာ အလယ်တန်းလွန် ထိုင်းအစိုးရ စာသင်ကျောင်းမှာ ၃ တန်း တက်ရောက်နေသူဖြစ်ပြီး ကျောင်းတွင်းမှာလည်း ဘက်စုံထူးချွန်သူ တဦးဖြစ်တယ်လို့ သိရပါတယ်။
ဒီဆုဟာ ထိုင်းနိုင်ငံရောက် မြန်မာကလေးငယ်တွေထဲမှာ ပထမဆုံးဆွတ်ခူးနိုင်ခဲ့တာဖြစ်သလို သူ ကိုယ်စားပြုတက်ရောက်ခဲ့တဲ့ ကျောင်းနဲ့ ကျောင်းဆရာ၊ ဆရာမတွေ ဂုဏ်တက်ခဲ့ရသလို မိဘတွေနဲ့ မြန်မာနိုင်ငံသားတွေအတွက်လည်း ဂုဏ်ယူစရာ ဖြစ်ခဲ့ ရတယ်လို့ မောင်ရာဇာရဲ့ ဖခင် ဦးညီ က ပြောပါတယ်။
မောင်ရာဇာမှာ ညီနှစ်ယောက်ရှိပြီး မိဘ နှစ်ပါးကတော့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ နေ့စားလုပ်ကိုင်နေကြသူတွေဖြစ်ကြပါတယ်။ တာခ့် ခရိုင် ဖုတ်ဖရာ့မြို့နယ်ထဲက တောင်ယာခင်းလေးမှာ တနှစ် ဘတ် ၁၅၀၀ (မြန်မာကျပ် ၅ သောင်းခန့်) ပေးပြီး နှစ်ပြတ် ငှားယူကာ ဓနိမိုး ဝါးထရံကာ ယိုင်နဲ့နဲ့ တဲအိမ်လေးဆောက်ပြီး နေကြတာဖြစ်ပါတယ်။
လာမယ့်နှစ်မှာတော့ သူတို့မိသားစု နေထိုင်တဲ့ တဲအိမ်လေးဟာ ဆက်လက်ငှားရမ်းပါဦးမလားဆိုတာ မသေချာသလို မိသားစု စားဝတ်နေရေး ကြပ်တည်းတာကြောင့် မောင်ရာဇာကို ကျောင်းပြီးအောင် ဆက်ထားနိုင်ဖို့ အစီအစဉ်မရှိဘူးလို့ ဖခင်ဖြစ်တဲ့ ဦးညီက ပြောပါတယ်။
“ကိုယ်က နေရတာ သူများခြံထဲမှာ ငှားနေရတာလေ။ အဲဒါကြောင့် လာမယ့်နှစ်က သူ့သခင် (ပိုင်ရှင်) က ဆက်ငှားမလား၊ မငှားဘူးလား၊ မသိသေးဘူးလေ။ တကယ်လို့ မငှားဘူးဆိုရင် နေရာအသစ်ရှာရမှာပေါ့။ နေရာအသစ် ပြောင်းရမယ်၊ ငှားရမယ် ဆိုရင် ငွေရေးကြေးရေးအရ အခက်အခဲဖြစ်မယ်။ အဲဒီတော့ ဒီကလေးပညာရေးကို တွေးမိတဲ့ အခါကြတော့ ရေရှည်ကို သင်နိုင်မလား မသင်နိုင်ဘူးလားဆိုတာ ပုံသေပြောလို့မရဘူး” လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။
မောင်ရာဇာတို့ မိသားစုမှာ မိဘနှစ်ပါးကလွဲရင် ညီအကို သုံးယောက်လုံးဟာ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် အထောက် အထားတွေ မရှိကြပါဘူး။ မောင်ရာဇာကတော့ သူ တက်ရောက်နေတဲ့ကျောင်းကထုတ်ပေးထားတဲ့ ကျောင်းသားကတ်နဲ့ သွားလာနေထိုင် နေရတာဖြစ်ပါတယ်။
အင်ဂျင်နီယာကြီး ဖြစ်ချင်ကြောင်း ပြောတဲ့ မောင်ရာဇာဟာ စကားနည်းပြီး အေးအေးဆေးဆေးနေတတ်သူ၊ စာကျိုးစားပြီး ကျောင်းတက်ချင်သူဖြစ်ကြောင်း၊ ဒါပေမယ့်လည်း မိသားစု စားဝတ်နေရေး မပြေလည်မှုက သူ့ရဲ့ စိတ်ကူးယဉ်အိမ်မက်တွေကို အကောင်အထည်ပျက်သွားမှာကိုလည်း မိဘတွေက စိုးရိမ်နေပုံရပါတယ်။
“မနေ့က သူကျောင်းက ပြန်လာတော့ ပြောပြတယ်။ ဆရာမက မေးတယ်တဲ့၊ မင်းကြီးလာရင် ပုလိပ် (ရဲ) လုပ်မလားဆိုပြီး မေးတော့ သူက အင်ဂျင်နီယာပဲ လုပ်ချင်တယ်လို့ ပြောလိုက်တယ်တဲ့” လို့ ဦးညီ က ပြန်ပြောပြပါတယ်။
မောင်ရာဇာဟာ သူ့မိဘတွေ အလုပ်လုပ်ကိုင်ရောဒေသ ဖုတ်ဖရာ့မြို့နယ် ဟွေးနုကလယ် ကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ ပရဟိတ ဗုဒ္ဓဘာသာ အခမဲ့ ဘုန်းတော်ကြီးကျောင်းမှာ မြန်မာစာ ၂၀၀၆ ခုနှစ်ကစပြီး မြန်မာစာ ၅ တန်းထိ တက်ဖူးကြောင်း မြန်မာစာ ရေးသားရာမှာလည်း သေသပ်လှပသလို ပညာအရည်အချင်းနဲ့ စာရိတ္တပိုင်းဆိုင်ရာမှာလည်း ကောင်းမွန်သူဖြစ်တယ်လို့ သူ့ရဲ့ လက်ဦးဆရာ ဆရာတော် ဦးကောသံလ က မိန့်ကြားပါတယ်။
“ဦးဇင်းတို့ ကျောင်းက ၅ တန်းအထိပဲရှိတာဆိုတော့ ဒီမှာ ရာဇာက ၅ တန်းထိပဲကျောင်းတက်သွားတာပေါ့။ ထိုင်းစာတင် မဟုတ်ဘူး မြန်မာစာမှာလည်း လက်ရေးလှတယ်။ စာတော်တယ်၊ အကျင့်စာရိတ္တကောင်းတယ်။ သူ ၅ တန်းအောင်တော့ ထိုင်းကျောင်းဆက်တက်တာပေါ့” လို့ ဦးကောသံလက မိန့်ကြားပါတယ်။
ဆရာတော်ဦးကောသံလရဲ့ ပရဟိတ အခမဲ့ပညာရေးကျောင်းကတော့ မောင်ရာဇာတို့လို ရွှေ့ပြောင်းမြန်မာ ကလေးငယ်တွေကို စာသင်ပေးနေတဲ့ကျောင်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ကျောင်းသား ၁၆၀ ကျော်ကို စာသင်ကြားပေးနေတဲ့ ကျောင်းလေး ဖြစ်ပါတယ်။
“ဒီကျောင်းမှာတက်တဲ့ ကလေးတွေကတော့ ဆင်းရဲသား ရွှေ့ပြောင်း အလုပ်သမားတွေက သားသမီးတွေပေါ့လေ။ ဆင်းရဲလို့လည်း ဒီနိုင်ငံမှာ လာလုပ်နေကြတာပေါ့။ တချို့ ကျောင်းဆက်တက်နိုင်ကြတဲ့ ကလေးတွေရှိကြပေမယ့် အများစုကတော့ စားဝတ်နေရေး အဆင်မပြေကြတော့ ဆက်မတက်နိုင်ကြဘူး။ တချို့ တော်တော်များများဆိုရင် ၅ တန်းထိအောင်ကို မရောက်ပဲ ထွက်သွားကြရရှာတယ်” လို့ ဆရာတော်က ဆက်မိန့်ပါတယ်။
မောင်ရာဇာကတော့ ဒီပရဟိတကျောင်းလေးက ၅ တန်းအောင်ပြီးတာနဲ့ သူက ထိုင်းကျောင်းမှာ ဆက်ပြီး ပညာသင်ကြားခွင့် ရတာပါ။ ဒါမေယ့်လည်း လက်ရှိ အခြေအနေမှာ မိသားစု အလုပ်အကိုင် အဆင်မပြေမှုတွေရှိနေတာကြောင့် သူ့ရဲ့ ကျောင်းဆက်တက် နိုင်ရေးကို ထိခိုက်မယ့် အနေအထားပါ။
“တကယ်ဆိုရင် ကျနော်တို့က ဒီနှစ်ကျောင်းဖွင့်ချိန်ကတည်းက သူ့ကို ကျောင်းထုတ်တာ သူက အတင်းတက်ချင်နေတာနဲ့ ခွင့်ပြုလိုက်ရတာ။ အဲတုန်းက သူကျောင်းဆက်မတက်ဖြစ်ရင် ဒီဆုလည်း သူရမှာမဟုတ်ဘူး။ သူကိုယ်တိုင်က ကျောင်း အရမ်းတက်ချင်နေတာ” လို့ ဖခင်ဖြစ်သူက ရှင်းပြပါတယ်။