အော်ရီဒူး (Ooredoo) ဖုန်းကတ်များကို ရန်ကုန်မြို့၌ သတ်မှတ်ရက်ထက်စော၍ ဇူလိုင် ၃၁ ရက်က စတင် ရောင်းချနေပြီ ဖြစ် သော်လည်း ဈေးကွက်အတွင်း လိုအပ်သလောက် ဝယ်ယူ၍ မရသေးဘဲ ဈေးနှုန်းပိုပေးပြီးမှ ဝယ်ယူရမှုများ ရှိနေသည်။
အော်ရီဒူး ကုမ္ပဏီက ရောင်းချသည့် ဖုန်းကတ်များကို ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး မြို့ကြီး ၃ မြို့တွင် သြဂုတ်လ ၂ ရက် မှ စတင် ရောင်းချသွားရန် စီစဉ်ကြေညာထားသော်လည်း ဈေးကွက်အတွင်း ဖုန်းကတ်များ ကြိုတင်ရောင်းဝယ်မှုများ ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်သည်။
အော်ရီဒူးဖုန်းကတ် ကြိုတင်ရောင်းချမှုနှင့် ပတ်သက်ပြီး မန္တလေး ဒေသခံ တဦးဖြစ်သူ ဦးထွန်းကြည်က “ဇူလိုင် ၃၀ ရက်နေ့ ကတည်းက ဆိုင်တွေမှာ စရောင်းနေပြီ၊ ပထမတော့ မူရင်းဈေး အတိုင် ၁၅၀၀ ပေးဝယ်ရတယ်၊ ဝယ်ပြီးတဲ့သူတွေက 3G ပါပြီး သားဖြစ်လို့ အင်တာနက်လည်း သုံးလို့ရတယ်၊ လိုင်းကလည်း တအားမြန်တယ်လို့ သတင်းစကားတွေ ဆိုကြတော့ ဖုန်း ကတ် ၁ ကတ်ကို ၁ သောင်းအထိ ဈေးတက်သွားရော၊ ညနေပိုင်းလည်းရောက်ရော ဝယ်လို့ကို မရတော့တာ”ဟု ပြောသည်။
ယင်းသု့ိသော အခြေအနေတွင် လူမှုကွန်ရက် ဖေ့စ်ဘုတ်(Facebook) ရှိ အရောင်းအဝယ် စာမျက်နှာ များတွင် အော်ရီဒူး ဖုန်းကတ် ဂဏန်း အပူး အလှများကို ကျပ် ၃ သောင်းမှ ၄ သောင်းအထိ ကြေညာရောင်းချ လာသည်ကို တွေ့လာရကြောင်း ဖေ့စ်ဘုတ် သုံးစွဲကြသူများက ပြောဆို နေကြသည်။
အော်ရီဒူး ဖုန်းကတ်များကို ရန်ကုန်မြို့တွင် မိုဘိုင်းဖုန်း အရောင်းဆိုင်များက ဇူလိုင် ၃၁ ရက်က စတင်ရောင်းချလာပြီး မှတ်ပုံ တင် မိတ္တူ တစောင်ဖြင့် ဝယ်ယူလျှင် ဖုန်းကတ် ၂ ကတ်နှင့်အတူ ငွေဖြည့်ကတ် ၅ ထောင်ကတ် တကတ် ဝယ်ယူမှသာ ဝယ် ယူရရှိနိုင်ပြီး၊ တချိူ့ဖုန်း အရောင်းဆိုင်များတွင် ဖုန်းကတ်ချည်း တကတ်လျှင် ၅ ထောင်ကျပ်မှ ၆ ထောင်ကျပ် အထိပေးဝယ် နေရသည်ဟု ဝယ်ယူသူများက ပြောဆိုကြသည်။
“လမ်း ၃၀ ဘက်က ဖုန်းဆိုင်တွေ ရောင်းလို့ ၂ ကတ် ဝယ်လာတာ၊ ရုံးကလူတွေကို ပြောပြတော့ သူတို့သွားဝယ်တဲ့ အချိန်မှာ ဝယ်လို့ မရတော့ဘူး”ဟု ဇူလိုင် ၃၁ ရက်က ဖုန်းကတ်ရောင်းချမှု အခြေအနေကို အရောင်းမြှင့်တင်ရေး ဝန်ထမ်း တဦးဖြစ်သူ မချိူချိူက ပြောသည်။
အော်ရီဒူး ဖုန်းကတ်များကို ရန်ကုန်၌ ယနေ့တွင် ရောင်းချသည့် အခြေအနေနှင့် ပတ်သက်ပြီး ဗိုလ်ဆွန်ပက်လမ်းနှင့် ဗန္ဓုလ လမ်း ထောင့်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် အော်ရီဒူး ဖုန်းကတ် ဝယ်ရန် စောင့်ဆိုင်းခဲ့သူ ကိုနိုင်ဇော် ကလည်း“လူတွေက ကြိတ်ကြိတ် တိုးနေတော့တာပဲ။ ဝယ်လို့ မရဘူးဗျ၊ အချို့ဆိုရင် ဖုန်းဆိုင်နားမှာပဲ လေးထောင်၊ ငါးထောင်နဲ့ ရောင်းနေတာ ပြင်ပ အရောင်းအဝယ် ပုံစံမျိုး ဖြစ်နေတယ်။ ကျနော်တောင် စောင့်နေတာ ကြာပြီ၊ ဆိုင်က နေ့လယ် ၂ နာရီ ပြန်လာခဲ့လို့ ပြောလို့ သွားဝယ်ပြန်တော့ ဖုန်းကတ် ကုန်သွားပြီ၊ မရဘူးတော့ဘူး ပြောလွှတ်တယ်”ဟု ပြောပြသည်။
အော်ရီဒူး ဖုန်းကတ်များကို ဖုန်းဆိုင်များမှ ရောင်းချနေသည့် ပုံစံမှာ ကွဲပြားမှု ရှိနေပြီး တချို့ဆိုင်များတွင် မှတ်ပုံတင် မိတ္တုပါလျှင် ဝယ်လို့ရရှိပြီး တချို့ဆိုင်များတွင် ဓာတ်ပုံတပုံပါ တောင်းယူကြောင်း ရန်ကုန်မြို့ ယုဇနပလာဇာ အနီးရှိ ဖုန်းဆိုင်တွင် သွားရောက် ဝယ်ယူခဲ့သူ တဦးက ပြောသည်။
အော်ရီဒူး ကုမ္ပဏီက ဖုန်းအရောင်းဆိုင်များ၏ အဆင့်သတ်မှတ်ချက်အရ အော်ရီဒူး ဖုန်းကတ်ရေ ၈၀၀ မှ ၁၂၀၀ အထိ ထုတ်ပေး ထားပြီး ရောင်းချ၍ ကုန်သွားပါက ထပ်မံမှာယူရောင်းချနိုင်သည်ဟု ပြောဆိုထားကြောင်း လူကြီးမင်း မိုဘိုင်းဖုန်း အရောင်း ဆိုင် မန်နေဂျာ တဦးက ဧရာဝတီ ကို ပြောသည်။
အော်ရီဒူး ဖုန်းကတ် လက်ရှိစမ်းသပ်ကာလ အသုံးပြုမှုတွင် အင်တာနက် အသုံးပြုမှုကို တနေ့လျှင်၂၀ မဂ္ဂါဘိုက်အထိ အသုံးပြုခွင့်ရပြီး ယင်းသတ်မှတ် ပမာဏပြည့်ပါက တနေ့စာအတွက် အင်တာနက် အသုံးပြုခွင့် ကုန်ဆုံးသွားပါသည်ဟု မက်ဆေ့ချ် ပြန်လည်ပို့သည်ဟု သုံးစွဲသူများက ပြောသည်။
အော်ရီဒူး ဖုန်းကတ်များသည် ဖုန်းဟန်းဆက် အမျိုးမျိုးဖြင့် ထည့်သွင်း အသုံးပြုမှု အဆင်မပြေကြောင်း၊ အထူးသဖြင့် Huawai ဖုန်း ဟန်းဆက်များတွင် အော်ရီဒူး ဖုန်းကတ် ထည့်သွင်း အသုံးပြု၍ မရကြောင်း သုံးစွဲနေသူများက ဆိုသည်။
ထို့အပြင် ဖုန်းခေါ်ဆိုမှုတွင် ခေါ်ဆို၍ မရသည့် အချိန်များ ရှိနေကြောင်းကို ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ ဦးနိုင် စန်းက“စမ်းသပ်ကာလမို့လား မသိဘူး၊ ဖုန်းက မနေ့က ခေါ်လို့ ရတယ်၊ ဒီနေ့ကြ ခေါ်လို့ မရပြန်ဘူး”ဟု ပြောသည်။
သုံးစွဲနေဆဲ ကာလတွင် ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက် သုံးစွဲခွင့် မရရှိတော့ဟု အော်ရီဒူးမှ မက်ဆေ့ချ် ပို့ကြောင်း၊ အော်ရီဒူး ဖုန်း လိုင်းများ အားလုံးကို သြဂုတ် ၂ရက်မှသာ ဖွင့်ပေးမည်ဟု ကုမ္ပဏီက ပြောဆိုထားကြောင်း ဖုန်းအရောင်းဆိုင်များက ပြောဆိုကြ သည်။