အပစ်အခတ် ရပ်စဲရေး အတွက် တပ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် က အဆိုပြုထားသည့် လက်နက် ဖြုတ်သိမ်းရေးကို ပယ်ဖျက် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ထို လက်နက်ဖြုတ်သိမ်းရေး အပါအဝင် စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုရေးနှင့် အရပ်သားအဖြစ် ပြန်လည်ပေါင်းစည်းရေး (DDR)ကို ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်ကြောင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) အဖွဲ့ဝင် ခွန် ဥက္ကာ က ပြောသည်။
“အရင်က ကာချုပ်က အပစ်အခတ် လက်မှတ်ထိုးပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မစတင်ခင်မှာ(DDR)ကို လုပ်ချင်တယ်။ ဒါပေမယ့် ကျနော်တို့က ဒါကို မလုပ်ချင်ဘူး။ နိုင်ငံရေးဆွေးနွေးပွဲပြီးမှ လုပ်ချင်တယ်။ ဒီတော့ လုပ်တဲ့နေရာမှာလည်း ကျနော်တို့ က သေချာ ညှိနှိုင်းစေချင်တာ။ ဒီတော့ အခုကျတော့ ကာချုပ် ဘက်က နိုင်ငံရေးလမ်းပြမြေပုံ အပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာ ခံ အပြီး ကျမှ လုပ်ဖို့ သဘောတူလိုက်တယ်”ဟု ၎င်းက ပြောပြသည်။
ထို့အပြင်ယခင်က အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးအပြီး ၁ လကြာမှသာ တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ် စည်း ကမ်း (Code Of Conduct)ကို လုပ်ဆောင်ရန် အစိုးရဘက်က ကမ်းလှမ်းထားကြောင်း၊ ၎င်းအပေါ် တိုင်းရင်းသားများ ဘက်က အပစ်အခတ် ရပ်စဲ ရေး တွင်ပါ ထည့်သွင်းရန် ညှိနှိုင်းခဲ့သည့် အတွက်လည်း လက်ခံလိုက်ကြောင်း သိရသည်။
“အပစ်ရပ်ရေး လက်မှတ်ထိုးပြီး ၁ လကြာမှ စစ်သည်တော်ကျင့်ဝတ်(Code Of Conduct)ကို လုပ်မယ်လို့ ပြောထားတာ၊ အခုကျတော့ အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ရင်လည်း စစ်သည်တော်ကျင့်ဝတ်တွေ ပါမယ်၊ အဲဒါကို စာချုပ်ချုပ်ပြီးတာနဲ့ ဆက်လုပ်သွားမယ်။ လိုအပ်တာရှိတာကို ၁လ အတွင်း ထပ်ဖြည့်ပြီး နယ်မြေအလိုက် လုပ်သွားဖို့ လက်ခံထားတယ်”ဟု ခွန်ဥက္ကာက ပြောသည်။
လက်ရှိတွင် တပ်ပိုင်း ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းနှင့်ပတ်သက်၍ ရေးဆွဲနေဆဲဖြစ်ပြီး ဆက်လက်ဆွေးနွေးရန် ရှိသေးသည် ဟု လည်း ဆိုသည်။
တိုင်းရင်းသားများဘက်မှ ချမှတ်ထားသည့် လော်ခီးလာမူဖြစ်သော စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးမူကို ပြုပြင် ရေးမှ လွဲ၍ ကျန်စကားလုံး အသုံးအနှုန်းနှင့် နည်းပညာပိုင်းကို ညှိနှိုင်းလက်ခံ သွားရန် စီစဉ်ထားကြောင်း သိရသည်။
“ဒီအတိုင်းသာ ဆက်သွားနိုင်မယ်ဆိုရင်တော့ စက်တင်ဘာလအတွင်းမှာ လက်မှတ်ထိုးနိုင်မယ်လို့ ထင်ပါတယ်။ ဒါကတော့ အခု လာမယ့် သြဂုတ်လတွေ့ဆုံမှုမှာ မူတည်တယ်။ ဒီကနေ အကောင်းဆုံးရလဒ်တွေ ရမယ်ဆိုရင် စက်တင်ဘာလမှာ တနိုင်ငံလုံး လက်မှတ် ထိုးနိုင်မှာပါ”ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ပြောသည်။
ကချင်ပြည်နယ် လိုင်ဇာမြို့၌ ယခုကျင်းပခဲ့သည့် တတိယအကြိမ် တိုင်းရင်းသား ထိပ်သီးညီလာခံတွင် အစိုးရနှင့် ယခင်ဆွေးနွေးမှုများမှ ထွက်ပေါ်လာသည့် အချက်များနှင့် ပတ်သက်၍ ညှိနှိုင်း ပြင်ဆင်ချက်များကို အစိုးရဘက်သို့ ပြန်လည် တင်ပြမည်ဟုလည်း သိရသည်။
“အခြေအနေ ကောင်းမယ်ဆိုရင်တော့ စက်တင်ဘာထဲမှာ လက်မှတ်ထိုးနိုင်ဖို့ များတယ်။ လွယ်လွယ် လက်ခံမယ်လို့တော့ မထင် ဘူး။ သူတို့ဘက်ကလည်း ညှိမှာပေါ့။ ကိုယ့်ဘက်ကလည်း ပြန်တင်တာမှာ ဒါမရ ဒီလိုမျိုးနဲ့ လုပ်လို့ရတယ်ဆိုတာကို အခု အဲဒီလို စဉ်းစား ထားတယ်။ နောက် NCCT က အရင်ကထက် ပိုပြီး လုပ်ပိုင်ခွင့် ပေးထားတယ်”ဟု ခွန်ဥက္ကာ က ပြောသည်။
တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ ရေးစွဲနေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းနှင့်ပတ်သက် ၍ လမ်းညွှန်မှု အချက် ၁၀ ချက်ကို ချမှတ်ပေးခဲ့ပြီး အဆိုပါ လမ်းညွှန်ချက်များကို ယူ၍ NCCTက အစိုးရနှင့် ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။
“အခုချိန်မှာက လက်မှတ်ထိုးရမယ့် အဖွဲ့တွေနဲ့ပတ်သက်ပြီး ကျနော်တို့ညှိနှိုင်းရမှာတွေ ရှိနေတယ်။ အခုက အစိုးရဘက်က လက်ခံ ထားတာက ပြည်နယ်တိုင်းအဆင့် လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၄ ဖွဲ့နဲ့ နောက် ၂ ဖွဲ့ပေါင်း ၁၆ ဖွဲ့ကိုပဲ လက်ခံတယ်။ နောက် ၂ဖွဲ့က KIA နဲ့ TNLA ။ ဒီမှာကျတော့ ကိုးကန့်တို့ ၊ “ ဝ ” တို့ ရှိနေသေးတယ်။ ဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ညှိနေရတုန်းပဲ”ဟု ခွန် ဥက္ကာ က ပြောသည်။
NCCT နှင့် အဖွဲ့ဝင် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံပွဲကို ဇူလိုင် ၂၅၊၂၆၊ ၂၈၊ ၂၉ ရက်အထိ ၄ ရက်ကြာ ဆွေးနွေးခဲ့ကြပြီး ဇူလိုင် ၃၀ ရက်နှင့် ၃၁ ရက် ၂ ရက်ကို NCCT နှင့် အဖွဲ့ဝင်မဟုတ်သည့် တိုင်းရင်းသား အဖွဲ့များဖြစ်သော ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး(ABSDF)တို့ကို တွေ့ဆုံသည်။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ ထိပ်သီး အစည်းအဝေးမှ ရှေ့လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ချမှတ်ချက်များတွင် အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုရာတွင် အသိသက်သေအဖြစ် ပါဝင်ရမည့် နိုင်ငံတကာမှ အဖွဲ့အစည်း စာရင်းများ၊ နိုင်ငံရေးမူဘောင် ရေးဆွဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အချိုးညီ ပါဝင်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများလုပ်ဆောင် နိုင်ရန် ဦးဆောင်ကော်မတီဖွဲ့ရာတွင် အစိုးရနှင့်ပူးတွဲဖွဲ့စည်းရေး၊ ကြားကာလ အစီအစဉ်များကို တိုင်းရင်းသားများကိုယ်စား NCCT က ရေးဆွဲပေးရေး စသည့် အချက်များ ပါဝင်ကြောင်း တိုင်းရင်းသားများက ပြောဆိုသည်။
“အရင်က အစိုးရဘက်က ပြောထားတဲ့ တို့ တာဝန်အရေး ၃ ပါး ကိစ္စကတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကျမှ ဆွေးနွေးမှာပါ။ အခုတော့ ကာချုပ် ရဲ့မူ ၆ ချက်ကလည်း သူတို့ရပ်တည်မှုပါ။ ကျနော်တို့နဲ့ မဆိုင်ပါဘူး။ ဒါကိုလည်း လက်ခံဖို့ သူတို့ဘက်က မပြော တော့ဘူး”ဟု NCCT ခေါင်းဆောင် တဦး ဖြစ်သည့် နိုင်ဟံသာက ပြောသည်။
လက်ရှိတွင် အစိုးရဘက်မှ တိုင်းရင်းသားများ တောင်းဆိုထားသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့်ပတ်သက်ပြီး သမ္မတနှင့် လွှတ်တော်ဘက်မှ လက်ခံထားသော်လည်း တပ်မတော်ဘက်မှ လက်ခံမူအားနည်းနေသေးကြောင်းလည်း နိုင်ဟံသာ က ပြော ဆိုသည်။
ဇူလိုင် ၃၁ ရက်က လိုင်ဇာ၌ ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ထိပ်သီးညီလာခံ အပြီးတွင် တိုင်းရင်းသား များဘက်မှ ထုတ်ပြန်သော ထုတ်ပြန်ချက်၌ ဒီမိုကရေစီရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတို့ကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဆက်လက် လုပ်ကိုင်သွားပြီး စစ်မှန် သော ငြိမ်းချမ်းရေး ရရှိရန်ကြိုးပမ်းမည်ဟု ဖော်ပြထားသည်။
ထို NCCT နှင့် အဖွဲ့ဝင် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံပွဲ၌ အစိုးရနှင့် ဆွေးနွေးနေသည့် အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်(ဒုတိယမူကြမ်း)ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။